ဆုံးဖြတ်ချက်

ဆုံးဖြတ်ချက်

          ကျွန်တော်တို့အားလုံး ဆုံးဖြတ်ချက်တွေကို မကြာခဏ ချဖြစ်တတ်ကြသည်။ သို့သော် ကျွန်တော် တို့၏ ဆုံးဖြတ်ချက်များအတိုင်း အကောင်အထည် ဖော်နိုင်ပါရဲ့လား။ ရာနှုန်းပြည့် အကောင်အထည် မဖော်နိုင်ကြသူတွေ များမည်ထင်ပါသည်။ ဆုံးဖြတ်ချက်တိကျခိုင်မာပြတ်သားသူများသည်ပင် ရာနှုန်းပြည့် နီးပါးသာ အကောင်အထည်ဖော်နိုင်ခဲ့ကြသည်။ ထို့ကြောင့်ပင် လုပ်တိုင်းမဖြစ် စိတ်မညစ်နှင့် ဟူသော ဆုံးမစကားတို့ ပေါ်ထွက်လာခြင်းဖြစ်သည်။
          ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချနိုင်ရန်အတွက် မိမိဘာလိုချင်သည်၊ ဘာလိုအပ်သည်ကို အတိအကျ သိဖို့လိုသည်။ သို့မဟုတ်ပါက အကောင်အထည်မဖော်နိုင်သည့်၊ မအောင်မြင်သော ဆုံးဖြတ်ချက်များစွာကို ချမှတ်နေမိဦးမည် ဖြစ်သည်။ တချို့တွေက လိုချင်တာနှင့် လိုအပ်ချက်ကို ကွဲကွဲပြားပြား မသိကြ။ တချို့တွေကတော့ ဝါသနာနှင့် အားကျခြင်းကို မခွဲခြားနိုင်ဖြစ်ကြသည်။ အသစ်အသစ်သော နည်းပညာများ ပေါက်ကွဲနေသည့်ခေတ်တွင် ကျွန်တော်တို့လိုအပ်နေသည်မှာ ဆက်သွယ်ရလွယ်ကူစေသည့် ဖုန်းတစ်လုံး လား၊ နောက်ဆုံးပေါ် (Tablet) တစ်လုံးလား သိစေချင်ပါသည်။
            သူဌေးသားတစ်ဦး၏ လက်ထဲမှ နောက်ဆုံးပေါ် (Tablet) လေးကို သင် မျက်စိကျနေပြီဆိုပါစို့။ ဒါမျိုးလေး ရအောင်ဝယ်မည်ဟု ဆုံးဖြတ်ချက်ချကာ သင့်မုန့်ဖိုးထဲမှ၊ သင့်လစာထဲမှ ပိုက်ဆံစုဖြစ် မည်ဖြစ်သည်။ သင့်ရည်မှန်းချက်လေး မပြည့်ဝမှီ အတော်အသင့်စုမိသည်နှင့် သင့်မှာ ဝယ်ရန်များစွာ ရှိလာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့နောက်သင့်စုငွေထဲမှ သင်အလိုချင်ဆုံးဟု ထင်မိသော အရာကို ဝယ်မိလိုက်တော့သည်။ ထိုအချိန်တွင် တစ်ချိန်က သင်အားကျလိုချင်ခဲ့သော (Tablet)သည် သူဌေးသား လက်ထဲတွင် မရှိတော့။ နောက်တစ်မျိုးကို သူပြောင်းကိုင်နေပြီဖြစ်ကြောင်း သင်တွေ့ရမည်ဖြစ်သည်။
မအောင်မြင်သည့် ဆုံးဖြတ်ချက်တွေကို ရှောင်လွှဲနိုင်ရန်အတွက် လိုအပ်နေသည့်အရာ၊ မိမိအမှန်တကယ်လိုချင်သည့်အရာကို သိရမည်။ အောင်မြင်မှုလား၊ ချမ်းသာကြွယ်ဝမှုလား စသဖြင့် တိတိကျကျ သိနေဖို့လိုပါသည်။ ထိုသို့ ခိုင်ခိုင်မာမာ သိရသည်နှင့် သင်ထိုအရာကို ရယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ကို ချပါ။ ဆုံးဖြတ်ချက်ကျသွားသည်နှင့် ပန်းတိုင်သို့သွားရာလမ်းကို သင်စဉ်းစားနိုင်ပြီ ဖြစ်သည်။ ပန်းတိုင်သို့သွားရာလမ်းတွေက အများကြီးပဲ ဖြစ်သည်။ မည်သည့်လမ်းကို လျှောက်မည်ဟု ရွေးချယ်ခွင့်က သင့်အပေါ်မှာပဲ ဖြစ်သည်။ မည်သည့်အချိန်တွင်ရောက်ရမည်ဟု ပိုင်းဖြတ်မှုကလည်း သင့်အပေါ်မှာ မူတည်သည်။ သို့မှသာ တစ်နေ့တလံ ပုဂံ ဘယ်ရွေ့ ဆိုသော်လည်း သင်သွားနေသည်မှာ တစ်ဖဝါးလား၊ တစ်လှမ်းလား ပိုင်းဖြတ်နိုင်မည်ဖြစ်သည်။
အရေးကြီးဆုံးကာလမှာ ကြားကာလဖြစ်သည်။ လုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက် စ-လယ်-ဆုံး ကောင်းဖို့လိုအပ်သည်မှန်သော်လည်း လုပ်ငန်းအများစု ပျက်စီးသွားကြသည်မှာ ကြားကာလမှာပင် ဖြစ်သည်။ လုံလောက်အောင် ပြင်ဆင်မထားသူများအဖို့ တာထွက်မှာပင် လဲပြိုသွားကြသည်။ တချို့တွေက တာထွက်ကောင်းသည်။ စ-သည်နှင့် တဟုန်ထိုးအောင်မြင်သည်။ တချို့တွေကတော့ ဖြေးဖြေးမှန်မှန်နှင့် ပန်းတိုင်နီးလာသူများဖြစ်သည်။ အတော်များများကတော့ ကြားကာလမှာပင် အမောဆို့သွားသူများ၊ နှုတ်ထွက်သွားကြသူများဖြစ်သည်။ တချို့တွေက အောင်မြင်လွန်းမက အောင်မြင်လာသောအခါ ပန်းတိုင်ရောက်ပြီ ထင်သွားတတ်ကြသည်။ အောင်မြင်မှုတွင် ယစ်မူးပြီး ရှုံးနိမ့်သွားကြသည်မှာ ဤကြားကာလပင် ဖြစ်သည်။ ကမ္ဘာကျော် (Nokia) ဖုန်း ကုမ္ပဏီကြီး လဲပြိုသွားရခြင်းမှာ အောင်မြင်မှုတွင် ယစ်မူးသွားသောကြောင့်ဖြစ်သည်။ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ရင်း ပန်းတိုင်ပျောက်သွားသူ ဖြစ်သည်။
အလွန်နည်းပါးသည့် တချို့တွေကတော့ လမ်းဆုံးလျှောက်ကာ ပန်းတိုင်ရောက်သွားသူများ ဖြစ်သည်။ ပိတ်ထားသည့် တံခါးကြောင့် အောင်မြင်မှု၏ အသီးအပွင့်ကို မခံစားရဘဲ လှည့်ပြန်သွား သူများရှိသည်။ ပိတ်ထားသည့်တံခါးလေးကို ခေါက်ကြည့်ဖို့တော့ လိုပါသည်။ ခရီးရှည်ကြီးတစ်ခုကို ဖြတ်ကျော်လာပြီးသည့်နောက်မှာတော့ ပိတ်ထားသည့်တံခါးလေးကို တွန်းကြည့်စေချင်ပါသည်။ တချို့ တံခါးတွေက စေ့ရုံသာ စေ့ထားသည် မဟုတ်ပါလား။
ဆုံးဖြတ်ချက်တစ်ခု အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန်အတွက် မိမိလိုအပ်ချက်ကို တိတိကျကျ သိရမည်။ ထိုအရာကို ရယူမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချရမည်။ ရယူရမည့် နည်းလမ်းကို ရှာဖွေကာ အကောင်အထည်ဖော်ရမည်။ အချိန်ကာလတစ်ခုကိုလည်း ပိုင်းဖြတ်ထားရမည်။ နောက်ဆုံး အရေးကြီးသည့်အချက်ကို ပြောရမည်ဆိုလျှင် မိမိကိုယ် မိမိ လေးစားရမည်ဖြစ်သည်။ မိမိကိုယ်ကို လေးစားသူဖြစ်မှသာလျှင် မိမိဆုံးဖြတ်ချက်ကို လေးလေးနက်နက် အကောင်အထည်ဖော်နိုင်ဖြစ်မည် ဖြစ်သည်။
ယနေ့မှစ၍ လူငယ်လူရွယ်များအားလုံး မိမိဆုံးဖြတ်ချက်အတိုင်း ရည်မှန်းရာပန်းတိုင်ကို လျှောက်လှမ်းစေချင်ပါသည်။ မိမိအိပ်မက်ကို ကိုယ်တိုင်ထုဆစ်စေချင်သည်။ မိမိကို တစ်ပါးသူက လေးစားစေချင်လျှင် မိမိကိုယ်ကို လေးစားဖို့လိုသည်။ မိမိဆုံးဖြတ်ချက်ကို လေးစားဖို့လိုသည်။ မိမိဆုံးဖြတ်ထားသည့်အတိုင်း လက်တွေ့အကောင်အထည်ဖော်ကြမည့် လူငယ်များ၏ လက်ထဲတွင် လူအများလေးစားဦးညွှတ်ရမည့် နိုင်ငံတော်တစ်ခုရှိနေပါသည်။ ထိုနိုင်ငံတော်ဖြစ်တည်လာစေရေးသည် လူငယ်များ၏ ဆုံးဖြတ်ချက်ပေါ်တွင် မူတည်နေပါသည်။ ထိုနေ့သည် မဝေးတော့သော ကာလတစ်ခုတွင် ရှိနေသည်။
 လူငယ်လူရွယ်များအားလုံး ကောင်းမွန် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်နိုင်သည့် တစ်နေ့တွင်…။

                                                                         လေးစားစွာဖြင့်
                                                                                            ထူးအောင်ဝင့် 
https://web.facebook.com/authorhtooaungwint  
***                                           ***                                           ***
     

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်