ဘဝကို အကောင်းဆုံး ထုဆစ်မယ်ဆိုရင်
ဘဝကို အကောင်းဆုံးထုဆစ်မယ်ဆိုရင် တချို့တွေက ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းကြသည်။ တချို့တွေကတော့ ပျော်ချင်ယောင်ဆောင် ရင်း ဖြတ်သန်းကြသည်။ တချို့တချို့တွေက ငြိုငြင်မှုအပြည့်နှင့် ဖြတ်သန်းနေကြရသူများ ဖြစ်သည်။ မည်သူ့တွင်မျှ ဘဝအပို ပါမလာခဲ့ကြချေ။ လုပ်ငန်းအမျိုးမျိုး၊ အသိုင်းအဝိုင်းအမျိုးမျိုးနှင့် ပတ်သက် ဆောင်ရွက်နေကြရသည်ပင် ဘဝအမျိုးမျိုးပိုင်သည်ဟု ထင်နေကြသူတွေ များသည်။ တကယ်တော့ ကိုယ့်ရဲ့ပြုမူ ဆောင်ရွက်မှုအားလုံးသည် ကိုယ့်ဘဝပဲဖြစ်သည်။ ကျွန်တော် ဆိုချင်သည်က လူတစ်ယောက် ဘုရားသွား ဘုရားရှိခိုးသည်။ အပြန်တွင် ဖိနပ်ခိုးပြီးပြန်လာသည်။ တချို့က ဒါကို သူတော်ကောင်းဘဝ၊ သူခိုးဘဝ စသဖြင့် မှတ်ယူတတ်ကြသည်။ တကယ်တော့ လူတစ်ယောက်ထဲက လုပ်နေတာဖြစ်သည်။ ဘုရားရှိခိုးပြီး ဖိနပ်ခိုးတာ သူ့ဘဝပဲဖြစ်သည်။ သူတော်ကောင်းလည်း မဟုတ်သလို၊ သူခိုးလည်း မဟုတ် ချေ။ လူတွေက တံဆိပ်အမျိုးမျိုး ကပ်နေခြင်းသာဖြစ်သည်။ ချဉ်သည့်အပိုင်းရှိမည်၊ ချိုသည့်အပိုင်းရှိမည်။ နောက်ဆုံး ခါးသည့်အပိုင်းလည်း ရှိနေနိုင်သည် မဟုတ်လား။ သလဲသီးထဲတွင် အကန့်အမျိုးမျိုး ရှိနေသော်လည်း ခေါ်သည့်အချိန်တွင်တော့ သလဲသီးဟု ခေါ်မှ မှန်မည်ဖြစ်သည်။