လူငယ်များနှင့် ဘက်စုံပညာရေး
ယနေ့လူငယ်များသည် အနာဂတ်လူ့ဘောင်ကို ပိုင်စိုးကြမည့်သူများဖြစ်ပြီး အနာဂတ်လူ့ဘောင်ကို ဖန်တီးတည်ဆောက်ကြမည့် နိုင်ငံ့အရင်းအမြစ်များဖြစ်ကြသည်။ လူငယ်များကို စိတ်ဓာတ်မြင့်မားသူ၊ အတွေးအခေါ်မှန်ကန်သူ၊ ရိုးသားဖြောင့်မတ်သူ၊ စွမ်းရည်ပြည့်စုံကြသည့်လူငယ်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်သည်။
လူငယ်များကို စနစ်တကျမှန်မှန်ကန်ကန် လေ့ကျင့် ပျိုးထောင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်ကို မြင့်မားတိုးတက်အောင် တည်ဆောက်သွားနိုင်မည် ဖြစ်သည်။ မြန်မာလူငယ်များမှာ မိဘဆရာသမားနှင့် ဘာသာတရား၏အဆုံးအမများဖြင့် ကြီးပြင်း လာကြသူများဖြစ်၍ နိုင်ငံနှင့်အများအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်မည့်သူများဖြစ်သည်။ အနည်းငယ်မျှသော လမ်းကြောင်းအမှားသို့ လျှောက်လှမ်းသူလူငယ်များ ရှိနေသော်လည်း လူငယ်အများစုမှာ လိမ္မာယဉ်ကျေးသူများဖြစ်သည်။နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအုတ်မြစ်သည် ပညာတတ် အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ ပညာဆိုသည်မှာ အသေးစိတ်သိခြင်း၊ သိအောင်လုပ်ခြင်း၊ ကျယ်ကျယ် ပြန့်ပြန့်သိခြင်းတို့ ဖြစ်သည်။
ပညာသင်ကြားခြင်းတွင် ကျောင်းသင်ခန်းစာများကိုသင်ယူခြင်းအပြင် ကျောင်းပြင်ပ သင်ယူခြင်းနှင့် အတွေ့အကြုံများမှ ကိုယ်တိုင်လေ့လာ သင်ယူသွားကြရမည်ဖြစ်သည်။ ပညာတတ်ဖြစ်မှသာ လူ့ဘဝရှင်သန်ရပ်တည်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် လုပ်ငန်းကျွမ်းကျင်မှု အရည်အသွေးများကို ရရှိပြီး စဉ်းစားတွေးခေါ်မှု၊ ပြဿနာကိုဖြေရှင်းတတ်မှု၊ ဝေဖန်ပိုင်းခြားတတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု စသည့်ပင်ကို အရည်အသွေးများကို ပိုင်ဆိုင်လာမည်ဖြစ်သည်။
အရည်အသွေးမြင့်သည့် ပညာရပ်များကို တတ်ကျွမ်းသူများသည် ဝင်ငွေကောင်းသည့် အလုပ်အကိုင်ကောင်းများကို ရရှိနိုင်သည်။ ဆန်းသစ်တီထွင်တတ်သူ၊ ဉာဏ်ရည်မြင့်မားသူ၊ ဝီရိယရှိပြီး ကြိုးစားအားထုတ်သူများသည် သက်ဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်သူများဖြစ်လာကြသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်နိုင်ငံလုံးအသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကား လာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် လျက်ရှိသည်။ ထို့ပြင်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်) အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ(၃၃)တွင် "နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်" ဟုပြဋ္ဌာန်းထားပြီးဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ရှင်သန်ရေးသည် နိုင်ငံသားတိုင်းတွင်ရှိရမည့်စိတ်ဓာတ်ဖြစ်သည်။ လူငယ်ဘဝ ကတည်းက မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်သည့်စိတ်ဓာတ်ကို မွေးမြူပေးကြရမည်ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံတိုင်းတွင် ကျင့်သုံးနေသည့်စိတ်ဓာတ်ဖြစ်သည်။ ဘာသာစကား မတူကြသော်လည်း နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်မှာမူ အတူတူပင်ဖြစ်သည်ဟုဆိုနိုင်သည်။ မိမိနိုင်ငံ၊ မိမိလူမျိုးဟုဆိုရာ၌ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားအပေါင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ တိုင်းရင်းသားအပေါင်းတို့သည် ဤမြေ၊ ဤရေ၊ ဤလေထုတွင် နှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ နေထိုင် လာခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်သည်။ လူငယ်ဆိုသည်မှာ လူ့ဘဝခရီးအစ၏ ပထမအရွယ် ဖြစ်သည့်အတွက် လူငယ်ကဏ္ဍမြင့်မားရေးကို ဆောင်ရွက်ခြင်းမှာ နိုင်ငံ့အနာဂတ်ကို အလှဆင်ခြင်း ဖြစ်သည်။
အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ လက်အောက်တွင် စတင်ဖွဲ့စည်းထားသည့် လူငယ်ရေးရာဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန်များမှာ (က) နိုင်ငံတကာအသိုက်အဝန်းတွင် မြန်မာလူငယ်များ၏ အဆင့်အတန်း မြင့်မားစေရေးအတွက် ဖော်ဆောင်ပေးရေး၊ (ခ)လူငယ်များ နိုင်ငံ့သားကောင်းပီသစွာ နေထိုင်ပြီး လေးစားစွာ လိုက်နာဆောင်ရွက်ရေး၊ (ဂ) လူငယ်တို့၏ရုပ်ပိုင်း၊ စိတ်ပိုင်း၊ နိုင်ငံရေး၊ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး၊ (ဃ) အားကစားကဏ္ဍတွင် မသန်စွမ်းအားကစားသမားများ အပါအဝင် လူငယ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရေး၊ (င) မသန်စွမ်းလူငယ်များ၏ အခွင့်အရေးကာကွယ်ရေးနှင့် မသန်စွမ်းလူငယ်များ ဘဝမြှင့်တင်ပေးရေး၊ (စ) လူငယ်များ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေးတို့ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မျိုးဆက်သစ်လူငယ်များကို အသိပညာ၊ အတတ်ပညာ ပြည့်စုံပြီး အနာဂတ်နိုင်ငံတော်အတွက် သားကောင်းရတနာများဖြစ်အောင် ပြုစုပျိုးထောင် လျက်ရှိသည်။ လူငယ်များကို အနည်းဆုံးအလယ်တန်းအဆင့် တတ်မြောက်နိုင်ရန်လိုအပ်သဖြင့် KG+9 ပညာရေးကို မဖြစ်မနေသင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး KG+9 အောင်မြင် သူများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုအထက်တန်းကျောင်းများတွင် ဆက်လက်ပညာ လေ့လာသင်ယူနိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် လူငယ်များအနေဖြင့် မိမိတို့၏ဘဝတက်လမ်းကို မိမိတို့၏ကြိုးစားအားထုတ်မှုဖြင့်သာ ဆောင်ရွက်ကြရမည် ဖြစ်ပေရာ ဘက်စုံပညာရေး စနစ်တွင် နိုင်ငံတော်၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းကြရန် ဖြစ်ပါကြောင်း။ ။
မြဝတီ
Comments
Post a Comment