အပြာရောင် ကမ္ပည်းပြား




အထက(၆) ဗိုလ်တထောင်(ယခင် စိန်ပေါလ်ကျောင်း)အား ရန်ကုန်မြို့ပြ အမွေအနှစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်သည့် အခမ်းအနားကို (၂၀၁၇)ခု၊ မတ်လ(၂)ရက်နေ့တွင် ကျင်းပသည်။ အပြာရောင် ကမ္ပည်းပြားသည် အမွေအနှစ်ဆိုင်ရာ အဆောက်အဦများနှင့် နေရာများ၌
အဆိုပါအဆောက်အဦများ၊ နေရာများနှင့် ဆက်စပ်နေသော သမိုင်းဝင်လူပုဂ္ဂိုလ်၊ သမိုင်းအဖြစ်အပျက်များအကြောင်းကို ဖော်ပြပြီး မြို့၏ အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားသည့် ကမ္ပည်းပြားဖြစ်သည်။ အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းသည် ရန်ကုန်မြို့၏ သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာအရှိဆုံး ဖော်ပြနိုင်မည့် နည်းလမ်းများအနက်တစ်ခုဖြစ်သည်။ (၂၀၁၄)ခု၊ သြဂုတ်လမှစတင်ကာ ပထမဆုံး အပြာရောင်ကမ္ပည်းပြားကို ရန်ကုန်မြို့တော်ခန်းမ၌ တပ်ဆင်ခဲ့သည်။ ယခုအကြိမ်နှင့်ဆိုလျှင် မြို့ပြအမွေအနှစ် အပြာရောင်ကမ္ပည်းပေါင်း (၁၇)ခုကို တပ်ဆင်ပြီးဖြစ်သည်။ အထက(၆) ဗိုလ်တထောင်(ယခင် စိန်ပေါလ်ကျောင်း)ကို (၁၈၈၅)တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။ (၁၈၈၆)ခု၊ မေလ(၁)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နှစ်ပေါင်း(၁၃၂)နှစ် တိုင်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် (Bishop Paul Bigandet)(1856-1894)၏ အမည်ကို အစွဲပြု၍ စိန်ပေါလ်ကျောင်းဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ (Roman Catholic) ခရစ်ယာန်ဘုန်းကြီးကျောင်းများ အစီအစဉ်ဖြင့် ဒုတိယမြောက် ဖွင့်လှစ်ခဲ့သည့် စာသင်ကျောင်းဖြစ်သည်။ (၁၉၆၅)ခု၊ ဧပြီလတွင် စိန်ပေါလ်ကျောင်းကို အခြေခံပညာအထက်တန်းကျောင်း အမှတ်(၆) ဗိုလ်တထောင်ဟု အမည်ပြောင်းခဲ့သည်။

                                                                                                         ထူးအောင်ဝင့်
(PS: မတ်လ(၃)ရက်၊(၂၀၁၇)ထုတ် မြန်မာ့အလင်းသတင်းစာမှ မောင်စိန်လွင်(မြန်မာ့အလင်း)၏ သတင်းဆောင်းပါးမှ ကောက်နှုတ်ထားပါသည်။)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်