မင်္ဂလာပါ

မဂၤလာပါ

          ကျွန်တော်တို့လူမျိုးသည် နှုတ်ခွန်းဆက်ခြင်းကို တကူးတက သင်နေရသည့် လူမျိုး မဟုတ်ပေ။ ဘယ်လဲ၊ ဒီနား၊ စားပြီးပြီလား၊ မတွေ့တာကြာပြီ စသဖြင့် နှုတ်ဆက်စကားမှန်း မသိမီကပင် ရင်းနှီး ကျွမ်းဝင်စွာ သုံးနှုန်းလာသည့် အရိုးခံစကားလုံးများရှိကြသည်။
               ကမ္ဘာကြီးသည် ရွာကြီးဖြစ်လာသည်နှင့်အညီ ယဉ်ကျေးသည့် နိုင်ငံအသီးသီးသည် တစ်ဦးနှင့် တစ်ဦး နှုတ်ဆက်သည့် ဓလေ့ကို ပို၍အလေးထားလာကြသည်။ နှုတ်ဆက်ခြင်းသည် ရင်းနှီးဖော်ရွေသည့် သဘောကို ဆောင်သည်။ တစ်ဦးတစ်ယောက်ကို စတင်နှုတ်ဆက်ခြင်းဖြင့် ခယ၀ယလုပ်ရသည်ဟု အဓိပါယ်မသက်ရောက်ဘဲ မိမိမှာပြည့်ဝသည့်နှလုံးသားရှိသည်၊ ဖော်ရွေသည့်စိတ်ထားရှိသည်ဟု ထုတ်ဖော် ပြသရာရောက်သည်။ တစ်ဦးနှင့်တစ်ဦးကြားတွင်လည်း လျင်လျင်မြန်မြန် ရင်းနှီးသွားစေပါသည်။
          လူမျိုးအသီးသီး၊ နိုင်ငံအသီးသီးတွင် ကိုယ်ပိုင်နှုတ်ဆက်သည့်ဟန်နှင့် စကားလုံးတို့ သီးခြားစီ ရှိကြသည်။ အာရှမှာပင် နှုတ်ဆက်ဟန်နှင့် စကားလုံးတို့ကွဲပြားသည်။ ဟိန္ဒူလူမျိုးတို့က နမ္မားစတေးဟု နှုတ်ဆက်သည်။ မွတ်ဆလင်တို့က ဆလမ်မာရေးကွမ်းဟု ဆိုသည်။ တရုတ်တို့က နင်းဟောင်မား ဟု ပြောသည်။ ကိုရီးယားတို့က အညာဆေယော်ဟု နှုတ်ထွက်သည်။ ဂျပန်တို့က အိုဟားယိုး ဟုနှုတ်ဆက်သည်။ ယိုးဒယားလူမျိုးတို့ကမူ ဆ၀ါဒီခပ် ဟုပြောသည်။ မြန်မာလူမျိုး တို့ကမူ မင်္ဂလာပါဟု နှုတ်ဆက်သည်။ မည်သည့်နိုင်ငံမှရောက်လာသည့် တိုးရစ်ဖြစ်စေကာမူ မင်္ဂလာပါဟု ဆိုလိုက်သည်နှင့် သူ့ကို နှုတ်ဆက်ကြောင်း သိသည်။ တိုင်းရင်းသား(၁၃၅)မျိုးရှိသည့် မြန်မာနိုင်ငံတွင်လည်း ရိုးရာဘာသာအလိုက် နှုတ်ခွန်းဆက်စကား များစွာရှိသည်။ သို့သော် ကမ္ဘာက နားလည်လက်ခံထားသည့် နှုတ်ဆက်စကားမှာ မင်္ဂလာပါ ဟူသော စကားဖြစ်သည်။ ဆိုလိုသည်က တိုင်းရင်းသားနှုတ်ဆက်စကားများကို နိုင်ငံခြားသားတချို့နားလည်ကြ သော်လည်း အများစုသိထားကြ သည်မှာ မင်္ဂလာပါဆိုသော စကားကိုသာ ဖြစ်သည်။
“ နှုတ်ဆက်တာတောင် မလုပ်တတ်တဲ့သူကို အလုပ်မခန့်ဘူး …”
နှုတ်ဆက်ခြင်းနှင့် ပတ်သက်သည့်သဘောထားကို ဂျပန်နိုင်ငံ၏ စီးပွားရေးကို လှုပ်ခါနိုင်စွမ်းရှိသည့် ကုမဏီဥက္ကဌကြီးတစ်ဦးက ဤကဲ့သို့ပြတ်ပြတ်တောက်တောက် ဆိုခဲ့ဖူးသည်။ နှုတ်ဆက်ခြင်းနှင့်ပတ်သက် ၍ အခြေခံ(၅)မျိုးရှိကြောင်း ဆောင်းပါးတစ်ပုဒ်တွင်  (Ms.Madoka Osawa)က ရေးခဲ့ဖူးသည်။ ၎င်းတို့မှာ…
၁။ တပါးသူကြားနိုင်သောအသံဖြင့် ပီပီသသ အသံထွက်နှုတ်ဆက်ခြင်း
၂။ တပါးသူ၏ မျက်လုံးကိုကြည့်ကာ နှုတ်ဆက်ခြင်း
၃။ အလွယ်တကူ စကားလုံးများဖြင့် အပေါ်ယံနှုတ်ဆက်ခြင်းမဟုတ်ဘဲ စိတ်ပါလက်ပါနှုတ်ဆက်ခြင်း
၎။ မည်သူ့ကိုမဆို နှုတ်ခွန်းဆက်ခြင်း
၅။ စင်္ကြန်တွင်တွေ့သည့်အခိုက်တွင် ပေါ့ပေါ့ပါးပါး အသိအမှတ်ပြုခေါင်းညိတ်နှုတ်ဆက်ခြင်း စသည်တို့ ဖြစ်သည်။
          ကျွန်တော်တို့သည် အိမ်ပြင်ထွက်ကာ မိသားစုဝင်မဟုတ်သူများနှင့် အမြဲတစ္ဆေထိတွေ့ဆက်ဆံ နေကြရ သူများဖြစ်သည်။ တစိမ်းတရံဆံများနှင့် လုပ်ငန်းလုပ်ကိုင်ရာတွင် ယုံကြည်မှု တည်ဆောက်နိုင် ဖို့လိုသည်။ ယုံကြည်မှုတည်ဆောက်နိုင်ရန်အတွက် ရင်းနှီးဖို့လိုသည်။ နွေးထွေးဖို့ လိုသည်။ ရင်းနှီး နွေးထွေးရန်အရေးသည် လူတစ်ယောက်အပေါ်တွင် သင်မည်သို့နှုတ်ဆက်သလဲဆိုသည့် အဖြေပေါ်တွင် မူတည်သည်။ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ခြင်းသည် လုပ်ငန်းအောင်မြင်ရန်အတွက် အခြေခံအုတ်မြစ် ဟုပင် ဆိုချင်ပါသည်။
          သင်သည် အသက်အရွယ်ကြောင့် ဖြစ်စေ၊ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ အပြင်လောက သို့ ခြေမဆန့်နိုင်သည်ဆိုစေဦး အိမ်သို့အလည်လာသည့် ဧည့်သည်ကိုတော့ နှုတ်ဆက်ရဦးမည်ဖြစ်သည်။ နှုတ်ဆက်ခြင်းကြောင့် သင်သည် လူမှုအ၀န်းအ၀ိုင်းတွင် ရှိနေသူဖြစ်ကြောင်း သို့မဟုတ် လူသားဆန်သူ တစ်ဦးဖြစ်ကြောင်း သက်သေပြချက်တစ်ခုပင်ဖြစ်သည်။
          ဟိုတယ်ဝန်ထမ်းများ၊ ကုမဏီဝန်ထမ်းများနှင့် လမ်းဘေးဈေးသည်လေးမှသည် ရှော့ပင်းမောလ်ကြီး များအထိ အရောင်းဝန်ထမ်းများအားလုံး နှုတ်ဆက်ခြင်းပညာရပ်ကို မသိမဖြစ်၊ မတတ်မဖြစ် သင်ယူထား သင့်သည်။ အဆုံးစွန်ဆိုရလျှင် လူထုနှင့် ဆက်နွယ်နေသည့်ကိစ္စရပ်များအားလုံး ရင်းနှီးနွေးထွေး သည့် နှုတ်ဆက်ခြင်း အပေါ်တွင် တည်မှီနေသည်ဟု ဆိုချင်ပါသည်။ (Customer Right) ဆိုသည့် စကားသံတို့ ကျယ်လောင်နေသည့် ယနေ့ခေတ်ကြီးတွင် အပြိုင်အဆိုင်များကြားမှ မိမိတို့ထံသို့ (Customer) တစ်ယောက် ပြန်ရောက်လာခြင်းမှာ ဧည့်ကြိုဝန်ထမ်းလေး ၏ ဖော်ရွှေပျူငှာ သည့် နှုတ်ဆက် မှုကြောင့် ဖြစ်နိုင်သလို သန့်ရှင်းရေးဝန်ထမ်းလေးတစ်ယောက်၏ မင်္ဂလာပါ နှုတ်ဆက်သံကြောင့် လည်း ဖြစ်နိုင်လေ သည်။ မင်္ဂလာဟူသော အဓိပါယ်သည် ကျက်သရေရှိခြင်း၊ အောင်မြင်ခြင်းဟု ဖွင့်ဆိုသော် ရနိုင်မည်ဖြစ် သည်။ နှုတ်ဆက်ခြင်းကြောင့် နှုတ်ဆက်သူ တွင်သာမက နှုတ်ဆက်ခံရသူ သည်ပင် ကျက်သရေ၊ မင်္ဂလာရှိ သွားလေတော့သည်။
          ထို့ကြောင့် ယနေ့မှစ၍ ၀န်းကျင်ရှိဆက်ဆံနေရသည့် ရင်းနှီးနေသူများကိုသော်လည်းကောင်း၊ တစိမ်းတရံဆံများကိုသော်လည်းကောင်း ခင်မင်ဖော်ရွေသည့် စကားလုံးလေးများဖြင့် နှုတ်ခွန်းဆက်နိုင်ရန် ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရင်း …
“ မင်္ဂလာပါ…”

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
ချင်းတွင်းဂုဏ်ရည် မဂ္ဂဇင်း
အမှတ်(၆)၊ နိုဝင်ဘာလ၊ (၂၀၁၆)  
*****                                        *****                                        *****
(၃၀.၅.၂၀၁၆ နံနက် ၃း၃၉ မိနစ်ပြီး)
မှီငြမ်းကိုးကား=(နှလုံးသားမှလာသည့် နှုတ်ခွန်းဆက်ခြင်း ယဉ်ကျေးမှု) (Ms.Madoka Osawa)
(Yangon Press No(19/2016)May)
(ဘာသာပြန်ဆိုသူ သိင်္ဂီအောင်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

ပုဂံမြို့တော်