ဘက်လိုက်ခြင်း အနုပညာ

ဘက်လိုက်ခြင်း အနုပညာ

          ဘက်လိုက်ခြင်းနှင့် ပတ်သက်လျှင် ကျွန်တော်တို့အားလုံး သိမြင်ထားကြသည်က မကောင်းဘူး ဆိုသော အသိဖြစ်သည်။ ဘက်လိုက်ခြင်းသည် ရှက်ဖွယ်ကောင်းသော အပြုအမူ၊ မကောင်းမှုဟု ယူဆထားကြသူများ ဖြစ်သည်။
          ဘောလုံးပွဲတစ်ပွဲတွင် သည်ဒိုင်တော့ ပင်းနေပြီ၊ ဘက်လိုက်နေပြီဟု ဆိုလိုက်သည်နှင့် တပြိုင်နက် နားလည်လိုက်ကြသည်မှာ ဒိုင်ညစ်နေပြီ၊ ဒိုင်မကောင်းတော့ဘူးဟူ၍ ဖြစ်သည်။ မနှစ်မြို့သည့် ခံစားချက်က နှလုံးအိမ်ထက်မှာ သီးပွင့်သည်။ ကိုယ်အားပေးသည့်အသင်းဘက်ကို ဘက်လိုက်ပေးနေသည် ဆိုစေကာမူ ထိုဒိုင်အပေါ်တွင် လေးစားမှုတို့ မဖြစ်ထွန်းနိုင်တော့သည်မှာ သေချာသည်။
          အထက်လူကြီး သို့မဟုတ် ဆရာဆိုသည်က နာယကဂုဏ်(၆)ပါးနှင့် ပြည့်စုံသူဖြစ်မည်ဆိုလျှင် ထိုသူသည် အမှန်တရား၏ သင်္ကေတဖြစ်သည်။ ဆရာငြိုငြင်မှာစိုးစိတ်ဖြင့် အောက်လက်ငယ်သား တပည့်တပန်းတို့ မဟုတ်တာလုပ်ရမည်ကို၊ အမှားကျူးလွန်ရမည်ကို ကြောက်ရွံ့တတ်ကြသည်။ ဆင်ခြင်တတ်ကြသည်။ ချစ်ကြောက်ရိုသေဟူသောစကားသည် အမှန်တရား၏ သင်္ကေတဖြစ်သည့် ထိုပုဂ္ဂိုလ်မျိုးအတွက်ဖြစ်သည်။
          “ သူ့တော့ သွားမထိနဲ့၊ သူ့နောက်မှာက …”
          ထိုသို့သော စကားလုံးများ၊ ထိုသို့သော ပုဂ္ဂိုလ်များကို ကြားဖူး၊ ကြုံဖူးကြမည် ထင်သည်။ ကျွန်တော် ကတော့ ပုဂ္ဂလိကလုပ်ငန်းစုကြီးတစ်ခုတွင် ကြုံခဲ့ဖူးပြီး ဖြစ်သည်။
          တစ်ခါသော် မီးပျက်သွားသည်မှာ ကြာပြီဖြစ်၍ ကွန်ပျူတာများမှ အလန်း(alarms) များ မြည်လာကြသည်။ ကျွန်တော်က (Shut Down) မချဘဲ ခလုတ်ကို တိုက်ရိုက်ပိတ်လိုက်မိသည်။ ထိုအခါ ပျက်သွားလျှင် လျော်နိုင်လား၊ လျော်မှာလား စသော မေးခွန်းများကို တရစပ်မေးကာ အချိန်အတန်ကြာ သည်အထိ ဆရာသမား၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသည်။
          နောက်နှစ်ရက်၊ သုံးရက်အကြာတွင် ထိုဆရာ မျက်နှာသာပေးထားသည့် ဝန်ထမ်းမှ မည်သို့ပြုလိုက် သည်မသိ ထိုကွန်ပျူတာ၏ (Mother Board) မှ ဖောက်ခနဲ မြည်သံနှင့်အတူ ညှော်နံ့များ ထွက်လာသည်။ ထိုအကြောင်းကို ဝန်ထမ်းက သူ့ဆရာအား အစီရင်ခံလိုက်သည့်အခါတွင် …
          “ တော်သေးတာပေါ့၊ မင်းဘာမှ မဖြစ်လို့ …”
          အထက်ပါစကားကို နားနှင့်ဆတ်ဆတ် ကြားမိလိုက်သည့်နောက်မှာတော့ အထက်လူကြီးဟူသည့် အသိနှင့် ဆရာသမားအပေါ်ထားသော လေးစားမှုအသီးအပွင့်တို့ ကျွန်တော့်ထံမှ တဖြုတ်ဖြုတ်ကြွေသည်။ ထိုဆရာသည် ပညာရပ်ပိုင်းဆိုင်ရာနယ်ပယ်တွင် အချင်းချင်းကပင် အလွန်တော်သည်ဟု ဂုဏ်ပြုချီးကျူး ခံရသူဖြစ်သည်။ လုပ်ငန်းဆိုင်ရာအတတ်ပညာများ မိုးထိအောင် တော်နေသည်ဖြစ်စေ၊ ရထားသည့် ဘွဲ့လက်မှတ်များ စီထပ်၍ မိုးထိနေသည်ဖြစ်စေ အတွင်းသိ၊ အစင်းသိသူများထံမှ လေးစားကြည်ညိုမှုတို့
ထိုဆရာထံမှာ ရှာမတွေ့နိုင်တော့။ ဝေလည်းမွှေး၊ ကြွေလည်းမွှေးသည်မှာ ခရေဖြစ်သည်။ လေးစားမှုတို့ လွင့်ကြွေသွားသည်နှင့် ရှိခဲ့ဖူးသည့် မကောင်းသတင်းနှင့်အတူ ပုပ်ဟောင်သည့် အနံ့အသက်တို့ လျင်မြန်စွာ ပျံ့နှံ့လာတတ်သည်ကို ထိုဆရာမသိခဲ့ခြင်းက ဝမ်းနည်းစရာဖြစ်သည်။
          အဖြစ်အပျက်တစ်ခုကို ကြားဖူးကြမည် ထင်ပါသည်။ ဆရာတော်တစ်ပါး၏ ကျောင်းသားလေးနှင့် အရပ်ထဲမှ ကလေးတစ်ဦးတို့ ငါးပါးသီလနှင့် ပတ်သက်ပြီး အငြင်းအခုန်ဖြစ်သည်။ ဆရာတော်၏ ကျောင်းသားလေးမှ မှန်သော်လည်း ရိုက်နှက်ဆုံးမခံရသူမှာ ထိုကျောင်းသားလေးပင်ဖြစ်သည်။ ဆရာတော်၏ စေတနာရည်ရွယ်ချက်မှာ ငါးပါးသီလပင် မသိသူတစ်ဦးနှင့် ငြင်းခုန်ရခြင်း၏ အချည်းအနှီးမဲ့ သော အဖြစ်ကို သိစေလို၍ ဖြစ်သည်။
          သို့သော် အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် အမှန်ကို မသိသေးသည့် ကလေးငယ်က ၎င်း၏ ထင်မြင်ချက်ကို အမှန်ဟု မှတ်ယူသွားနိုင်သည်။ သို့မဟုတ် ဆရာတော်၏ အကြောင်းကိုသိ၍ သူငယ်ချင်း အချင်းချင်း ချောက်ချလို၍ ဆိုလျှင် နောင်တစ်ချိန် အခွင့်အခါသင့်သည့်အခါ အလားတူပြစ်မှုမျိုး ကျူးလွန် နိုင်ရန် အားပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။
          အမှန်ကို သိထားသည့် ကျောင်းသားငယ်လေးတွင်လည်း နောင်အမှန်ကို သိသည့်တိုင်အောင် မပြောဝံ့၊ မဆိုဝံ့နှင့် မပြောချင်အောင် ဖြစ်သွားနိုင်သည်။ ဆိုရေးရှိက ဆိုအပ်လှ၏ ဆိုသော စကားလုံးတို့ တိမ်ကောသွားနိုင်သည်။ အကြောင်းတစ်စုံတစ်ရာရှိသည်နှင့် မိမိဘက်ကိုသာ ဆုံးမကွပ်ညှပ်တတ်သည့် ရှေးဓလေ့ထုံးတမ်းစဉ်လာများမှ ဓလေ့ဟောင်းတစ်ခုဖြစ်သည်။ ယနေ့ခေတ်အခြေအနေနှင့် အံမဝင်တော့ သည့် ထုံးစံတစ်ခုဖြစ်ကြောင်း စဉ်းစားကြည့်မည်ဆိုလျှင် သိနိုင်လောက်သည်။
          “ တို့ကတော့ ဘယ်ဘက်မှ မလိုက်ဘူး၊ အတရားပဲဟေ့ …”
          ထိုသို့သော စကားမျိုးကို ကြားဖူးကြမည် ထင်သည်။ ထိုစကားသည် အမုန်းမခံလို၍ ကြားနေသမား ဟန်ဆောင်ကာ မှန်ကန်သယောင် ပြောဆိုခြင်းဖြစ်သည်။ တွေးကြည့်မည်ဆိုလျှင် အမှန်တရားဘက်သို့ မလိုက်လိုခြင်း၊ မလိုက်ဝံ့ခြင်းဖြစ်သည်။ တနည်းအားဖြင့် မတရားမှုကို သွယ်ဝိုက်၍ အားပေးအားမြှောက် ပြုခြင်းဖြစ်သည်။ မလုပ်သင့်သည်ကိုလုပ်လျှင် လူယုတ်မာဖြစ်သည်။ ထို့အတူလုပ်သင့်သည့်အလုပ်ကို မလုပ်လျှင်လည်း လူယုတ်မာဖြစ်ကြောင်း မသိသေးသောကြောင့်သာ ထိုစကားမျိုး ဆိုဝံ့ကြခြင်းဖြစ်သည်။
          ယခုအချိန်တွင် လူသုံးများသော စကားတစ်ခွန်းရှိသည်။ (Mind Set) တွေကို ချိန်းသင့်ပြီဆိုသော စကားဖြစ်သည်။ အမှန်ပင်ဖြစ်သည်။ ကျွန်တော်တို့အားလုံး (Mind Set) တွေကို ပြောင်လဲသင့်ပြီဖြစ်သည်။ ယခင်က ရှိခဲ့ဖူးသည့် လုပ်ထုံးလုပ်နည်းအဟောင်း၊ အတွေးအခေါ်အဟောင်း၊ အယူုအဆဟောင်းများကို ပြောင်းလဲသင့်နေပြီဖြစ်သည်။ ဘက်လိုက်ခြင်းသည် မကောင်းဆိုသော အယူအစွဲကို စွန့်ပစ်သင့်သည်။
          ရသစာပေတွင် ဘက်လိုက်မှုပြတ်သားလျှင် ပြတ်သားသလောက် ဝတ္ထုတို၏ အရည်အသွေး တောက်ပြောင်လာသည်ဆိုသော စာသားကို ဖတ်မှတ်ခဲ့ရဖူးသည်။ ကျွန်တော်တို့အားလုံး ဘက်လိုက် သင့်သည်။ အမှန်တရားဘက်မှ ဖြစ်သည်။ အားလုံး၏ ဘဝတွေ တိုးတက်ကောင်းမွန်လာစေရေးအတွက် အမှန်တရားဘက်မှ ရပ်တည်သင့်သော အချိန်ဖြစ်သည်။
          အမှန်တရားတွင် တစ်ခုထက်ပိုသော မျက်နှာများ ရှိနေခဲ့မည်ဆိုလျှင် ထိုအမှန်တရားသည် သစ္စာထိုက်သည့် အမှန်တရားမဟုတ်တော့သည့်မှာ သေချာသည်။ သစ္စာထိုက်သည့် အမှန်တရားကို သိရှိနိုင်ရန်အတွက် ပညာလိုသည်။ သိရှိခဲ့လျှင် ထိုအမှန်တရားကို ဖော်ထုတ်ရန်အတွက်၊ ထိုအမှန်တရား ဘက်မှ  ရပ်တည်ရန်အတွက် သတ္တိလိုသည်။
          အနုပညာသည် သိမ်မွေ့သည်။ ညင်သာသည်။ ရဲရင့်သည်။ အလှတရားဖြစ်သည်။ သတ္တိဖြစ်သည်။ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက်တွင် အမှန်တရားဘက်မှ ဘက်လိုက်တတ်ဖို့လိုသည်။
          ဘက်လိုက်ခြင်း အနုပညာသည် ကျွန်တော်တို့အားလုံးတတ်သိထားသင့်သည့် အနုပညာတစ်ရပ် လည်း ဖြစ်သည်။ 
 
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint 
*****                                        *****                                        *****
(၁၈.၆.၂၀၁၆ ညနေ ၅း၂၇မိနစ်ပြီး)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်