ဝဋ်ကြွေးမကင်းသူများ

ဝဋ်ကြွေးမကင်းသူများ

          ကျွန်တော်တို့အားလုံး ဝဋ်ကြွေးမကင်းကြသူများ ဖြစ်သည်။ ဝဋ်မှာအမြဲ ငရဲမှအပ ဆိုသည့်အတိုင်း ကျွန်တော်တို့၏ ဘုရားရှင်ကိုယ်တော်တိုင် ဝဋ်ကြွေးတော် ဆယ့်နှစ်ပါးကို ပေးဆပ်ခဲ့ရကြောင်း ဘာသာရေး စာအုပ်များတွင် ဖတ်မှတ်ခဲ့ရဖူးသည်။
          သေချာစဉ်းစားကြည့်မည်ဆိုပါလျှင် ဘုရားငါးဆူပွင့်မည့် ဤကမ္ဘာတွင် ပွင့်ခဲ့ပြီးသည့် ဘုရားလေးဆူ ချွတ်၍ မကျွတ်နိုင်သူများ ကျန်နေရစ်ခြင်းဖြစ်သည်။
သူတော်စင်များက သံသရာဝဲသြဃမှ လွတ်မြောက်ရန် ကျင့်ကြံကြိုးစားနေကြသည်။ သူတော်ကောင်းများ၊ သက္ခပုဂ္ဂိုလ်များက ဘုရားရှင်ညွှန်ပြ ဆုံးမထား သည့်အတိုင်း ရှစ်ပါးသောအကျင့်မြတ်တို့ကို ကျင့်သုံးကာ ပါရမီဖြည့်ကျင့်နေကြသည်။ သူတော်စင်၊ သူတော်ကောင်းများကမူ သံသရာဝဋ်ဆင်းရဲအပေါင်းမှ လျင်မြန်စွာကင်းလွတ်လိုကြသော်လည်း သံသရာလည်နေရခြင်းကို ဒုက္ခဟု မသိမြင်သေးသူများကမူ လည်နေသည့်သံသရာ ရပ်သွားမည်ကိုပင် စိုးရိမ်နေကြသူများ ဖြစ်သည်။
          တချို့က လူ့ဘဝသည် ကျိန်စာတစ်ပုဒ်ဟု ဆိုကြသည်။ တချို့ကမူ ဒုက္ခသုံးဆနှင့် သုခတစ်ဆ ရောစပ်ထားခြင်းဟု အဓိပ္ပယ်ဖွင့်သည်။ မည်သို့ပင်ဖြစ်စေ သေချာသည်ကတော့ ကျွန်တော်တို့ ဘဝများစွာ သံသရာလည်ခဲ့ပြီဆိုတာ သေချာသည်။ ထိုဘဝများစွာတွင် ကုသိုလ်တို့ကိုလည်း ဖြည့်ကျင့်ခဲ့ဖူးပေမည်။ အကုသိုလ်အမှုတို့ကိုလည်း ပြုကျင့်ခဲ့ဖူးမည်။ ဝဋ်ကြွေးမကင်းသည့် အမှုကိစ္စတို့ကိုလည်း လုပ်ဆောင်ခဲ့ဖူး မည်မှာ သေချာသည်။
          မိဘအပေါ် ပြစ်မှားကျူးလွန်ခဲ့သည့် ပဉ္စာနန္တိယကံမှအပ ကျန်အကုသိုလ်များကို ကုသိုလ်ဖြင့် ချေဖျက်နိုင်ပေလိမ့်မည်။ ဝဋ်ကြွေးတင်ခဲ့ပြီဆိုပါလျှင် မည်သည့်ကောင်းမှုကုသိုလ်နှင့်မျှ ချေဖျက်၍မရနိုင်ဘဲ ဝဋ်ကြွေးကျေအောင်ပင် ဆပ်ရတော့သည်။ သူတော်စင်၊ သူတော်ကောင်းများကမူ သင့်တင့်သည့် နှလုံးသွင်းဖြင့် သည်းခံကာ ရောက်လာသည့် ဝဋ်ကြွေးကို ရှောင်လွဲမနေဘဲ ကျေကျေနပ်နပ်ဆပ်သည်။ သူတော်စင်များမှာပင် ဝဋ်ကြွေးမကင်းဟုဆိုလျှင် ကျွန်တော်တို့ လူ့အန္ဓများတွင် ပေးဆပ်ရမည့်ဝဋ်ကြွေးတို့ တန်းစီနေမှာ သေချာသည်။
          ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ဝဋ်ကြွေးမကင်းကြသူများ၊ ဝဋ်ကြွေးကြီးကြသူများကို တွေ့မြင်နေကြရသည်။ ကျွန်တော်တို့ဝန်းကျင်မှာလည်း တွေ့မြင်နေရသည်။ တချို့တွေက ဝဋ်ကြွေးကို ဝဋ်ကြွေးမှန်းပင် မသိကြ။ တချို့တွေက ဝဋ်ကြွေးမှန်းသိသော်လည်း ရှောင်လွှဲဖို့ကြိုးစားနေကြသည်ကို သနားစဖွယ် တွေ့မြင်နေရသည်။
          (၂၀၁၅)ခုနှစ်တွင် ကျင်းပခဲ့သည့် (Miss Universe 2015) တွင် သရဖူမှားယွင်းကြေငြာခံလိုက် ရသည့် ကိုလံဘီယာ အလှမယ်ကလေး (Ariadna María Gutiérrez Arévalo) ကို မှတ်မိကြဦးမည် ထင်ပါသည်။ ဆုမှားယွင်းကြေငြာမိသောကြောင့် သရဖူကို ပြန်ပေးလိုက်ရသည့်တိုင် အပြုံးကလေးဖြင့်သာ တုန့်ပြန်သည့် သူမ၏အမူအရာကိုကြည့်ပြီး တစ်ကမ္ဘာလုံးက ကရုဏာသက်ခဲ့ကြသည်။ သရဖူဆုထက် ကြီးသည့် ဆုလာဘ်ကို သူမရလိုက်ခြင်းဖြစ်သည်။ သူမ၏ အပြုအမူကိုကြည့်၍ စိတ်နေစိတ်ထားကို လေးစားသွားကြသည်။ ချီးကျူးကြသည်။ ကြိုးတန်းလမ်းလျှောက်သူပမာ ခြေချော်သွားသော်လည်း ပြုတ်ကျမသွားအောင်ထိန်းလိုက်နိုင်သဖြင့် အားပေးကြသူများခြင်း ဖြစ်သည်။ သို့သော် …။ ထိုသို့သော် သည် တကယ့်သို့သော် ဖြစ်သည်။ အားပေးသူ၊ ကရုဏာသက်သူ ပရိသတ်များ ထင်မှတ်မထားသည့် အလုပ်အကိုင်တစ်ခုကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကြိုးတန်းပေါ်မှ ပြုတ်ကျမသွားအောင် အတတ်ပညာ ဖြင့် လှလှပပထိန်းနိုင်သည့်သူမသည် ဟိုးအောက်ခြေသို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျပြလိုက်ခြင်းဖြင့် ပရိတ်သတ်များ၏ အထင်ကြီးလေးစားမှုကို ပြန်သိမ်းယူစေခဲ့သူဖြစ်သည်။
          အပြာရုပ်ရှင် သရုပ်ဆောင်ဘဝကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ကုမ္ပဏီမှ မက်မောလောက်သည့် ငွေကြေးကို ပုံပေးသည်ဆိုစေဦး ဂုဏ်သိက္ခာဆိုသောအရာ ရှိသေးသည်။ ထိုအရာကို သူမ မသိမဟုတ်။ သိသည်။ ရုတ်တရက်ရင်ဆိုင်လိုက်ရသည့် အခက်အခဲကို အကောင်းဆုံးဖြေရှင်းခဲ့နိုင်သော်လည်း အချိန်ယူ၍ဆုံးဖြတ်လိုက်သည့် အသက်မွေးဝမ်းကြောင်းအလုပ်တွင်မူ မှားယွင်းခဲ့လေသည်။ ကြော်ကြားမှု ကို သူမ ငတ်မွတ်သွားခြင်းဖြစ်မည်။ သို့မဟုတ် ဝဋ်ကြွေးကြောင့်လည်း ထိုဘဝကို ရွေးချယ်လိုက်ခြင်းဖြစ် မည် ထင်သည်။ (၂၀၁၄) တွင် (Miss Sucre)(Miss Colombia) ဆု အသီးသီးရခဲ့ဖူးသော သူမသည် ရွေးချယ်စရာလမ်းကြောင်းများစွာထဲမှ ဝဋ်ကြွေးကြောင့် ထိုအလုပ်ကို ရွေးချယ်ခဲ့မိကြောင်း သိနိုင်ဦးမည် မထင်ပေ။
          ကျွန်တော်တို့ဝန်းကျင်တွင်လည်း ဝဋ်ကြွေးတချို့ကြောင့် ရရှိလာသည့်ဘဝတွင် မပျော်မွေ့ဘဲ ယောက်ျားရှာ၊ မိန်းမရှာဖြစ်နေသူများစွာကို တွေ့မြင်ဖူးမည်ထင်သည်။ တချို့တွေက ထိုဘဝမှာပင် အလှဖန်တီးရှင်များ၊ ဒီဇိုင်နာများအဖြစ် အောင်မြင်နေကြသူများဖြစ်သည်။ ဟိုစဉ်တုန်းကဆိုလျှင် မိမိရသည့် ဘဝကို မကျေနပ်သည့် ထိုသူများကိုမြင်တိုင်း ရွံမုန်းမိသည်။ အသက်အရွယ်ရလာသည့်နောက် ဘာသာရေးစာပေများကို ဖတ်မိသည့်အခါ ဝဋ်ကြွေးဆိုသောအရာကို အနည်းအကျဉ်းသိလာသည်။ ကျွန်တော် ထိုသူများကို မရွံမုန်းတော့။ သနားစရာအဖြစ် မြင်လာသည်။ ယခုအခါတွင် မိမိအသက်မွေး ဝမ်းကြောင်းအလုပ်ကို အကောင်းဆုံးလုပ်နေကြသည့် သူတို့ကိုကြည့်ပြီး အလုပ်ချစ်သည့်စိတ်ကို လေးစားလာသည်။ သူတို့ခံယူထားသည့် ဘဝကို အားပေးအားမြှောက်ပြုလိုခြင်း မဟုတ်ဘဲ အသက်မွေးမှု အလုပ်ကို အားစိုက်လုပ်တတ်သည့် စိတ်ဓာတ်ကိုဖြစ်သည်။
          ၎င်းတို့ထဲမှ တချို့တွေ၏ဝဋ်ကြွေးက ပို၍ကြီးမားသည်။ လက်ရှိဘဝကို မကျေနပ်ဘဲ မိန်းမစစ်စစ်ဘဝကို ရယူလိုခြင်းဖြစ်သည်။ ခေတ်မှီဆေးပညာ၏ အကူအညီဖြင့် ခွဲစိတ်ဖြတ်တောက်ကာ မိန်းမဘဝကို ခံယူလိုက်ကြခြင်းဖြစ်သည်။ အပြင်ပန်းသဏ္ဍာန်အရ မိန်းမဟန်ဖြစ်သော်လည်း သူတို့၏ စိတ်ထဲတွင်၊ အားလုံး၏ စိတ်ထဲတွင် ယောက်ျားဘဝမှ ပုံပြောင်းထားသူများ ဆိုသောအသိက စွဲနေကြသည်။ ထိုအသိကို ဖျောက်ရန်အတွက် တချို့က ကလေးလိုချင်သည်ဟု ဆိုသည်။ တချို့က အိမ်ထောင်ပြုတော့မည်ဟု ဆုံးဖြတ်သည်။ မည်သို့ပင်လှည့်စားစေကာမူ ကာယကံရှင်နှင့် အားလုံး၏စိတ်ထဲ မှ အမှတ်သညာကို မလှည့်စားနိုင်သည်က သေချာသည်။
          နာမည်ကျော် မိတ်ကပ်ပညာရှင်တစ်ယောက်၏ ခွဲစိတ်ဖြတ်တောက်သည့် ဗွီဒီယိုနှင့် ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့နေသည်။ တချို့တွေက အားကျစိတ်ဖြင့် ချောလိုက်တာဟု မှတ်ချက်ပြုသည်။ တချို့တွေက နောက်ထပ်ချောက်ထဲဆင်းချင်ကြသူများကို ဖျားယောင်းသည့်သဘောဖြင့် အစစ်ထက် တောင် လှတယ် ဆိုသော စာသားဖြင့် တွန်းသည်။ ထိုသို့ ညစ်တွန်းလေးတွန်းတတ်ကြသည်မှာ လူသားများဖြစ်ကြသည်။
          ကာယကံရှင် မိတ်ကပ်ပညာရှင်က ခွဲစိတ်ဖြတ်တောက်ပြီးနောက် မည်မျှနာကျင်ခံစားရကြောင်း၊ မိဘ မောင်ဘွားများ၏ မျက်ရည်များအကြောင်းကို တီဗီရုပ်သံတစ်ခု၏ အင်တာဗျူးတွင် ဖြေဆိုခဲ့ဖူးသည်။ ထိုဘဝကို မနှစ်သက်ကြောင်းကို နှုတ်မှဖွင့်ဟဝန်ခံသည့် ထိုမိတ်ကပ်ပညာရှင်က ခွဲစိတ်ပြုပြင်ကာ မိန်းမဟန်ဖမ်းပြီး မိန်းမဘဝခံယူခဲ့ခြင်းမှာ ကြီးမားသည့် ဝဋ်ကြွေးတစ်ခုကြောင့်ဟု ထင်မြင်မိပါသည်။
          ကျွန်တော်တို့အားလုံး ထာဝရ ခရီးသွားများဖြစ်ကြသည်။ ခရီးဆုံးမရောက်သေးချိန်ထိ ဒုက္ခတို့ကို ထမ်းပိုးရင်းသွားနေရသည့် ခရီးသည်များဖြစ်သည်။ ဝဋ်ကြွေးမကင်းကြသူများချည်းဖြစ်သည်။ သံသရာလည်နေသ၍ ဒုက္ခတွေတိုးကာ ဝဋ်ကြွေးတို့ တင်နေဦးမည်သာဖြစ်သည်။ ဝဋ်ကြွေးကင်းဖို့အတွက် သံသရာစက်ကို ရပ်ဖို့လိုသည်။ သံသရာစက်ကိုရပ်ရန်အတွက် ဘုရားရှင်က နည်းပေးလမ်းပြထားခဲ့ပါသည်။ သို့သော် လမ်းသည် လမ်းသာဖြစ်သည်။ လမ်းသိနေစေဦး ကိုယ်လျှောက်မှ ကိုယ်ရောက်မည့် ခရီးဖြစ်သည်။ ထိုလမ်းကို လျှောက်နေသလား၊ မလျှောက်ဘူးလားဆိုသည်ကို ကျွန်တော်တို့ အသိဆုံးဖြစ်သည်။ လူအများစုက လမ်းဟောင်းအတိုင်း လျှောက်နေကြဆဲဖြစ်သည်။
          အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့အားလုံး ဝဋ်ကြွေးမကင်းကြသူများ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်