ပညာနဲ့ သညာ

ပညာနဲ့ သညာ
 
     အဆိုးအကောင်း အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင်သည့်အရာကို ပညာဟု ခေါ်သည်။ သညာဆိုသည်က ဆရာသင်ကြားပြသပေးသည့် သင်ခန်းစာများ၊ လေ့လာဖတ်ရှုမှတ်သားမိသည့် ဗဟုသုတများကို ခေါ်ဆိုခြင်းဖြစ်သည်။
          ပညာဆိုသည်က ရော့အင့်ဆိုကာ ပေး၍၊ ယူ၍ရသောအရာ မဟုတ်ချေ။ ပေး၍၊ ယူ၍ရသော ပညာဆိုလျှင်လည်း ပညာမဟုတ်သည့် တစ်စုံတစ်ရာသာ ဖြစ်လိမ့်မည်။ ပညာသည် မိမိ၏ ကိုယ်တွင်း နှလုံးသားတစ်နေရာမှာ ခိုအောင်းနေသော အရာဖြစ်သည်။ ထိုအရာလေး နိုးထလာစေရေးအတွက် အသိ ပညာ၊ ဗဟုသုတရစေသည့် စာအုပ်၊ စာပေများကို လေ့လာဖတ်ရှုခြင်း၊ ဆရာသင်ကြားလေ့ကျင့်ပေးသည့် သင်ခန်းစာများကို ကြေညက်စေခြင်း စသောနည်းများနှင့် နှိုးဆွရသည်။ ပညာဓိကဘုရားဖြစ်သည့် ကျွန်တော်တို့၏ ဂေါတမဘုရားရှင်သည် သဗ္ဗေညုတ ရွှေဥာဏ်တော်ပညာ နိုးထလာစေရန်အတွက် လေးအသင်္ချေနှင့်
ကမ္ဘာတစ်သိန်း ဖြည့်ကျင့်ခဲ့ရသည်။ ပါရမီရှင်များမှလွဲ၍ သာမန်လူသားများအတွက်မူ ပညာသည် သင်ညာခေါ် သညာပေါ်တွင် ရာခိုင်နှုန်းအတော်များများ အခြေခံသည်။
          ကျွန်တော်တို့တတွေက ဆယ့်လေးငါးနှစ်မျှ ဆရာသင်ကြားပေးသည့် သင်ညာများကို ဆည်းပူးပြီး နောက် အတန်းကုန်သည်နှင့် ပညာတတ်ပြီးဟု ယူဆထားတတ်ကြသူများဖြစ်သည်။ အများစုက တက္ကသိုလ်ကျောင်းပြီးသည်နှင့် လေ့လာသင်ယူမှုများအားလုံးကို ရပ်တန့်လိုက်ကြသည်။ လုပ်ငန်းခွင် ဝင်ရင်း လုပ်ငန်းခွင်အတွက်လိုအပ်သည့်  သင်တန်းလေးများကို ရွေးချယ်တက်ဖြစ်ကြသည်။  ထို့နောက် အလုပ်သွား၊ အလုပ်လုပ်၊ လစာထုတ် စက်ဝိုင်းထဲတွင် လည်ပတ်ရင်း ဘဝနေဝင်သွားကြသည်က များသည်။
          တိုင်းပြည်တိုးတက်ဖို့ထက် မိမိဘဝ၊ မိမိမိသားစု၊ မိမိ ပတ်ဝန်းကျင်ကိုပင် တိုးတက်အောင် ဆောင်ရွက်မသွားနိုင်ကြသူများဖြစ်သည်။ ရောင့်ရဲခြင်းသည် မင်္ဂလာမည်၏ ဆိုကာ ရသည့်လစာလေး များနှင့် ကျေနပ်နေကြသူများ၊ ခြိုးခြံခြင်းသည် မင်္ဂလာမည်၏ဆိုကာ မလောက်မင သုံးစွဲနေရရသည့် ဘဝတွင် ပျော်မွေ့နေကြသူများ နေထိုင်သည့်နိုင်ငံသည် ကမ္ဘာအလည်တွင် ခေါင်းထောင်ဝင့်ကြွားနိုင်သည့် နိုင်ငံမဟုတ်သည်မှာ သေချာသည်။
          ယခုလောလောဆယ်တွင် ကျယ်ကျယ်လောင်လောင်နှင့် တစ်မျိုးတည်းသော အသံကို ကြားနေ ရသည်။ မြန်မာနိုင်ငံ၏ပညာရေးသည် လွန်စွာနိမ့်ကျနေပြီး ကမ္ဘာ့အလယ်တွင် တန်းမဝင်သည်မှာ ဆယ်စုနှစ် နှစ်စုကျော်ပြီဆိုသော အသံများဖြစ်သည်။ ထိုသို့ဆိုလျှင် လက်ရှိပညာရေးကို ကျောခိုင်းကာ ကမ္ဘာ့အဆင့်မီပညာများသင်ကြားရန် နိုင်ငံခြားတိုင်းပြည်များသို့ ပညာသင်သွားမည်ဆိုပါစို့။ မြန်မာနိုင်ငံ၏ (၅၇)သန်းကျော်ရှိသည့် လူဦးရေထဲမှ ဘယ်နှစ်ယောက်၊ ဘယ်နှစ်ရာခိုင်နှုန်းသွားနိုင်မည်နည်း။ သွားနိုင် သည်ဆိုပါလျှင် အလွန်နည်းပါးသည့် အရေအတွက်သာ ဖြစ်ပါလိမ့်မည်။ ခင်ဗျားနှင့်ကျွန်တော်သည် သွားနိုင်သည့် အုပ်စုထဲမှ မဟုတ်သည်ကတော့ သေချာသည်။
          ထိုသို့ မဟုတ်ဘဲ နိုင်ငံခြားတိုင်းပြည်များမှ ဆရာများကို  မြန်မာနိုင်ငံသို့ခေါ်ကာ ပညာသင်ပေးခိုင်း မည်ဆိုပါစို့။ ထိုဆရာများက သူတို့နိုင်ငံ၏ ပညာအဆင့်အတန်း(ပညာရေးစနစ်)နှင့် တန်းတူညီမျှသည့် ပညာရပ်များ သင်ကြားပြသပေးမည်ဟု ယုံကြည်ပါသလား။ ယုံကြည်ပါသည်ဆိုလျှင် သင်သည် ပုံပြင်ကြိုက်သူတစ်ယောက်ဟုသာ မှတ်ချက်ပြုရမည်ဖြစ်သည်။
          ပုရစ်များ၊ ဖားများ မျက်လုံးပြူး၊ မျက်ဆန်ပြူး အော်နေကြသောကြောင့် မိုးရွာသည် မဟုတ်ပါ။ မိုးရွာမည့် အကြောင်းတရားတွေများကြောင့် မိုးရွာခြင်းဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံ၏ ပညာရေး အဆင့်အတန်း နိမ့်ကျနေပြီဟု သံကုန်ဟစ်နေရုံဖြင့် ပညာရေးအဆင့်အတန်း တိုးတက်ခေတ်မှီလာမည် မဟုတ်သည်မှာ သေချာပါသည်။ ဆင်းရဲသည်ဟု ဝန်ခံရခြင်းသည် ရှက်စရာ မဟုတ်ပါ။ ဆင်းရဲခြင်းမှ လွတ်အောင် မကြိုးစားခြင်းကသာ ရှက်စရာအတိဖြစ်သည်ဟု စာအုပ်တစ်အုပ်ထဲတွင် ရေးသားထား သည်ကို ဖတ်မှတ်ခဲ့ဖူးသည်။ တိုင်းပြည်တိုးတက်ဖို့၊ ပညာအဆင့်အတန်း မြင့်မားစေဖို့ဆိုလျှင် ကိုယ့်ကိုယ်ကို မညှာမတာ၊ မကွယ်မဝှက် ဝေဖန်ဆန်းစစ်ဖို့ လိုသည်။ နိမ့်ကျသည့် ပညာရေးကို သင်ကြားနေသည့် ပတ်ဝန်းကျင်တွင် သင်သည် အဆင့်မည်မျှနှင့် ရပ်တည်နေသနည်း။ ဝမ်းတူ တဲန်းလား၊ ဝမ်းတူ ဖိုက်လား။ စားရေးဆရာကြီး မင်းသိင်္ခ၏ ဆောင်ပုဒ်တစ်ခုကို ဖတ်ခဲ့ရဖူးသည်။
          “ လူဆိုတာ ကိုယ်လုပ်တဲ့အလုပ်မှာ ဘုရင်တစ်ဆူ ဖြစ်နေရမယ် …”
          ဆိုသော စကားဖြစ်သည်။ ကျွန်တော်တို့တတွေ တော့ပ်ဝမ်းမဟုတ်သည်ကတော့ သေချာသည်။ ထိုအရာကို အမြင်ရှင်းဖို့လိုသည်။ ရိုးသားဖို့လိုသည်။ သို့မှသာ ကျွန်တော်တို့ လိုချင်သည့် အဖြေမှန်ကို ချဉ်းကပ်နိုင်မည် ဖြစ်သည်။
          အင်္ဂလိပ်စာသည် မူလတန်းကျောင်းမှ တက္ကသိုလ်ထိတိုင် သင်ကြားနေရသည့် ဘာသာဖြစ်သည်။ သို့သော် စာမေးပွဲတွင် ဖြေရသည့်အက်ဆေးကို ကျောင်းသားတော်တော်များများ မည်ကဲ့သို့ ဖြေခဲ့ကြသနည်း။ တပြည်လုံးရှိ ကျောင်းသားဦးရေနှင့် နှိုင်းစာလျှင် ကျက်ဖြေသည့် ကျောင်းသားက အများစုဖြစ်ပြီး ကိုယ်ပိုင်စိတ်ကူး၊ အတွေးအခေါ်ဖြင့် ရေးဖြေမည့် ကျောင်းသား၊ ကျောင်းသူက အနည်းစုဖြစ်မည်မှာ မြေကြီးလက်ခတ်မလွဲသလောက် သေချာသည်။ တက္ကသိုလ်ထိတိုင်၊ ဘွဲ့ရပြီး သည့်တိုင် အက်ဆေးတစ်ပုဒ်ကို အမှားအယွင်း၊ အကျအပေါက်ကင်းကင်း အဘယ့်ကြောင့် မရေးနိုင် ခဲ့ကြသနည်း။ ကျွန်တော်တို့၏ အင်္ဂလိပ်စာအဆင့်အတန်းကို အိုင်အမ် ထွန်းထွန်း၊ ယူအာရ် ကျော်ကျော် အဆင့်မှာ ရပ်တန့်ထားမိသောကြောင့် ဖြစ်သည်။ ပညာရေးသည် နိမ့်ကျနေသည်ဟု မှတ်ထင်ထား သည့်တိုင် ကျွန်တော်တို့၏ အရည်အသွေးများကို လျော့ချမထားဘဲ အစွမ်းကုန် အသုံးချသင့်သည်။ အစွမ်းကုန် ကြိုးစားသင့်သည်။
ကျောင်းပြီးဘွဲ့ရသည့်အခါ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် နိုင်ငံခြားထွက်သည်။ နိုင်ငံခြားသွားလျှင် ပညာရေး၊ ငွေရေးကြေးရေး ကောင်းသွားမည်ဆိုသော ကြားဖူး၊ ဖတ်ဖူး၊ မှတ်ဖူးသည့် ဗဟုသုတ အမှတ်သညာလေးများဖြင့် အကောင်းမြင်စိတ်သွင်းကာ သွားကြသည်။ ဒါကျက်၊ ဒါဖြေ အဆင့်သာ အသုံးချရသေးသည့် ဦးနှောက်ပိုင်ရှင်များနှင့် ကျောင်းမှသင်လိုက်သည့် သညာများ၊ လက်တွေ့ဘဝဖြစ်စဉ်ထဲမှ ဗဟုသုတများကို ပေါင်းစပ်ကာ အသုံးချနေကြသည့် ပညာသည်များနှင့် တွေ့လိုက်ကြသည့်အခါ ကွာဟချက်က ကြီးမားသွားသည်။ ဘဝအမောဆိုက်ခြင်းကို လက်တွေ့ ကြုံကြရတော့သည်။ ပြေးရသည့် မိုင်တိုင်ခြင်းအတူတူ နောက်မှ အမှီလိုက်ရသည့်သူက ပိုမောရသည်။
နိုင်ငံခြားသွားလျှင် ဒုက္ခရောက်မည်ဟု အဆိုးမြင်စိတ်ဖြင့် ရေးသားနေခြင်း မဟုတ်ပါ။ ကိုယ်သွား မည့်လမ်းကြောင်းကို ပြက်ပြက်ထင်ထင် သိမြင်စေလို၍ ရေးသားရခြင်းဖြစ်သည်။ နိုင်ငံခြားသွားမည်ဆိုလျှင် ပညာရှင်အဖြစ်လား၊ အလုပ်သမားအဖြစ်လား စသည်ကို ကွဲပြားစေလို၍ ဖြစ်သည်။ တိုက်ပွဲဝင်မည့် သူရဲကောင်းသည် တိုက်ခိုက်ရေးပညာ တစ်ဖက်ကမ်းခတ်ရမည့်အပြင် ကိုယ်သုံးမည့် လက်နက်ကို ထက်မြိနေအောင်၊ အချိန်မရွေး အသုံးချနိုင်အောင် ပြင်ဆင်ထားမည်သာ ဖြစ်သည်။ ထို့အတူ နိုင်ငံခြားထွက်မည့် လူငယ်များသည်လည်း ကိုယ်သွားမည့်လမ်းကြောင်းနှင့် လျော်ညီစွာ အတတ်ပညာ၊ ဗဟုသုတတို့ကို ပြင်ဆင်ထားစေလိုသောကြောင့် ဖြစ်သည်။
ပတ္တမြားမှန်လျှင် နွံမနစ်ဟု အဆိုရှိသည်။ နွံနစ်နေပြီဆိုလျှင်တော့ ပတ္တမြား မဟုတ်သည်မှာ သေချာပြီဖြစ်သည်။ နွံနစ်နေသည့် ကျောက်ခဲအဖြစ်ထက် လမ်းခင်းကျောက်အဖြစ် မိမိဘဝကို အသုံးဝင်စေသင့်သည်။
ယခုအချိန်တွင် ပညာရေးစနစ်ကို လက်ညှိုးထိုးကာ လှည်းဘီးညွံထဲကျွံနေသည်ဟု ဆိုကြသည်။ လေးလွန်း၍ မရွေ့နိုင်ဘူးလားဆိုသောအမေးကို မေးကာ လက်ခုပ်လက်ဝါးတီးနေကြသည်။ “ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်” ဟူသော အဆိုကို မေ့နေကြသည်။ သို့မဟုတ် ရွံ့စင်မှာစိုး၍ ဘေးထိုင်ဘုပြောနေကြခြင်းလည်း ဖြစ်နိုင်ပါသည်။ တွန်းနေကြသည့် လူနည်းစုကမူ တွန်းနေကြမြဲ၊ တွန်းနေကြဆဲ ဖြစ်သည်။ တစ်ချိန်မှာတော့ လိုရာပန်းတိုင်ကို ရောက်မည်မှာ အမှန်ပင်ဖြစ်သည်။ ယနေ့နိမ့်ကျနေသည်ဟု ယူဆထားသည့် ပညာရေးကို မသင်ကြားလိုဘူးဆိုလျှင် နောင်ငါးနှစ်၊ ဆယ်နှစ်ခန့်မှ အဆင့်မှီလာမည့်၊ အဆင့်မြင့်လာမည့် ပညာရေးကို သင်ပါမည်လား။ ချမ်းအေးမှာ စိုးသည့်အတွက် အဦးအစ ရေတစ်ခွက်၊ နှစ်ခွက်ကို သွန်ပစ်လိုက်သည့် ရေချိုးသူတစ်ယောက် အဖြစ်နှင့် တူနေလိမ့်မည်။ သင်၏ အသိပညာအဆင့်အတန်း ငါးနှစ်၊ ဆယ်နှစ် နောက်ကျသွားခြင်းမျိုးသာ ဖြစ်သွား ပေလိမ့်မည်။
လက်ရှိမိုက်မှောင်နေသည့် အခြေအနေကို ဆဲရေးနေခြင်းထက် ဖယောင်းတိုင်လေးတစ်ချောင်း ထွန်းလိုက်သင့်သည့် အခြေအနေဖြစ်သည်။ ဖယောင်းတိုင်လေး ထွန်းလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ ထိုသို့ထွန်းလိုက်ရန်အတွက် သင်နှင့် ကျွန်ုပ်မှာ ဖယောင်းတိုင်လေး ရှိနေဖို့တော့လိုပါသည်။ ထိုဖယောင်းတိုင်လေးနှင့် တူသည့် ပညာသည် သညာခေါ် အသိပညာ ဗဟုသုတများပေးနေသည့် စာသင်ခန်းထဲတွင် ရှိနေပါသည်။ 

လးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်