အောင်မြင်ခြင်းရဲ့ လျှို့ဝှက်ချက်

အောင်မြင်ခြင်းရဲ့ လျို့ဝှက်ချက်
 
  အောင်မြင်ခြင်း၏ လျှို့ဝှက်ချက်ဟု ဆိုထားသော်လည်း တကယ်တမ်းတွင်မူ လျှို့ဝှက်ချက် မဟုတ်ချေ။ လူအများ သတိမမူမိသောကြောင့်ဖြစ်သည်။ သတိမူမိသည်ဆိုစေကာမူ အလေးမထားကြ သောကြောင့်ဖြစ်သည်။ ထိုအချက်လေးကို ကျွန်တော်က အစဖော် ထောက်ပြပေးရုံသက်သက်သာ ဖြစ်သည်။ လိုက်နာကျင့်သုံးခြင်းဆိုသည်က သင့်အပေါ်တွင်သာ လုံးလုံးမူတည်နေသည်။

          အောင်မြင်သူတစ်ယောက်ကို သတိထားကြည့်မည်ဆိုပါက သူ့တွင် ဝန်းကျင်ကောင်းရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုဝန်းကျင်တွင် သူ့အတွက် မနည်းလှသော မိတ်ဆွေများရှိနေကြသည်။

          ဆယ်တန်းကျောင်းသားလေး တစ်ယောက်၏ ဝန်းကျင်ကို ကြည့်မည်ဆိုပါက မိမိတို့တတ်နိုင်သမျှ ဖြင့် အကောင်းဆုံးကျောင်း၊ အကောင်းဆုံးကျူရှင်ကို ထားသည့် မိဘများရှိသည်။ သင်သည့် ဆရာ၊ ဆရာမများမှာလည်း စာမလိုက်နိုင်သည့်ကျောင်းသားကို စာမေးပွဲအောင်စေရန်၊ အောင်နိုင်သည့် ကျောင်းသားကို ဂုဏ်ထူးထွက်လာစေရန်၊ ဂုဏ်ထူးထွက်နိုင်သည့်ကျောင်းသားကို ဘာသာစုံဂုဏ်ထူး ထွက်လာစေရန် ကြိုးစားသင်ကြားပေးသူများ ဖြစ်ကြသည်။ နွမ်းပါးသဖြင့် အခကြေးငွေပေးရသည့် ကျူရှင် မနေနိုင်စေကာမူ မသိနားမလည်သည်များကို မေးလာလျှင် ကူညီရှင်းပြပေးမည့် ဝန်းကျင်ဖြစ်သည်။ ကျောင်းသားဘက်မှ ရိုးသားကြိုးစားရန်သာလိုသည်။

          ကျောင်းပြင်ပမှ  လူမှုဘဝနယ်ပယ်တွင်လည်း ဤအတိုင်းသာပင်ဖြစ်သည်။ အောင်မြင်လိုသူ အတွက် ဝန်းကျင်ကောင်း မိတ်ဆွေကောင်းရှိရန်လိုသည်။ မရှိခဲ့လျှင်လည်း ရှိအောင်ဖန်တီးရမည်မှာ သင်၏တာဝန်ဖြစ်သည်။ ဝန်းကျင်ကို မပြောင်းလဲနိုင်ခင်မှာတော့ ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲသင့်သည် မဟုတ်လား။ သင့်ဘက်မှ ရိုးသားမှုရှိဖို့လိုသည်။ ရိုးသားခြင်းသည် အကောင်းဆုံးမူဝါဒပင်ဖြစ်သည်။ ရိုးသားမှုရှိသူဖြစ်မှသာလျှင် သင်နှင့်ဆက်ဆံရမည့်သူများ စိတ်ချယုံကြည်မှုကို ခံစားရမှာဖြစ်သည်။ ထို့အပြင်သင်သည် ကြိုးစားသူတစ်ယောက်ဖြစ်ဖို့လည်း လိုသည်။ သံကို သံလိုက်သည်  ဆွဲဆောင်သကဲ့သို့ ကြိုးစားမည့်သူအချင်းချင်းကိုလည်း အလုပ်ကြိုးစားသူကသာလျှင် ဆွဲဆောင်နိုင်သည်။

          အောင်မြင်လိုသူအတွက် ရိုးသားကြိုးစားခြင်းသည် မရှိမဖြစ်အခြေခံအချက်ဖြစ်သည်။ သင့်တွင် ဤအရည်အချင်းနှစ်ရပ်တည်းသာ ရှိမည်ဆိုပါက အောင်မြင်သူ၊ ဦးဆောင်နိုင်သူ ဖြစ်မလာဘဲ ဝန်ထမ်းကောင်း အဆင့်တွင်သာ ရပ်တန့်နေပေလိမ့်မည်။ ထို့အတွက် သင်သည် တီထွင်ဖန်တီးနိုင်စွမ်း ရှိရန်လိုအပ်သည်။ သင်၏သိမှုနယ်ပယ်ကို ချဲ့ရန်လိုသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတတိုးမည့်စာများ၊ စိတ်ဓာတ်ခွန်အားကိုပေးသည့် တက်ကျမ်းများကို ဖတ်ရန်လိုသည်။ မိတ်ဆွေများနှင့် ပေါင်းသင်းဆက်ဆံရာတွင် ကိုယ်ချင်းစာတရားအတိနှင့် ဆက်ဆံနိုင်ရန်အတွက် ရသစာပေများကိုလည်း ဖတ်ရန်လိုအပ်သည်။ သင်သည် စာဖတ်သူတစ်ဦးဖြစ်လာသည်နှင့်အမျှ သင့်တွင် မပြောင်းလဲနိုင်သည့် မိတ်ဆွေများလည်း တိုးပွားလာပြီဖြစ်သည်။

          သံမဏိလုပ်ငန်းရှင်ကြီး အင်ဒရူးကာနက်ဂျီက ပြောဖူးသည်။

          “ ထူးချွန်ထက်မြက်တဲ့ မိတ်ဆွေတွေက ကူညီလို့ ကျွန်တော် အောင်မြင်လာတာပါ…”

ဆိုသောစကားဖြစ်သည်။ ထိုထူးချွန်ထက်မြက်သည့် အတတ်ပညာရှင်၊ အသိပညာရှင်မိတ်ဆွေများ ကူညီဖန်တီးနိုင်ရန် သင့်တော်သည့် နေရာဌာနနှင့် လုပ်ပိုင်ခွင့်ကို ပေးအပ်ထားသည့် သံမဏိလုပ်ငန်းရှင်ကြီး ၏ မှန်ကန်သည့် ဆုံးဖြတ်ချက်နှင့် ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မှုသည်လည်း မေ့ထားမရသည့် အရည်အချင်း တစ်ရပ် ဖြစ်သည်။

          သင့်တွင် မပြောင်းလဲနိုင်သည့် စာအုပ်စာပေမိတ်ဆွေများလည်း ရှိပြီ။ သင့်စိတ်ကူးပုံဖော်သမျှကို လုပ်ကိုင်ပေးကြမည့် မိတ်ဆွေများလည်း ရှိပြီ။ သို့ဆိုလျှင် သင်အောင်မြင်ရန်အတွက် တွန်းအားပေးမည့် လောင်စာမိတ်ဆွေများသာ လိုတော့သည်။ ထိုမိတ်ဆွေများသည် သင်၏ပြိုင်ဘက်များဖြစ်ကြသည်။ ထိုမိတ်ဆွေကင်းမဲ့နေလျှင် သင်၏တိုးတက်မှု၊ အောင်မြင်မှုသည် အရှိန်အဟုန်နှေးကွေးနေပေလိမ့်မည်။ အာကာသသို့ လွှတ်တင်မည့် လွန်းပျံယာဉ်အတွက် ခေတ်မှီစက်ကိရိယာများနှင့် ကျွမ်းကျင်သည့် အာကာသယာဉ်မှူးအပြင် တွန်းအားပေးမည့်လောင်စာသည်လည်း မရှိမဖြစ်လိုအပ်သည်။ သင်သည် ထိုလောင်စာနှင့်တူသော မိတ်ဆွေကို တွန်းအားအဖြစ် အသွင်ပြောင်းပြီး စနစ်တကျအသုံးချနိုင်မည်ဆိုလျှင် သင်၏အောင်မြင်မှုတို့ကို အချိန်တိုအတွင်း အရှိန်မြင့်ဆုံးတွန်းပို့နိုင်ပေလိမ့်မည်။ လွဲမှားစွာ အသုံးချမိလိုက် သည်နှင့် လွင့်စင်ပေါက်ကွဲကာ ပျောက်ရှသွားမည့်သူမှာ သင်ဖြစ်သည်။

          သင့်တွင် ဆိုခဲ့ပြီးသော မိတ်ဆွေသုံးမျိုးနှင့် ပြည့်စုံနေပြီဆိုပါက ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးမိပြီဖြစ်သည်။ သင်အောင်မြင်ရန်အတွက် ရာခိုင်နှုန်းကိုးဆယ် သေချာနေပြီဖြစ်သည်။ သင်၏ ကြိုးစားမှု ဆယ်ရာခိုင်နှုန်းမျှဖြင့် လက်တွေ့ဘဝ အောင်မြင်မှုကို ရယူနိုင်မည်ဖြစ်သည်။

          ပြီးပြည့်စုံသည့် ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးကာ ဆယ်ရာခိုင်နှုန်းမျှ ကြိုးစားအာထုတ်သည်နှင့် အောင်မြင်နိုင်သည်ဆိုသောအချက်ကို သင်မယုံမကြည်ဖြစ်ကာ သံသယ ဝင်ကောင်းဝင်နိုင်သည်။ ဆိုရိုးတစ်ခုကို သင်ကြားဖူးမည် ထင်ပါသည်။

          “ ရင့်မှည့်နေတဲ့ သစ်သီးတစ်လုံးအတွက် လေညင်းလေးကလည်း ကြွေကျစေတာပဲ”

ဆိုသော စကားဖြစ်သည်။ သင်မြင်သာအောင် ထပ်ပြောပြရမည်ဆိုလျှင် ကားတစ်စီးကို လိုချင်သည့် အရှိန်နှင့် ရွေ့လျားစေရန်အတွက် သင်ကိုယ်တိုင် အပင်ပန်းခံတွန်းရန် မလိုအပ်ချေ။ ကားတစ်စီးအတွက် ဆီ၊ မီး၊ ရေ၊ လေ ပြည့်စုံပြီးဆိုလျှင် သောဖွင့်၊ စက်နှိုး၊ ဂီယာထိုး၍ လီဗာလေးနင်းလိုက်ရုံသာ ရှိသည်။ အရှိန်ဘယ်လောက်ဟူသည် သင်နင်းနေသည့် လီဗာအပေါ်မှာပဲ မူတည်နေသည်။ ကားတစ်စီး လိုရာခရီးကို အချိန်တိုအတွင်း ရောက်ဖို့အတွက် သင်ပင်ပင်ပန်းပန်း တွန်းမည်လား၊ သက်တောင့်သက်သာနှင့် လီဗာနင်းကာ သွားမည်လား။ လိုအပ်သည်မှာ သင့်ဘက်မှ ကားကောင်းတစ်စီးဖြစ်ဖို့ အသင့်ပြင်ဆင် ထားရန် ဖြစ်သည်။ ထိုသို့ပြည့်စုံနေပြီဆိုလျှင် သင်၏အားထုတ်မှု ဆယ်ရာခိုင်နှုန်းမျှဖြင့် လိုရာပန်းတိုင်ကို သက်တောင့်သက်သာဖြင့် အရောက်သွားနိုင်မည်ဖြစ်သည်။

          ကြိုးစားအားထုတ်မှုသည် ဆယ်ရာခိုင်နှုန်းကျော်ခဲ့မည်ဆိုပါက မိတ်ဆွေများအားလုံးကို သင်ပြော နိုင်သည့် စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ ….

          “ We will see you at the top ”

ဆိုသော စကားဖြစ်လေသည်။

                                                                                                                                                                                          ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်