အင်္ဂလိပ်လို ဧည့်ခံရအောင်


  • Posted by Language Republic on February 24, 2015 at 10:25
  •  
  • ကျွန်တော်တို့ ယဉ်ကျေးမှုမှာ အိမ်ကို ဧည့်သည်လာလည်တဲ့အခါ ဧည့်ဝတ်ကျေဖို့အတွက် ကျွန်တော်တို့ လုပ်လေ့ရှိတာ တစ်ခုကတော့ စားစရာ၊ သောက်စရာ တစ်ခုခုနဲ့ ဧည့်ခံလေ့ရှိတာပါ။ ဘာမှ ကျွေးစရာမရှိရင်တောင် ရေတစ်ခွက်တော့ တိုက်ကြပါတယ်။ အဲ့ဒါ ကျွန်တော်တို့ရဲ့ ချစ်စရာဓလေ့ တစ်ခု ဖြစ်ပါတယ်။ အခု ဒီဓလေ့က အိမ်လာတဲ့ ဧည့်သည်အတွက်တင် မဟုတ်တော့ပါဘူး။ အရောင်းဆိုင်တွေ၊ ရုံးတွေ၊ ဆားဗစ်စင်တာတွေမှာလည်း customer ခေါ် အားပေးသူ ဧည့်သည်တွေကို ဧည့်ခံတဲ့ အလေ့အထတွေလည်း တွေ့နေရပါပြီ။ နောက်ပြီး စီးပွားရေးလုပ်ငန်းဆိုတော့ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရတာလည်းရှိနိုင်တာပေါ့နော်။ အဲ့ဒီအခါ အင်္ဂလိပ်လို ပြောဆိုဆက်ဆံရပြီပေါ့။ ဒါဆိုရင် အင်္ဂလိပ်လို ဧည့်သည်ကို ဘယ်လိုလေးတွေ ပြောပြီး ဧည့်ခံရမလဲ ဆိုတာ ဒီကနေ့ လေ့လာလိုက်ရအောင်နော်။

    အခုလေ့လာရမည့် expression တွေက မေးခွန်းပုံစံနဲ့ ပြောရတဲ့ set phrase ခေါ်တဲ့ ‘ပုံသေ’တွဲမှတ်လို့ ရတဲ့ဟာတွေ ဖြစ်လို့ အလွတ်ကျက် လေ့ကျင့်လို့ပါ ရပါတယ်။

    ပထမဆုံးအနေနဲ့ တစ်စုံတစ်ယောက်ကို တစ်ခုခုပေးတာ၊ တစ်ခုခုလုပ်ဖို့ ဖိတ်ခေါ်တာဆိုရင် Would you like…? ကိုသုံးရပါတယ်။
  • ‘Would you like a magazine to read while you’re waiting?’

ဒီ Would you like ဆိုတဲ့ စကားလုံး ၃ လုံးကိုအထူးသဖြင့် native speaker တွေ ပြောတဲ့အခါ connected speech ဖြစ်သွားလို့ အသံထွက်က would နဲ့ you နှစ်ခုပူးသွားတော့ “ဂျူး” ဆိုတဲ့ အသံ ဖြစ်သွားတာမို့ ကြားရတဲ့သူက တစ်ခါတစ်ရံနားလည်မှု လွဲတတ်ပါတယ်။ အဲ့ဒီအခါ (You like…?) (ကြိုက်သလား) ဆိုတဲ့ အဓိပ္ပါယ်မျိုးထင်သွားကြလို့ပါ။
  • “/Wuʤju:/ like a magazine to read while you’re waiting?”

အရိုးရှင်းဆုံး informal ခင်မင်တဲ့ ပုံစံနဲ့ မေးတဲ့ နောက်တစ်မျိုးကတော့ Do you want…? ပါ။
  • ‘Do you want another coffee?’ 

ဒါကတော့ သူငယ်ချင်း၊ အသိအချင်းချင်းပဲ သုံးရမယ်နော်။ (သူစိမ်းကိုပြောရင်တော့ ‘Would you like’ ကိုဘဲသုံးပါ။)
နောက်တစ်မျိုးကတော့ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ ကြားရတတ်တဲ့ ဧည့်ခံစကားပါ။ Formal ဖြစ်ပြီးယဉ်ကျေးပါတယ်။ တစ်ခုခုစားချင်လားလို့ မေးတာပေါ့။ အဲ့ဒါကတော့ Would you care for…? ပါ။
  • ‘Would you care for dessert, madam?’
  • “Would you care for a glass of champagne, sir?”

နောက်တစ်မျိုးကတော့ ယူကေနိုင်ငံမှာဘဲ ကြားရလေ့ရှိတဲ့ ဧည့်ခံစကားပါ။ ဗြိတိသျှ အင်္ဂလိပ် စစ်စစ်ပေါ့။ (Do you) fancy…? တဲ့။ ဒီအပြောကလည်း တစ်စုံတစ်ယောက်ကို ခင်မင်ရင်းနှီးတဲ့ ပုံစံနဲ့ ဧည့်ခံတာ ဖြစ်ပါတယ်။
  • “Do you fancy chicken or beef for dinner?”
  • “Fancy a sandwich?”

ရိုးရိုးရှင်းရှုင်းနဲ့ ဧည့်ခံတဲ့ နောက်စကားတစ်ခွန်းကတော့ How about…? ပါဘဲ။ ဒီစကားကတော့ တစ်ခုခုလုပ်ဖို့ ဖိတ်ခေါ်တဲ့အခါလည်းသုံးလို့ ရတယ်။ (ဧည့်ခံတာ - စားကြရအောင်၊ စားမလား စတဲ့ အဓိပ္ပါယ်လည်းရပါတယ်။) (ဖိတ်ခေါ် - လုပ်ကြရအောင်၊ လုပ်ကြမလား)
  • ‘How about going for a walk?’

(လူတစ်ယောက်ထက် ပိုတဲ့) လူအများကြီးကို ဧည့်ခံဖို့ သို့မဟုတ် ဖိတ်ခေါ်ဖို့ ပြောတဲ့အခါမှာတော့ ဒီဟာလေးတွေ သုံးရပါတယ်။ Who wants…?/ Who would like……?/ Who fancies….?
ဘယ်သူတွေ ဘာစား/ ဘာလုပ်ချင်ကြလဲဆိုပြီး ‘Who’မေးခွန်းနဲ့ မေးတာပေါ့နော်။
  • Who wants an ice cream?
  • Who would like something to drink?
  • Who fancies going to the cinema tonight?

အစားအသောက်တစ်ခုခု သို့မဟုတ် အခြားပစ္စည်းတစ်ခုခုကိုကမ်းလှမ်းတဲ့အခါ Can I get you…? လို့ ပြောကြတယ်။ ဧည့်သည်ရဲ့ ဆန္ဒကိုလည်းမေးတဲ့သဘောပါ။
  • ‘Can I get you anything?’
  • ‘Can I get you a cushion’?

အပေါ်ကအသုံးနဲ့ ခပ်ဆင်ဆင် ရှိပြီး ဧည့်သည်ရဲ့ ဆန္ဒကို မေးတဲ့ စကားတွေကတော့ What will you have? နှင့် What can I get you? တို့ပါ။ ဒီ၂ ခု ကတော့ စားသောက်ဆိုင်နဲ့ ဘားတွေမှာ အသုံးများ ပါတယ်။
  • ‘It’s my turn to get the drinks. What will you have?’
  • Good afternoon, madam. What can I get you?

ကဲ…ဒီလောက်ဆို အင်္ဂလိပ်လို ဧည့်သည်ကို ကောင်းကောင်းဧည့်ခံနိုင်လောက်ပါပြီ။ လေ့ကျင့်တဲ့အခါ အခုဖေါ်ပြပါ အသုံးတွေမှာ အစားအသောက်၊ နေရာ၊ အရာဝတ္ထုအမည်တွေ ပြောင်းထည့်ကြည့် ပြီး အသံထွက်လေ့ကျင့် ကျက်မှတ်ရင် အကျိုးထူးပါတယ်။
Englishwithatwist.com မှ Shanthi ရဲ့ English Skills: 11 Ways of offering something to someone ကို ကိုးကားဘာသာပြန်ထားတာ ဖြစ်ပါတယ်။

မူရင်းဆောင်းပါးကို ဤနေရာ (http://englishwithatwist.com/2014/07/29/english-skills-11-ways-of-o...) တွင် ဖတ်ရှုနိုင်ပါတယ်။

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်