မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မောင်သာ(ရှေးဟောင်းသုတေသန)
           လွန်ခဲ့သောနှစ် သြဂုတ်လ၂၄ ရက်က မြန်မာနိုင်ငံယဉ်ကျေးမှုဒေသ ပုဂံတွင် အင်အားပြင်းထန်သည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် ပြိုပျက်သွားသည့် စေတီပုထိုးများကို ကြေကွဲဖွယ် မြင်တွေ့ခဲ့ကြရသည်။ ပုဂံသည် မြန်မာလူမျိုးများ အမြတ်တနိုးထားရာ ယဉ်ကျေး မှု အမွေအနှစ်ဒေသတစ်ခုဖြစ်ပြီး ကမ္ဘာ့အမွေအနှစ် ဖြစ်လာစေရန်ဆောင်ရွက်နေချိန်တွင်ငလျင်ဒဏ်ကြောင့် ပိုမိုထင်ရှားလာခဲ့သည်။
မည်သည့်အချိန်သွားသွား လေ့လာရန် မကုန်နိုင်သည့် ပုဂံသို့ ရောက်ရှိခိုက် ပုဂံမှ တောင်ဘက် တစ်မိုင်ခွဲအကွာ မြင်းကပါရွာ၏ မြောက်ဘက်တွင်ရှိသည့် မြစေတီသို့သွားရောက်ခဲ့ပါသည်။ မြစေတီရင်ပြင်ရှိ ကမ္ဘာ့မှတ်တမ်းအမွေအနှစ် ရာဇကုမာရ်ကျောက် စာထားရှိသည့် ကျောက်စာတိုက်သည် ပြည်တွင်းပြည်ပ မှ လာရောက်ကြည့်ရှုလေ့လာသူများဖြင့် စည်ကားနေလေ့ရှိသည်။

ရာဇကုမာရ်ကျောက်စာ
 
ရာဇကုမာရ်ကျောက်စာတိုက်အတွင်း၌ ကျောက်စာတိုင်ခေါင်းကို ကျောက်စာတိုင် လဲမကျစေရန် သံကြိုးဖြင့် တွဲထားပြီးသံတိုင်များဖြင့်ကာရံထားသည်။ ကျောက်စာလေးမျက်နှာလုံးကို ကောင်းစွာမြင်ရပြီး ကျောက်စာတိုက်၏ အတွင်းနံရံပေါ်တွင် ရာဇ ကုမာရ် ကျောက်စာ သမိုင်းအကျဉ်းနှင့် ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်း သတ်မှတ်ခံရခြင်းအကြောင်းများကို ရေးသားထား သည်။
မြစေတီကျောက်စာ ဟု ထင်ရှားသည့် ရာဇကုမာရ်ကျောက်စာသည် ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စ်စကို) ၏ မှတ်တမ်းအမွေအနှစ်(Memory of the World) အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ မှတ်တမ်း အမွေအနှစ်သည် စာကြည့်တိုက်၊ပြတိုက်နှင့်မော်ကွန်းတိုက်ဆိုင်ရာ စုဆောင်းမှုများဖြစ်သော ကျောက်စာ၊ လက်ရေးစာများ၊တန်ဖိုး မဖြတ်နိုင်သောစာအုပ်များ၊သတင်းစာများ၊ ဓာတ်ပုံနှင့်ပန်းချီကားများ၊ဖလင်များ၊အသံနှင့်ဗီဒီယိုအခွေများ၊စီဒီ၊အသံမှတ်တမ်းများ၊ စာရွက်စာတမ်းအထောက်အထားများ စသည်တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် စာပေအရေးအသား စတင်ပေါ်ပေါက်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်မှစ၍ ကျောက်စာ၊ အိုးစာ၊ပေစာ၊ မင်စာ၊ ခေါင်းလောင်းစာ စသည်ဖြင့် မှတ်တမ်းစာများကို ခေတ်အဆက်ဆက် ရေးသားခဲ့ကြသဖြင့် မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကို ဖော်ထုတ်ရာတွင် ကျောက်စာများက များစွာ အထောက်အကူပြုခဲ့သည်။ထို့အတူ ပုဂံခေတ်က ရေးထိုး ခဲ့သည့် ကျောက်စာများသည်လည်း ပုဂံသမိုင်းကို ဖော်ထုတ်ရာတွင် ခိုင်မာသော အထောက်အထားများ ဖြစ်လာခဲ့ပေသည်။
ပုဂံခေတ်ကျောက်စာများအနက် ရာဇကုမာရ် ကျောက်စာ နှစ်ချပ်သည် အကြောင်းအရာ တစ်ခုတည်းကို ဘာသာ စကား လေးမျိုးဖြင့်ရေးထိုးထားသဖြင့် ကျောက်စာပါ အကြောင်းအရာများကို တစ်ဘာသာနှင့်တစ်ဘာသာ ဆက်စပ်၍ အဓိပ္ပာယ်ဖော်နိုင်ခဲ့ ကာ ပုဂံခေတ် စာပေအရေးအသား ဘာသာစကား လေးမျိုးကို ပညာရှင်များက လေ့လာသုတေသန ပြုနိုင် ခဲ့ကြသည်။
ဗြိတိသျှကိုလိုနီခေတ်၊ ကမ္ဗည်းကျောက်စာဌာန အရာရှိ၊ ပါဠိ ပါမောက္ခ ဒေါက်တာ အီးဖော်ချားမား(Dr.Emil Forchmmer) သည် ၁၈၈၆ ခုနှစ်တွင် မြစေတီမြောက်ဘက်အနီး ဂူဘုရားပျက်မှ လေးမျက်နှာပါ ကျောက်စာတစ်ချပ်ကို တွေ့ရှိခဲ့သည်။ ယင်း ကျောက်စာကို မြစေတီဘုရားမှ ရရှိခဲ့သောကြောင့် မြစေတီကျောက်စာဟု အမည်ပေးခဲ့ပြီး ယခုအခါတွင် ပုဂံရှေးဟောင်း သုတေ သန ပြတိုက်တွင်ပြသထားသည်။ မြစေတီကျောက်စာဟု အမည်ပေးခဲ့သည့် ကျောက်စာသည် ကျောက်စာရေးထိုးသူ ရာဇကုမာရ် မင်းသားကို အစွဲပြု၍ ရာဇကုမာရ် ကျောက်စာဟုလည်း ထင်ရှားခဲ့သည်။
ဒေါက်တာ အီးဖော်ချားမား တွေ့ရှိခဲ့သည့် ကျောက်စာနှင့် ထပ်တူညီစွာ ဘာသာလေးမျိုးဖြင့် ရေးထိုးထားသည့်ကျောက်စာ ထက်ပိုင်းကျိုးသုံးခုကို မြင်းကပါ ဂူပြောက်ကြီးဘုရားအနီးမှ တစ်ခု၊ ၁၉၀၄ ခုနှစ်တွင် မြစေတီ၏ ပြိုပျက်နေသော မဟာရံတံတိုင်းကို ပြင်ဆင်ရာမှ တစ်ခု၊ မြစေတီ၏ အရှေ့ဘက် ခြေရင်းတွင် ကပ်လျက်ရှိနေသည့် ပိဋကတ်တိုက်ဟု ယူဆရသည့် အဆောက်အအုံ ဟောင်းအတွင်းမှ တစ်ခု ရရှိခဲ့သည်။ ယင်းကျောက်စာပိုင်း သုံးခုအား ပြန်လည် ဆက်စပ်ပြီး ၁၉၇၆ ခုနှစ်တွင် မြစေတီဘုရား ရင်ပြင် ပေါ်၌ ကျောက်စာတိုက် ဆောက်လုပ်၍ ယနေ့တိုင် ထိန်းသိမ်းပြသထားသည်။
ကျောက်စာနှစ်ခုလုံးတွင်ရေး ထွင်းထားသောစာသားများသည် တူညီသော စာသားများဖြစ်ကြသဖြင့် ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင်က ဒုတိယကျောက်စာသည် ပထမကျောက်စာ၏ မိတ္တူဖြစ်ကြောင်းရေးသားခဲ့သည်။အကြောင်းအရာတစ်ခုတည်းကို ပျူ၊ မွန်၊ ပါဠိ၊ မြန်မာ အက္ခရာလေးမျိုးဖြင့် ရေးထိုးထားကာ အက္ခရာစာလုံးများသည် လေးထောင့်၊ မန်ကျည်းစေ့ပုံ များဖြစ်သည်။ ရာဇကုမာရ် ကျောက်စာကို
။ ဂြီ ။ နမောဗုဒ္ဓါယ၊ ပုရှာသ္ခင် သာသနာအနှစ် တစ်ထောင်ခြောက်ရျာ နှစ်ဆာယ် ဟေတ်နှစ်လောန်
လိယ်ဗြီရကာ ။ ဤ ယ် အရိမဒ္ဒန ပုရ် မည်သုပြည်နှိက်အာ ။ ဂြီတြိဘုဝနာ ဒိတျ ဓမ္မရာဇ် မည်သုမ…
ဟု အစချီ ရေးထိုးထားသည်။
မြန်မာသက္ကရာဇ် ၄၇၅ ခုနှစ် (ခရစ်နှစ် ၁၁၁၃ ခုနှစ်) ၌ ရာဇကုမာရ်မင်းသား ရေးထိုးခဲ့သည့် ယင်းကျောက်စာသည် မြန်မာ အက္ခရာသုံး ကျောက်စာများအနက် ရေးထိုးခဲ့သော ခုနှစ်ပါရှိသည့် အစောဆုံး မူလထိုးကျောက်စာ ဖြစ်သည်။
ရာဇ၀င်များအရ ကျန်စစ်သားမင်းကြီးသည် အနော်ရထာဘုရင်လက်ထက်တွင် အနော်ရထာမင်း စိတ်အခန့်မသင့်သဖြင့် ကြောင်ဖြူအရပ်တွင် ပုန်းရှောင်နေခဲ့စဉ် ရှင်မထီးတူမ သမ္ဘူလ နှင့် ပေါင်းဖက်ခဲ့သည်။ အနော်ရထာမင်း ကံကုန်တော်မူပြီး စောလူး မင်းနန်းတက်သောအခါ ကျန်စစ်သားသည် ပုဂံသို့ပြန်လာချိန်၌ သမ္ဘူလသည် ပဋိသန္ဓေနှင့် ကျန်ရစ်ခဲ့သည်။ ကျန်စစ်သားက သမ္ဘူလအား ပတ္တမြားလက်စွပ်ကို ပေးခဲ့ကာ သားယောက်ျားလေး ဖွားမြင်ပါက လက်စွပ်ကို သက်သေပြုလျက် ပုဂံသို့လိုက်လာရန် မှာကြားခဲ့သည်။
ကျန်စစ်သားသည် မြန်မာသက္ကရာဇ် ၄၄၆ ခုနှစ်(ခရစ်နှစ် ၁၀၈၄ ခုနှစ်)တွင် ပုဂံဘုရင်ဖြစ်လာခဲ့သည်။ နှစ် နှစ် အကြာ ၌ သမ္ဘူလသည် ပတ္တမြားလက်စွပ်ကို ယူဆောင်လျက် အသက်ခုနစ်နှစ် ရှိပြီဖြစ်သော သားဖြစ်သူ ရာဇကုမာရ်မင်းသားနှင့်အတူ ကျန်စစ်သားမင်းကြီးထံသို့ ရောက်ရှိလာခဲ့သည်။မင်းကြီးသည် သမ္ဘူလ၏ ကျေးဇူးများကို သတိရလျက် “သုံးလောက ၏ ဦးဆောက်ပန်း” ဟု အဓိပ္ပါယ်ရ သည့် “တိလောက ၀ဋံ့သကာဒေ၀ီ ” ဘွဲ့တော်ဖြင့် မိဘုရားမြှောက်ခဲ့သည်။ ထို အချိန်တွင် ကျန် စစ်သားမင်းကြီးသည် မြေးတော်အလောင်းစည်သူအား ဘိသိက်သွန်းကာ နန်းမွေခံအဖြစ် လျာထားပြီးဖြစ်သောကြောင့် ရာဇ ကုမာရ် သည် သားအရင်းဖြစ်ပါလျက် ဇေယျခေတ္တရာဘွဲ့ကိုသာရရှိပြီး တောင်စဉ် ခုနှစ်ခရိုင်ကို စားခဲ့ရသည်ဟု ဆိုခဲ့ကြသည်။

ရာဇကုမာရ်နှင့်ဇေယျခေတ္တရာ

သို့သော် ဘိုးတော်ဘုရား ဗဒုံမင်း လက်ထက်တွင် ကျောက်စာများကို ကိုးကားပြုစုခဲ့သည့် တွင်းသင်းမြန်မာရာဇ၀င်သစ် တွင် ကျမ်းပြုပုဂ္ဂိုလ် တွင်းသင်းမင်းကြီးက ဦးကုလားရာဇ၀င် တွင်ပြဆိုခဲ့သည့် သမ္ဘူလ သားအမိဇာတ်လမ်းကို အမှာစကားချပ်ဖြင့် ပယ်ခဲ့သည်။(ဒုတိယအကြိမ်ရိုက် တွင်းသင်းမြန်မာရာဇ၀င်သစ် ပထမတွဲ၊ စာမျက်နှာ ၁၁၁)
ရာဇကုမာရ်ကျောက်စာတွင် ဇေယျခေတ္တရာဟူသည့် အမည်နှင့်ဆက်စပ်မှုများမပါရှိကြောင်း ပညာရှင်များက ထောက်ပြခဲ့ ကြသည်။သမိုင်းပညာရှင်ပါမောက္ခဒေါက်တာသန်းထွန်းက ကျန်စစ်သားသည် ခရစ်နှစ် ၁၀၈၄ ခုနှစ်တွင် ပုဂံဘုရင်ဖြစ်လာခဲ့ပြီး နှစ် နှစ်အကြာ ၁၀၈၆ ခုနှစ်၌ သမ္ဘူလနှင့်သားဖြစ်သူ ရာဇကုမာရ်တို့သည် ပုဂံသို့ရောက်ရှိလာခဲ့သည်။ထိုအချိန်တွင် အလောင်းစည်သူ အား နန်းလျာထားပြီးကြောင်း ရာဇ၀င်ကဆိုသော်လည်း ခရစ်နှစ် ၁၁၀၅ ခုနှစ်ထိုး ကျောက်စာအရ အလောင်းစည်သူကို ၁၀၈၉ ခုနှစ် တွင် မွေးဖွားခဲ့သဖြင့် အများလက်ခံထားသည့် ရာဇကုမာရ်ဇာတ်လမ်းသည် ခိုင်လုံမှုမရှိကြောင်း သုံးသပ်ခဲ့သည်။
ရာဇကုမာရ်ကျောက်စာတွင် ရေးထိုးထားသော ပျူ၊ မွန် နှင့် မြန်မာ စာသားများ၏ အဓိပ္ပာယ်များသည် ထပ်တူထပ်မျှ တူညီ သော်လည်း ပါဠိဘာသာဖြင့် ရေးထိုးထားသည့် အကြောင်းအရာများတွင် အချက်အလက် အနည်းငယ်ပိုနေကြောင်း ပါဠိဘာသာ ပညာရှင် ဆရာကြီး ဦးကျော်ရှိန်က ထောက်ပြခဲ့သည်။ကျောက်စာတွင် ပါဠိဘာသာဖြင့် “ရာဇကုမာရော နာမ နာမတော” ဟုရေးထိုး ထားခြင်းသည် “အမည်အားဖြင့် ရာဇကုမာရ်မည်သော” ဟု ဆိုလိုခြင်းဖြစ်ကြောင်းနှင့် “အမစ္စော၊ မဟာအမစ္စော” ဟု ဖော်ပြထား ခြင်းသည် ရာဇကုမာရ်သည် အမတ်တစ်ဦးဖြစ်ကြောင်း ထင်ရှားစေသည်ဟု ဆိုသည်။
ဇေယျခေတ္တရာသည် တောင်စဉ် ခုနစ်ခရိုင်ကို စားရသော မင်းသားငယ်သာဖြစ်သဖြင့် ရာဇကုမာရ် အမတ်ကြီးသည် ဇေယျ ခေတ္တရာ မဖြစ်နိုင်တော့ပါဟု ဆရာကြီး ဦးကျော်ရှိန်ကသုံးသပ်ခဲ့သည်။ကျောက်စာ လေးဘာသာလုံးတွင် ရာဇကုမာရ်ကို မိဖုရား၏ သားဟုဖော်ပြထား သော်လည်း ကျန်စစ်သား၏သားတော်ဟု ဖော်ပြ မထားခြင်း၊ ရာဇကုမာရ်က ကျန်စစ်သားအား ဖခင်၊အဖ စသည်ဖြင့် မခေါ်ဝေါ်ဘဲ သခင်၊အရှင် ဟုသာ ခေါ်ဝေါ်ခြင်း တို့ကြောင့် ကျောက်စာရှင် ရာဇကုမာရ်သည် ဇေယျခေတ္တရာမဟုတ် သည့်အပြင် ကျန်စစ်သား၏ သားတော်ဖြစ်ကြောင်း အတိအကျဆိုနိုင်ရန် ခိုင်လုံသော အထောက်အထားများကို ကျောက်စာတွင် မတွေ့ရှိရကြောင်း ထောက်ပြခဲ့ သည်။

ရာဇကုမာရ်၏ ကျေးဇူးသိတတ်မှု
 
ရာဇကုမာရ်သည် မြန်မာသက္ကရာဇ် ၄၇၄ ခုနှစ် (ခရစ်နှစ် ၁၁၁၃ ခုနှစ်) တွင် ကျန်စစ်သားမင်းကြီး သေအံ့မူးမူးအချိန် ၌ ဘုရားရှင်ရွှေဆင်းတုတော်ကို ပင့်ဆောင်လာကာ ရဟန်းတော်တို့ထံမှောက်တွင် မင်းကြီးကိုယ်တော်တိုင် ရေစက်သွန်းချ လှူဒါန်း စေခဲ့သည်။ရာဇကုမာရ်သည် ရွှေအထွတ်ရှိသည့် ဂူဘုရားတစ်ဆူကို ရွှေအတိပြီးသည့် ဘုရားရှင်ဆင်းတုတော်ကို ဌာပနာလျက် ပုဂံမြင်းကပါ အရပ်တွင် တည်ထားခဲ့သည်။ (ထို ဂူဘုရားသည် မြစေတီနှင့်ကပ်လျက်တည်ရှိနေသော ဂူပြောက်ကြီးဘုရား ဖြစ် ကြောင်း ပညာရှင်များက ယူဆကြသည်။)
“သီရိ၊ နမော ဗုဒ္ဓါယ၊ ဘုရားသခင် သာသနာ အနှစ်တထောင် ခြောက်ရာ နှစ်ဆယ်ရှစ်နှစ် လွန်လေပြီးရကား ၊ ဤအရိမဒ္ဒနာ ပုရ် မည်သောပြည်၌ သီရိတြိဘ၀နာဒိတျဓမ္မရာဇ် မည်သောမင်းဖြစ်၏ ။ ထိုမင်း၏ ပယ်မယား တယောက်သော်ကား တြိလောက ၀ဋံ့ သကာဒေ၀ီ မည်၏။ ထိုပယ်မယား သားတမူလည်း ရာဇကုမာရ်မည်၏။ ထိုမင်းကား ကျွန်သုံးရွာတည်း ပယ်မယားအား ပေး၏။ ထို ပယ်မယား သေခဲ့ရကား ထိုပယ်မယား တန်ဆာနှင့် ထိုကျွန်သုံးရွာ သောနှင့်တည်း ထိုပယ်မယားသား ရာဇကုမာရ် မည်သောအား မင်း ပေးတုံ၏။ထိုမင်း အနှစ် နှစ်ဆယ်ရှစ်နှစ် မင်းမူပြီး၍ သေခမူ နာသရော၌တည်း။ ထိုရာဇကုမာရ်မည်သော ပယ်မယားသား မိမိကို မွေးသော မင်းကြီး ကျေးဇူးကို အောက်မေ့ရကား ရွှေအတိသော ဘုရားသခင် အဆင်းပြု၍ နှပ်လေသရောတည်း ဤသို့ မိန့်၏။ ဤ ရွှေဘုရားကား ငါ့သခင်အဖို့ အတို့ကျွန်ပြုသော တည်း။ ကျွန်သုံးရွာ အတို့ကျွန် ငါ့သခင်ပေးသည်ကား ဤရွှေဘုရားအား အတို့ ကျွန်ပေး၏” (ဆရာဇော်ဂျီ ၏ မြစေတီကျောက်စာ မှ)
ရာဇကုမာရ်သည် ဘုရားကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရန် သက်နုမုလွန်၊ ရပါယ် ၊ ဟေန်ဗိုဝ် ဟူသည့်ကျွန်သုံးရွာကို လှူ ဒါန်းခဲ့ပြီး အမိအဖတို့အတွက် မိမိဆောင်ရွက်ခဲ့သည့် ကုသိုလ်အမှုတို့ကို ကျောက်စာတွင် မှတ်တမ်းတင်ခဲ့သည်။ရာဇကုမာရ်သည် ဂူဘုရားတည်ခဲ့ပုံ၊ ကျွန်သုံးရွာ လှူဒါန်းခဲ့ပုံ တို့ကို ဆုတောင်းစာ၊ ကျိန်စာများဖြင့် အဆုံးသတ်ခဲ့သည်။
ပညာရှင်များက ရာဇကုမာရ် ကျောက်စာပါ စာသားများသည် ရှေးအကျဆုံး မြန်မာစကားပြေဖြစ်ပြီး ဘာသာဗေဒ တန်ဘိုး မြင့်မားသကဲ့သို့ သမိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို ထင်ရှားစွာတွေ့မြင်ကြရကြောင်း သုံးသပ်ခဲ့ကြသည်။
ရာဇကုမာရ် ကျောက်စာအား လန်ဒန်တက္ကသိုလ်မှ ဒေါက်တာ ဘလက်ဒင်က အင်္ဂလိပ်ဘာသာသို့ပြန်ဆို၍ ၁၉၁၉ ခုနှစ် တွင် ထုတ်ဝေခဲ့ပြီး ဦးဖေမောင်တင်က မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုကာ ၁၉၅၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။
ရာဇကုမာရ်ကျောက်စာသည် ပုဂံခေတ် အူပ်ချုပ်ရေး၊ လူမှုရေး၊ စီးပွားရေး၊ သာသနာရေး၊ စာပေ ၊ ကျွန်ရွာပေးခြင်း၊ ဘုရား ပုထိုးတည်၍ ဆင်းတုတော် ဌာပနာခြင်း၊ ကျောက်စာရေးထိုးခြင်း၊ ကောင်းမှုကုသိုလ်ကို ရေစက်ချ လှူဒါန်း၍ ဆုတောင်းခြင်း၊ ဘုရား ပုထိုးများသို့ ကျွန်များလှူခြင်း၊ ဘုရားစေတီ ဖျက်ဆီးသူများအား ကျိန်စာပေးခြင်းစသည်ဖြင့် အစဉ်အလာနှင့် ယဉ်ကျေးမှု သမိုင်းကို
ဖော်ထုတ်ရာတွင်များစွာ အထောက်အပံ့ဖြစ်ခြင်းကြောင့် ကမ္ဘာ့အမွေအနှစ်တစ်ရပ်အဖြစ် တန်ဘိုးထားနိုင်ရန် နိုင်ငံတော်က ယူနက်စ် ကိုသို့ အမည်စာရင်းတင်သွင်းခဲ့သည်။
နှစ်ပေါင်း ၉၀၀ သက်တမ်းရှိပြီဖြစ်သည့် မြစေတီကျောက်စာခေါ် ရာဇကုမာရ်ကျောက်စာသည် ၂၀၁၅ ခုနှစ် အောက်တိုဘာ လတွင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် ဖြစ်လာခဲ့သည်။ရာဇကုမာရ် ကျောက်စာ နှင့် အတူ ဂျာမနီနိုင်ငံ ၊ ဟန်နိုဗာမြို့ Gottfried Wilhelm Leibniz စာကြည့်တိုက်တွင်ရှိနေသည့် အလောင်းမင်းတရား ရွှေပေလွှာသည်လည်း ကမ္ဘာ့မှတ် တမ်း အမွေအနှစ်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။
ရာဇကုမာရ်သည် ကျန်စစ်သားမင်းကြီး၏ သားတော်ဖြစ်ကြောင်းအခိုင်အမာ မဆိုနိုင်သေးသော်လည်း ကျန်စစ်သားမင်းကြီး ၏ တိလောက ၀ဋံ့သကာဒေ၀ီ မိဖုရားက ဖွားမြင်သည့် သားတော်ဖြစ်ကြောင်းကား ထင်ရှားပေသည်။ ထို့ကြောင့် ကျန်စစ်သားမင်း ကြီးသည် ရာဇကုမာရ်၏ ဖခင်အရင်းမဟုတ်လျှင်ပင် ရာဇကုမာရ်၏ နှောင်းဖခင်(ပထွေး) ဖြစ်ကြောင်း ယူဆရပေမည်။ မည်သို့ပင် ဆိုစေ မိမိကို ချီးမြှောက်ခဲ့သော ကျန်စစ်မင်းကြီးအပေါ် ကျေးဇူးသိခဲ့သည့် ရာဇကုမာရ်မင်းသား၏ သမိုင်းမှတ်တမ်း ကျောက်စာတိုင် ကို ကျွန်တော်ကြည့်၍ မ၀နိုင်ခဲ့ပါချေ။

ကိုးကား
မြစေတီကျောက်စာ(ဇော်ဂျီ)
ရာဇကုမာရ်ပြဿနာ(ဦးကျော်ရှိန်)
ချစ်သူများကို အဆုံးစီရင်ခြင်း(မောင်ခင်မင်၊ဓနုဖြူ)
ပုဂံခေတ် မြန်မာစာ(စောလူ)
Image may contain: outdoor
Image may contain: plant, sky, tree and outdoor
No automatic alt text available.

(၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထုတ် မြန်မာ့အလင်း သတင်းစာ မှ  မောင်သာ(ရှေးဟောင်းသုတေသန) ၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)
ထူးအောင်ဝင့်

Comments

Post a Comment

Popular posts from this blog

မင်္ဂလာပါ

ပုဂံမြို့တော်