အားကျတယ် အတုယူမယ်
အားကျတယ် အတုယူမယ်
ကျွန်မတို့ငယ်စဉ်ကာလ လူကြီးသူမများ ဒဏ္ဍာရီ ပုံပြင်လေးတွေပြောပြတာ နားထောင်လို့ တကယ် ကောင်းခဲ့ပါ တယ်။ ပြောပြတဲ့ပုံပြင်ထဲက သူရဲကောင်း တွေ လူကြီးမိဘအပေါ် လိမ္မာရေးခြားရှိတဲ့ ကလေး တွေဇာတ်ဆောင် နေရာမှာ ကိုယ်ကိုယ်တိုင်ဖြစ်တဲ့အထိ ရင်မှာစွဲလမ်းခဲ့ကြရပါတယ်။ စာဖတ်တတ်တဲ့အရွယ်၊ ကာတွန်းရုပ်ပြက စလို့ ဝတ္ထုဇာတ်လမ်းတွေမှာလည်း အဲသလိုပဲခံစားသက်ဝင်ပြီး ဇာတ်ကောင်ကိုသဘောကျ နှစ်ခြိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ဇာတ်လမ်း အဆုံးသတ် လေးတွေမှာတော့ ကြေကွဲမှုတွေနဲ့အဆုံးသတ်တာ၊ ရှုံးနိမ့်မှုတွေနဲ့အဆုံးသတ်တာ မလိုလားကြပါဘူး။
လူ့စိတ်သဘောအရ ဇာတ်လမ်းအဆုံးမှာ
အောင်မြင်မှု၊ ပျော်ရွှင်မှုတွေနဲ့ ကြည်နူးစွာ ဇာတ်သိမ်းစေချင်တာပါ။
နုနယ်တဲ့နှလုံးသား အရွယ်လေးတွေကို
ကိုယ်ကိုယ်တိုင် အောင်မြင်မှုတွေ ရယူပိုင်ဆိုင်ချင် စိတ်တွေရှိကြတာ ငယ်စဉ်က တည်း
ကဖြစ်လို့ အောင်မြင်မှုတွေကို အားကျစိတ်ရှိတတ်ကြပါတယ်။ အားကျသင့်ပါတယ်။ လူတိုင်း နီးပါး အားကျရမယ့် စံပြပုဂ္ဂိုလ်ရှိတတ်ကြ
ပါတယ်။ မသိမသာဖြစ်ဖြစ် သိသိသာသာဖြစ်ဖြစ် ရှိတတ်ကြပါတယ်။ စာရေးဆရာကြီးတွေပြောတာ
ရေးတာ ဖတ်ဖူးပါတယ်။ အားကျစိတ်ရှိတာ ကောင်းတယ်တဲ့။ ကိုယ့်ရဲ့စံပြပုဂ္ဂိုလ်
ရှိနေတာဟာ အတုယူ အားကျကြိုးစားတဲ့စိတ်ဖြစ်စေလို့ပါတဲ့။
သူ့အပြုအမူ အနေအထိုင် အပြောအဆိုကစလို့ အားကျတဲ့ဘဝကို ဘယ်လိုကြိုးစားကြလဲ လေ့လာပြီး တစ်နေ့မှာ ငါလည်း ကြိုးစားရမယ်။ အောင်မြင်အောင် လုပ်ရမယ်။
လုပ်ချင်တဲ့ စိတ်ဓာတ်ကို မွေးပြီး ကိုယ်ကိုယ်တိုင် လေ့လာ ဆည်းပူးပြီး အရည်အချင်းရှိအောင် တည်ဆောက် သင့်တယ်ဆိုပါတယ်။
အတုယူတယ်ဆိုတာလည်း ငယ်စဉ်ကာလနှလုံးသားနုနယ်တဲ့အခါက စိတ်မှာစွဲထင်ထားသလို
လူတော်လူကောင်းတွေကိုပဲ အားကျ လေ့ရှိပါတယ်။ လူဆိုးလူမိုက်ကြီးကိုတော့ အားမကျ
ကြပါဘူး။
စာရေးသူကျွန်မသည် စာရေးချင်တဲ့
ဝါသနာသိပ် ကိုပါခဲ့ပါတယ်။ ဘယ်လိုရေးရမလဲမသိ၊ စာရေးဆရာ တွေပြော တာ ဟောတာ၊
ရေးတာတွေဖတ် အဖြေရှာမရ။ စာရေးဆရာကြီးတစ်ယောက်ကမိမိရေးတတ်သလို ရေးပါတဲ့။ ကျွန်မလည်း
ရေးတာပါပဲ။ ဟိုးလွန်ခဲ့သော နှစ်များစွာက ကျွန်မတာဝန်ကျတဲ့ နယ်စွန်နယ်ဖျား မြို့လေး
တစ်မြို့က မြို့နယ်အထိမ်းအမှတ်မဂ္ဂဇင်း ထုတ်မယ်ဆိုတော့
ကျွန်မရေးထားတဲ့စာမူလေးပေးခဲ့ ပါတယ်။ ရိုးသားသော တိုင်းရင်းသားများဖြစ်လို့ အားနာတယ်လို့တောင် အပိုစကားတွေမဆိုနိုင်ပါဘူး။
ကျွန်မစာမူကို နိုးပါတဲ့။ ကျွန်မက
အဲဒီကာလမှာ ဆရာမကြီးလူထုဒေါ်အမာရဲ့စာအုပ်တွေဖတ်နေစဉ်
ကာလ၊ ဆရာမကြီးရဲ့စကားပြောဟန် အရေးအသား ကိုကြိုက်သလို ဆရာမကြီးရဲ့ စာပေစာအုပ်ဗဟုသုတ
ရသစာပေတွေကို သိပ်ကြိုက်ခဲ့ပါတယ်။ အခုလည်း ကြိုက်လျက်ပါ။ စာအုပ်တချို့
ဝယ်သိမ်းထားပါတယ်။ ရေးတတ်သလိုရေးမယ်ဆိုပြီးရေးတာ
ကျွန်မအရေး အသားကို မကြိုက်ရတဲ့အကြောင်းလက်ခံတယ်။
စာပေဂန္ထဝင် မမြောက်စသည်တို့နှင့်
ဖွဲ့စည်း တည်ဆောက်မှု မဟုတ်တာရယ် ဖတ်နေကျခံ့ညားသော အရေး အသား မဟုတ်တာရယ်ကြောင့်
စာမူအပယ်ခံရတာပါ။ အားမလျှော့ပါ။ အဲဒီရေးဟန် နဲ့ပဲရေးမြဲရေးနေတာပါပဲ။
မရေးရရင်မနေနိုင်တာ ဖြစ်လို့ပါ။ ပုံနှိပ်ဖော်ပြခြင်း၊ မဖော်ပြခြင်းက ကံတရားပေါ့။
ဒါပေမဲ့ ကံကကောင်းတော့ မကြာဘူး ဆိုပေမယ့် လေး၊ ငါးနှစ်အကြာမှာကျွန်မမဂ္ဂဇင်းစာမျက်နှာပေါ်မှာ
ဖော်ပြခွင့်ရပါတယ်။ ပင်တိုင်လို ရေးရတာ။ သုံးနှစ် လောက် စဉ်ဆက်မပြတ်ရေးခဲ့ရတာပါ။
စာပေလောက ကျွန်မလေးစားအားကျရသော ဆရာမကြီး လူထု ဒေါ်အမာရေးသားတာအတုယူပြီး
မလျှော့သော ဇွဲ၊ လုံ့လကြောင့်
အခုလိုစာရေးသူဖြစ် လာခြင်းကို ပြောခြင်းဖြစ်ကြောင်းပါ။
လေးစားအားကျရတဲ့သူ မိမိဘဝမှာရှိနေတာ ကောင်းတယ်ဆိုတာရယ်၊
လုံ့လပြု ကြိုး
စားမှုများရင် အောင်မြင်တယ်ဆိုတာရယ် အသိပေးခြင်း တင်ပြခြင်းဖြစ်ကြောင်းပါ။
အလျဉ်းသင့်လို့ ဗုဒ္ဓဝင်လာဇာတ်တော်တစ်ခု ရေးသားချင်ပါတယ်။ သဗ္ဗညုတဉာဏ်တော်ရှင်ဂေါတမ
ဘုရား သခင်ကို မွေးဖွားတော်မူစကပင် နန်းတွင်းက ပုရောဟိတ် ပုဏ္ဏားတွေကရော
ဘုရင်သုဒ္ဓေါဒန မင်းကြီး ကိုးကွယ်တဲ့ရသေ့ကြီးကပါ ဘုရားဖြစ်မယ်လို့
ဟောကြားနိမိတ်ဖတ်ကြပါတယ်။ ဘုရင်ကြီးက သူလျာထား ရည်မှန်းထားတာက သူ့ရဲ့
ထီးနန်းအရိုက် အရာဆက်ခံမယ့်သားတော် ထီးမွေနန်းလျာသားတော် အဖြစ်ကိုပါ။
နန်းတော်ထဲမှာ စည်းစိမ်အပြည့်ခံစား လို့ရအောင်ဥယျာဉ်တော်၊ ရေကန်တော်၊ နန်းပြာသာဒ်
တွေဆောက်လုပ် အရွယ် ရောက်လာတော့လည်း
မောင်းမ မိဿံအများအပြား၊
အဆောင်အယောင်များနှင့် ထီးနန်းစည်းစိမ်ကို
ခံစားစေခဲ့ပါတယ်။ ထီးနန်းစိုးစံတာ ၁၃ နှစ်ကြာလို့
၂၉ နှစ်အရွယ်သို့ရောက်တော့ တစ်ရက်မှာ အာဇာနည် သိန္ဓောမြင်း
လေးကောင်ကတဲ့ ရထားကိုစီးလို့ ရထားထိန်းနဲ့အတူ ဥယျာဉ်တော်ကိုထွက်လာပါတယ်။ အဲဒီမှာ
စတာပါ။ ကျွန်မတို့ဇာတ်ပွဲတွေမှာ မြင်းမြီးဆွဲ မောင်ဆန်ကြားဖူးကြမှာပါ။
ဘုရားအလောင်း ဖွားဖက်တော် မောင်ဆန္ဒက ဆန္ဒအမတ်ဖြစ် လာပါတယ်။
မြင်းကလည်း ကဏ္ဍကမြင်း ဖွားဖက်တော်ပါပဲ။ ပါရမီ ဖြည့်ဖက်တွေ လို့ဆိုလို့ ရပါလိမ့်မယ်။
ဥယျာဉ်တွေက ထွက်တယ်။ သူအို၊ သူနာ၊ သူသေ၊ ရဟန်းစတဲ့နိမိတ် လေးပါးတွေတွေ့ပြီး တရား
သဘောတွေ မြင်တွေ့နေ ပါပြီ။ တစ်ရက်မှာရဟန်းတော်တစ်ပါးကိုဖူးမြော်စဉ် သကာလ
တရားသဘောကို လက်တွေ့ ကျင့်တောထွက်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။
အထပ်ထပ်သောမြို့ရိုးနဲ့ အစောင့်တို့ကိုကျော်လွှား နတ်တို့ရဲ့ စွမ်းအားကူညီ
လူ့လောကီ ကိလေသာအမိုးကို ဖယ်ချိုးဖွင့်လှစ် တောထွက်လို့ သွားပါတော့တယ်။ အနှစ်ချုပ်
ရပါလျှင် သဗ္ဗညုတဘုရားစစ်ဖြစ်တော်မူပွင့်တော်မူသည်အထိ
ကျင့်ကြံအားထုတ်ခဲ့ကြောင်းပါ။ မဟာ ဗုဒ္ဓဝင်လာ ဇာတ်တော်များရေးဖွဲ့မကုန်ရှိလှပါတယ်။
ပြောချင်တာက ဆန္ဒအမတ်အကြောင်းပါ။ မြတ်ဗုဒ္ဓဘုရား ထံပါး မှာ ရဟန်းဝတ်ခဲ့ပါတယ်။
ဘုရားရှင်က ပရိသတ်အပေါင်း တရားရေအေးအမြိုက်ဆေး တိုက်ကျွေးလျက်
သာသနာပြုနေပါတယ်။ အကျွတ်တရားရယူ တရားထူးရယူ ရဟန်းဘောင်ဝင်သူတွေများပြားကာ
သာသနာ တော် ပွင့်လန်းလှပါတယ်။ လာတဲ့ဧည့် ပရိသတ်အပေါင်းကို မြတ်စွာဘုရားနှင့်ပတ်သက်လို့
အရှင်ဆန္ဒက ဂုဏ်ယူ
မဆုံး ပီတိတွေ ဖုံးလို့ ကြွားမဆုံး ဖြစ်နေပါတယ်။သူကိုယ်တိုင်က ရဟန္တာဖြစ်အောင် ကျင့်ကြံနိုင်ခြင်း မရှိသေး ပါဘူး။ မြတ်စွာဘုရားရှိစဉ် ကတည်းက
ရဟန်းဝတ်ခဲ့သလို မြတ်ဘုရားသခင် ဟောကြားသမျှ တရားတွေနာ တို့ရဲ့ဘုရား တို့ဘုရား ဟောကြားတဲ့ တရားအတ္တတွေနဲ့အချိန်ကုန်လို့ပါ။
မြတ်စွာဘုရားပရိနိဗ္ဗာန်ပြုတော့
အနိစ္စလက္ခဏာရေးရေးတင်ကာ သူ့ရဲ့အတ္တတွေစောကြောမိပါပြီ။ ရှင်အာနန္ဒာမထေရ်မြတ်ထံဆည်းကပ်လို့
တရားထူးတွေ နာကြားအသိတရားတွေရစပြုလာပါပြီ။ ကိုယ်တိုင် ကျင့်ကြံတော့မှ ရဟန္တာအဖြစ် ရောက်ရှိသွားပါတော့တယ်။
ကျွန်မစာရေးသူ ပြောချင်တာဒါပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်ကိုးစား အားကျစေပြီးတော့ မိမိကိုယ်တိုင်က အဓိကပါပဲ။
ကောင်းမြတ်တဲ့အကျင့် သီလစရိုက်က အတုယူစေဖို့ပါ။ အားကျရုံ၊ လေးစားရုံနှင့် မလုံလောက်ပါ ဘူး။ လေးစားအားကျသူရဲ့အရည် အသွေး၊
အရည်အချင်းအတုယူသင့်တာယူ ကျင့်ကြံသင့်တာကျင့်ကြံရပါမည်။ မြတ်စွာ ဘုရားသခင် သက်တော်ထင်ရှားရှိစဉ် အခွင့်အရေးတွေရသော်ငြား
ဟောကြားသော တရားဒေသနာ
တွေသေချာကျန နာယူပြီး ကိုယ့်ကိုယ်ကိုယ်ကျင့်ကြံတည်ဆောက် အားထုတ်မှု မလုပ်ခဲ့လို့ တရားထူး၊
တရားမြတ် တွေက မာနတွေ၊ အတ္တတွေခံနေလို့
နောက်ကျစွာရရှိခဲ့တာ တွေတွေ့ရပါတယ်။ အားကျသည်သာမက အတုယူ အားထုတ် လုံ့လစိုက်ပါလျှင်
ကိုယ့်ရည်ရွယ်ရာ အောင်မြင်မှုပန်းတိုင်ကိုရောက်နိုင်ပါတယ်လို့ စေတနာနှင့် အလေး ထား ရေးသားရကြောင်းပါ။
ယုံကြည်အားထားကိုးကွယ်သည်မက
ကောင်းမြတ် သောအကျင့်သီလစရဏတွေ လေ့လာမှတ်သား ရပါမယ်။ ကျင့်ကြံအား ထုတ်ရပါလိမ့်မယ်။
တို့ဘုရားတို့ ဘုရားတလွဲမာနထားလို့ တရားရတာနောက်ကျကြောင်းပါ။ မိမိကိုယ်ပိုင်
အရည်အချင်းသာလျှင် အောင်မြင်မှု အဓိကသော့ချက်အဖြစ်မြင်တွေ့ရမှာပါ။ မိမိအားကျ အတုယူ
မယ့်သူ ကောင်းတာအတုယူလို့ ကိုယ်ပိုင် အရည်အချင်းဖြစ်အောင်ဆောက်တည်ရပါလိမ့်မယ်။ အဲဒါကို ကွဲပြားခြားနားစွာ သိရှိသင့်၊ သတိပြုသင့်
တယ်ထင်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းရှိနေတာ ကမှ မိမိတကယ်ပိုင် တာပါ။
အဲဒီလိုသိတဲ့နေ့ကျမှ ရှင်အာနန္ဒာမထေရ်မြတ်ကြီးက တရားပြတော့မှ
ရဟန္တာအဖြစ်ရောက်ရှိသွားတဲ့ အရှင်ဆန္ဒ ရဟန်း (ဆန္ဒအမတ်)အကြောင်း သာဓကဆောင်ပြီး
ပြောကြား ရခြင်းပါ။
နိဂုံးချုပ်အားဖြင့် အသိပေးသတိလေးပေးချင် တာကတော့ ခိုင်မာတဲ့စိတ်ဓာတ်တော့ ထားရပါလိမ့်မယ်။
ကိုယ်ဖြစ်ချင်တဲ့ဘဝ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ကို ဝီရိယရှိစွာလုံ့လပြုကြိုးစားပါ စကားလေးတစ်ခု ရှိပါတယ်။ တောင်ထိပ်က ထင်းရှူးပင်ကြီးမဖြစ်တောင်
တောင်ခြေက အလှဆုံး
ချုံပုတ်လေးတော့ဖြစ်နိုင် ပါတယ်။ ဘာမှ မဖြစ်တာနဲ့
စာရင် တစ်ခုခုတော့ အရာလေးထင်အကျိုးရလဒ်ကောင်းဖြစ်မှာပါ။ မိမိအားကျတဲ့ အောင်မြင်နေတဲ့
သူကဲ့ သို့လောကကြီးက အသိအမှတ်ပြု ကြိုးစားမှုဆုလာဘ်ပေးမှာ မလွဲဖြစ်ကြောင်းတိုက်တွန်း
အားပေးရင်း အောင်မြင်မှုတွေရကြပါစေ ဆုတောင်း ပေးလိုက်ရကြောင်းပါ။ ။
မရွှေမြိုင်(ပျဉ်းမနား)
Comments
Post a Comment