အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ



အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများျမန္မာနာမည္မွာ မျိုးရိုးနာမည်၊ မိဘနာမည် စသည်ဖြင့် အချို့နာမည်များမှာ ထည့်လေ့ရှိသော်လည်းဘဲ First name တို့Last name တို့စသည့် သဘောမျိုးတော့ မှည့်လေ့ မရှိကြပါဘူး။ များသောအားဖြင့် နာမည်တစ်လုံးသာ ဖြစ်ပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာ form တွေဖြည့်တဲ့အခါ First name၊ Last name တွေနေရာမှာ ဖြည့်စွက်ရတဲ့အခါ ဘယ်လိုဖြည့်ရမယ်ဆိုတာ ဇဝေဇဝါ ဖြစ်တတ်ပါတယ်။
  • မိမိနာမည်တစ်လုံးတည်း (စာလုံးပေါင်း ခွဲပေါင်းတယ် ဆိုပေမဲ့) ဖြစ်တာကြောင့် First name သို့မဟုတ် Last name မှာ ဖြည့်လိုက်ရင် အလုပ် ဖြစ်ပါတယ်။ တစ်ချို့သော online form များဖြည့်ရင်တော့ First name ရော Last name ပါ compulsory လုပ်ထားတော့ မိမိနာမည်ကို (တစ်လုံးတည်း ဖြစ်ပါလျှက်နဲ့) ခွဲပြီး ဖြည့်လိုက်ရတာမျိုး ရှိပါတယ်။ အဲ့ဒီအခါမျိုးမှာတော့ system က Last name တွေနဲ့ နာမည်တွေကို အက္ခရာ အစဉ်လိုက် စီလိုက်တဲ့အခါ ကိုယ့်နာမည်က ခေါက်ချိုးကြီး ဖြစ်သွားတတ်ပါတယ်။ ဥပမာ အောင်ဇော် ဆိုတဲ့နာမည်ကို First name မှာ Aung, Last name မှာ Zaw လို့ဖြည့်လိုက်ပါက system က zaw ကို Last name အနေနဲ့ သတ်မှတ်ပြီး နာမည်စာရင်း ထွက်လာရင် Zaw Aung ဆိုပြီး ထွက်လာပါတယ်။ ဒါကတော့ နာမည်နဲ့ ပတ်သက်တဲ့ နိဒါန်းဥပမာတစ်ခုပါ။ ဒီဆောင်းပါးရဲ့ ရည်ရွယ်ချက်က အင်္ဂလိပ် နာမည်နဲ့ ပတ်သက်တဲ့ သိမှတ်ဖွယ်ရာများကို လေ့လာသူများအတွက် ဗဟုသုတရစေဖို့ ဖြစ်ပါတယ်။

    အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံက လူတွေရဲ့ နာမည်မှာ First name, Middle name, Surname ဆိုပြီး ရှိကြပါတယ်။ First name ဆိုတာက မိဘက မှည့်ပေးတဲ့ ကိုယ်ပိုင်အမည်ဖြစ်ပြီး Surname ကတော့ မိဘတစ်ဦးဦး သို့မဟုတ် မျိုးရိုးအမည် ဖြစ်ပါတယ်။ Middle name ကလည်း ကိုယ်ပိုင်အမည် ဖြစ်လေ့ရှိပြီး သုံးနှုန်းတဲ့အခါမှာတော့ အပြည့်မဟုတ်ဘဲ အတိုကောက် (initial) ကိုပဲ သုံးပါတယ်။

    ဥပမာ - John F. Kennedy

    ခရစ်ယာန်တွေကတော့ ကိုယ်ပိုင်အမည်ကို Christian name လို့ခေါ်ကြပါတယ်။ တစ်နည်းအားဖြင့် First name တို့ Fore name နဲ့ အတူတူဘဲ ဖြစ်ပါတယ်။ အရင်တုန်းက အမျိုးသမီးတွေက အိမ်ထောင်ကျတဲ့အခါ မိမိအမျိုးသားရဲ့ Surname ခေါ် မျိုးရိုးနာမည်ကို မိမိရဲ့ နာမည်နောက်မှာ တွဲပြီး သုံးကြပါတယ်။ ဒါပေမဲ့ အခုခေတ်မှာ တစ်ချို့ အမျိုးသမီးတွေဟာ အိမ်ထောင်ကျပြီးသော်လည်း မိမိနာမည်ကိုဘဲ ဆက်သုံးတာ တွေ့ရှိရပါတယ်။

အတိုကောက် (short forms)

အချို့တွေကတော့ သူတို့ရဲ့ first name ကို အတိုကောက်ခေါ်လေ့ ရှိပါတယ်။ အထူးသဖြင့် စကားပြောတဲ့အခါ သုံးကြပါတယ်။ နာမည် တော်တော်များများမှာလည်း အတိုကောက်တွေ ရှိပါတယ်။

ဥပမာ - James ဆိုတဲ့ နာမည်ကို ‘Jim’

Jonathan ဆိုရင် ‘John’ သို့မဟုတ် ‘Johnny’ စသည်ဖြင့်ပေါ့။

နာမည်ပြောင် (nick name)

အချို့လည်း နာမည်ပိုင်ရှင်ရဲ့ ရုပ်ရည်၊ ပုံပန်းသဏ္ဍန်ကို လိုက်ပြီး ရင်းနှီးသူ၊ သူငယ်ချင်း အပေါင်းအသင်းတွေက နာမည်ပြောင်တွေ ပေးတတ်ပါတယ်။ မြန်မာ နာမည်တွေမှာလည်း နာမည်ပြောင်တွေ အများကြီး ရှိပါတယ်။ ဥပမာ - အရပ်ရှည်သူကို ‘အရှည်ကြီး’ လို့ အမည် ပေးသလိုမျိုးပေါ့။ အင်္ဂလိပ်မှာ အရပ်ရှည်သူကို Lofty (အရှည်ကြီး) လို့ ခေါ်ပါတယ်။ နာမည်ပြောင်ကို များသောအားဖြင့် ချစ်စနိုး မှည့်ခေါ်ကြပါတယ်။ ဒါပေမဲ့ အချို့သော နာမည်ပြောင်တွေက လှောင်ပြောင်တဲ့ သဘောနဲ့ ခေါ်တာမို့လို့ တစ်ပါးသူကို နှိမ့်ချလှောင်ပြောင်ရာ ရောက်ရင် မသုံးသင့်ပါဘူး။ ဥပမာ - Fatso (ဖက်တီး / ဝက်ကြီး) ပြီးတော့ ပေါက်ခေါ တို့ ပြောင်ကြီး စသည်တို့ပေါ့နော်။

စာလုံးပေါင်း (spelling)

နာမည်စာလုံးပေါင်းရင် ပထမစာလုံး (letter) ကို capital letter နဲ့ ရေးရတယ်။ ဥပမာ - John Bacon , Jenny , Smith စသည်ဖြင့်ပေါ့။ တစ်ချို့သော အင်္ဂလိပ်နာမည်တွေမှာ Mac, Mc တို့ O’ တို့နဲ့ စတဲ့ နာမည်တွေရှိတဲ့အခါ အဲ့ဒါတွေနဲ့ ကပ်လျှက် နာမည်စကားလုံးကလည်း capital letter နဲ့ ဖြစ်ရမည်။

ဥပမာ- Mac Donald , O’Brian စသည်ဖြင့်ပေါ့။

ဗြိတိနိုင်ငံမှာ တစ်ချို့သော သူတွေရဲ့ Surname တွေက နာမည် ၂ လုံးကို hyphen (-) နဲ့ ပေါင်းပြီး သို့မဟုတ် ခွဲခြားပြီး စာလုံးပေါင်း ရေးလေ့ရှိပါတယ်။ ဥပမာ -

John Heath-Stubbs,
Sir Patrick McNair-Wilson,
Ralph Vaughan Williams

အတိုကောက် (initials)

အချို့ကတော့ သူတို့ရဲ့ (First name , Middle name နဲ့ Surname တို့က ရှေ့ဆုံး စာလုံး တစ်လုံးစီကို initial နဲ့ ရေးတတ်ပါတယ်။ တစ်ခါတစ်လေ Surname ကို အပြည့်ပေါင်းပြီး ရှေ့က နာမည်တွေကိုတော့ initial နဲ့ ရေးတတ်ပါတယ်။ initial တွေကို ဒီအတိုင်း အစဉ်လိုက် ရေးသလို တစ်ခုစီရဲ့ ကြားထဲမှာ dot အစက်လေးတွေ ထည့်ပြီးလည်း ရေးနိုင်ပါတယ်။ ဥပမာ - Elizabeth Margaret White ကို EMW သို့မဟုတ် E M White သို့မဟုတ် E.M.W သို့မဟုတ် E.M.White လို့ ရေးနိုင်ပါတယ်နော်။

တစ်ယောက်ယောက်ကို နာမည်ဘယ်လို တတ်ခေါ်ရမလဲ?

တစ်စုံတစ်ယောက်ကို ခေါ်တဲ့အခါ First name နဲ့ ခေါ်ရမှာလား၊ Surname နဲ့ ခေါ်ရမှာလား ဇဝေဇဝါ ဖြစ်တတ်ပါတယ်။ အကယ်လို့ တစ်စုံတစ်ယောက်က သင်နဲ့ သိသူ ဖြစ်ပါက First name နဲ့ ခေါ်ပါ။

ဥပမာ - John and I have discussed the situation.
Have you seen Sarah?

ကိုယ်နဲ့ သိတော့သိတယ် ဒါပေမဲ့ မရင်းနှီးဘူးဆိုရင် First name ရော Surname ပါသုံးတာ သင့်တော်ပါတယ်။

ဥပမာ - If Matthew Davies is not satisfactory, I shall try Sam Billings.

မိမိနဲ့ တစ်ခါမှ မသိဘူးသူကို ခေါ်တဲ့အခါ ယဉ်ကျေးတဲ့အနေနဲ့ title (Mr, Ms,Mrs.) ကို ထည့်ပြောပါ။ မိမိထက် အသက်ကြီးသူကို ခေါ်တဲ့အခါလည်း လေးစားတဲ့အနေနဲ့ title ထည့်ခေါ်ရပါတယ်။

ဥပမာ - Mr Nicholas can see you now.
We’d better not let Mrs Townsend know.

ဒါပေမဲ့ သတိပြုရမှာကတော့ စကားပြောတဲ့အခါ title နဲ့ Full name ကို ထည့်ပြောလေ့ မရှိပါဘူး။ အဲ့ဒါမျိုးတွေက ရေဒီယို အသံလွှင့်ရာမှာ နှင့် formal writing တွေမှာသာ တစ်ခါတစ်ရံ သုံးကြတာ ဖြစ်ပါတယ်။
နောက်တစ်ခု မှတ်ထားရမှာက တစ်ယောက်ယောက်ရဲ့ နာမည် initial နဲ့ surname ကို အရေးအသားမှာဘဲ သုံးရမှာ ဖြစ်ပြီး စကားပြော conversation မှာ မသုံးရဘူးနော်။ ဒါပေမဲ့ တစ်ချို့သော နာမည်ကျော် ပုဂိုလ်တွေကို သူတို့ရဲ့ First name ထက် သူတို့ရဲ့ initials တွေနဲ့ လူသိ ပိုများကြပါတယ်။

ဥပမာ- T.S Elliot တို့ J.G Ballard တို့ လိုမျိုးပေါ့။

တစ်ချို့သော နာမည်ကျော် စာရေးဆရာများ၊ သီချင်းရေးဆရာများ ၊ အနုပညာရှင်များကို သူတို့ရဲ့ Surname နဲ့ လူသိများ ကြပါတယ်။

ဥပမာ - Shakespeare, Beethoven

Britain မှာတော့ အမျိုးသမီးများထက် အမျိုးသားများကို Surname နဲ့ ခေါ်တာ ပိုများပါတယ်။


မိသားစုဝင်များ

လင်မယား (သို့မဟုတ်) မိသားစုဝင်များအားလုံးကို ခြုံပြီး ခေါ်ဆိုတဲ့အခါ မျိုးရိုးနာမည် အရှေ့မှာ ‘the’ ထည့်ပြီး plural form နဲ့ ခေါ်လေ့ရှိပါတယ်။

ဥပမာ - Mr and Mrs Smith ကို the Smiths လို့ ခေါ်နိုင်သလို Mr Hutchinson ရဲ့ မိသားစုဝင်တွေကိုလည်း the Hutchinsons လို့ ခေါ်နိုင်ပါတယ်။


နာမည်အရှေ့မှာ determiners တွေ ထည့်သုံးခြင်း

အချို့သော အခြေအနေတွေမှာ လူနာမည်အရှေ့မှာ determiners (a, the, another) တွေထည့်ပြီး သုံးကြပါတယ်။ ဘယ်လို အခြေအနေမျိုးမှာ အဲ့ဒီလို သုံးရသလဲဆိုရင်..

Business situation မှာသင်နဲ့ (တစ်ခါမှ) လုံးဝ မသိဘူးသူ တစ်ယောက်ကို ညွန်းမယ်ဆိုရင် သူ့နာမည်အရှေ့မှာ ‘a’ ထည့်ပြီး ပြောရတယ်။

ဥပမာ - You don’t know a Mr. Bronson. Do you?
Just over two years ago, a Mr Peter Walker agreed to buy a house from a Mrs. Dorothy Boyle.

တစ်စုံတစ်ယောက်လိုမျိုး ဖြစ်ချင်တာကို ပြောချင်ရင် ‘another’ ကို နာမည်ရှေ့မှာ ထည့်ပြောတယ်။

ဥပမာ - He dreamed of becoming another Kyaw Hein.
What we need is another Aung San Suu Kyi.

နာမည်ကျော် ပုဂ္ဂိုလ် တစ်ယောက်ယောက် အကြောင်းကို ပြောနေကြောင်း check လုပ်တာတို့၊ အံ့သြကြောင်း ပြောပြတာတို့ express လုပ်ရင် နာမည်အရှေ့မှာ ‘the’ ထည့်ပြောတယ်။ (သီ ဟု အသံထွက်ရန်)

ဥပမာ - You actually shook hands with the Aung San Suu Kyi? (showing surprise)
Titles (Mr,Ms,Miss,Mrs)

တစ်စုံတစ်ယောက်ရဲ့ Surname ရှေ့မှာ သို့မဟုတ် သူ့ရဲ့ First name နဲ့ Surname တွဲရက်ရှေ့မှာ title ကို ထည့်ခေါ်လို့ ရပါတယ်။ ဥပမာ- Mr Smith သို့မဟုတ် Mr John Smith
Common အဖြစ်ဆုံး title တွေကတော့ အမျိုးသားများအတွက် Mr ဖြစ်ပြီး အမျိုးသမီးများအတွက်မူ အိမ်ထောင်ရှင်မဆိုရင် Mrs ဖြစ်ပြီး အိမ်ထောင်မရှိသူအတွက် Ms ဖြစ်ပါတယ်။ အိမ်ထောင်ရှိသော်လည်း မိမိရဲ့ ယောင်္ကျားနာမည်ကို မိမိနာမည်မှာ ထည့်မသုံးထားသော အမျိုးသမီးများ တစ်ခါတစ်ရံ Miss ကို သုံးကြပါတယ်။ အချို့ ငယ်ရွယ်သော အိမ်ထောင်ရှင် အမျိုးသမီးများကတော့ Mrs အစား Ms သို့မဟုတ် Miss ကို ပိုသဘောကျတတ်ပါတယ် ။


ဆွေမျိုးသားချင်းများရဲ့ Title များ

Modern English မှာ ဆွေမျိုးသားချင်းများအတွက် နာမည်အရှေ့မှာ ထည့်သုံးတဲ့ Title တွေကတော့ Uncle, Aunt, Great Uncle နဲ့ Great Aunt တို့ဘဲ ဖြစ်ပါတယ်။ ကျန်တာတွေကိုတော့ လုံးဝ မသုံးရဘူးနော်။
ဥပမာ - Uncle John, Aunt Clera စသည် ဖြင့် ဖြစ်ပါတယ်။

ပြီးတော့လည်း သူတို့ရဲ့ First name အရှေ့မှာဘဲ ထည့်သုံးရတယ်။ Last name အရှေ့မှာ မဟုတ်ဘူးနော်။ ပြီးတော့ နာမည်အရှေ့မှာ Father, Brother, Mother, Sister တွေကို ခရစ်ယာန်ဘုန်းကြီးနဲ့ သီလရင်တွေကို ခေါ်ရာမှာဘဲ သုံးရပြီး မိမိရဲ့ မိသားစုဝင် နာမည်တွေမှာ ထည့်မခေါ်ရဘူးနော်။


Collins COBUILD English Usage မှ မှီငြမ်းရေးသားထားပါသည်။
Posted by Soe Soe Win on January 13, 2015 at 12:13


Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်