ပညာရှာလူငယ်များ သူတို့အနာဂတ်ကို လေးစား
ပညာရှာလူငယ်များ သူတို့အနာဂတ်ကို လေးစား
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ လူငယ်ထုအတွက် ပြိုင်ဆိုင် မှုများ၊ စိန်ခေါ်မှုများက ယခင်ခေတ်များနှင့်မတူ ပို၍ကြီးမားလာသည်။ ကုလသမဂ္ဂ ကလည်း ကမ္ဘာ့လူဦးရေနေ့ (World Population Day)၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day)အခမ်းအနားများတွင် လူငယ်များနှင့် ဆက်စပ်၍ “လူငယ်တွေဟာ မည်သည့်လူ့အဖွဲ့အစည်းမှာမှ ဝန်ထုပ်ဝန်ပိုးအသွင် မဖြစ်စေရေး၊ လူငယ်တွေဟာ အဖိုးထက်ဆုံးရတနာများဖြစ်စေရမည်”
“လူငယ်များကျန်းမာရေးကောင်းရမည်၊
လေးစားလောက်သူများဖြစ်ရမည်၊ ပါဝင်စွမ်းဆောင်ခွင့်ရှိရမည်”
“လူငယ်များအတွက်
သိက္ခာရှိပြီးထုတ်လုပ်မှုရှိတဲ့ အလုပ်တွေဖွင့်ပေးကြပါ”
စသည်ဖြင့် ဆောင်ပုဒ်များ၊
လှုံ့ဆော်မှုများ၊ ကြွေးကြော်မှုများကို နှစ်စဉ်ထုတ်ပြန် လေ့ရှိသည်။
အပြိုင်အဆိုင်ပိုများ၍
ပိုခက်ခဲတစ်ဖက်မှာလည်း ယနေ့ခေတ် လူငယ် မျိုးဆက်သစ်များသည် ယခင်ကမျိုးဆက်များထက်
ပညာပို၍တတ်လာကြ သော်လည်း အပြိုင်အဆိုင်ပိုများ၍ပိုခက်ခဲမည်။
အလုပ်အကိုင်ရှာဖွေရာတွင်လည်း အခက်အခဲအတားအဆီးများစွာနှင့် ကြုံတွေ့ကြရလိမ့်မည်ဟု
သုံးသပ်ခဲ့ကြသည်။
ကမ္ဘာ့နိုင်ငံများ
ကြားတွင်လည်းပြိုင်ဆိုင်မှုများ၊ စိန်ခေါ်မှုများကပို၍ မြင့်မားလာသည်နှင့်အမျှ
နိုင်ငံအသီးသီးသည် ပညာခေတ်နှင့်လိုက်လျောညီထွေ လိုက်ပါစီးမျောနိုင်ရေးအတွက်
လူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးကို ကဏ္ဍအလိုက်
ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
တရုတ်ပြည်သူ့
သမ္မတနိုင်ငံသည်ပြီးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် ပြည်လုံးဆိုင်ရာ
ကိုယ်စားလှယ်များ ညီလာခံတွင်ပညာရေး၊ သိပ္ပံနည်းပညာနှင့် လူရည်ချွန်တို့သည်
ဆိုရှယ်လစ်စနစ်ခေတ်မီနိုင်ငံတော်ဘက်စုံ တည်ဆောက်ရေးအတွက်
အခြေခံနှင့်မဟာဗျူဟာမြောက်ပံ့ပိုးမှု များဖြစ်သည်။ သိပ္ပံပညာသည်
နံပါတ်တစ်ထုတ်လုပ်မှုစွမ်းအား၊ လူရည်ချွန်သည် နံပါတ်တစ် အရင်းအမြစ်၊
ဆန်းသစ်တီထွင်မှုသည် နံပါတ်တစ်မောင်းနှင်အား ဟူ၍ ကိုင်စွဲပြီး
သိပ္ပံနှင့်နည်းပညာနှင့် ပညာရေးဖြင့် နိုင်ငံရှင်သန်တိုးတက်ရေး မဟာဗျူဟာ၊
လူရည်ချွန်ဖြင့် နိုင်ငံတောင့်တင်းခိုင်မာရေးမဟာဗျူဟာ၊ ဆန်းသစ်တီထွင်မှုဖြင့်
ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးမဟာဗျူဟာတို့ကို နက်ရှိုင်းစွာ အကောင်အထည် ဖော်ဆောင်ရမည်။
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်ပယ်သစ်၊ လမ်းကြောင်းသစ် များ ဖွင့်လှစ်၍
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ချက်သစ်များ၊ အားသာချက်အသစ်များကို အဆက်မပြတ်
ဖန်တီးပုံဖော်ရမည် စသည်ဖြင့် သုံးသပ်ရည်မှန်းချက်များအဖြစ် ချမှတ်ခဲ့ကြောင်း
သိရသည်။
ထို့ပြင် “ပြည်သူလူထုကိုဗဟိုပြု၍
ပညာရေးဖွံ့ဖြိုးတိုးတက်စေပြီး အရည်အသွေးမြင့်မားသောပညာရေးစနစ်ကို
အရှိန်အဟုန်မြှင့်တည်ဆောက်ရန်၊ အရည်အသွေးပြည့်ဝသော ပညာရေးဖော်ဆောင်ရန်၊ မသင်မနေရ
ပညာရေးအရည် အသွေးမြင့်မားစွာ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နှင့်
မြို့ပြ တစ်သားတည်း ဖြစ်စေရေးကို မြှင့်တင်ဆောင်ရွက်ရန်၊ ဒေသတွင်းပညာရေး အရင်းအမြစ်ခွဲဝေမှုကို
ပိုမိုကောင်းမွန်စေပြီး မူကြိုပညာရေး၊ အထူးပညာရေး၏ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြု၊
ဖွံ့ဖြိုးတိုးတက်မှုအားကောင်းစေရန်၊ အထက်တန်းကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဆောင်ရွက်ရန်၊ ပညာသင် ကျောင်းသားအားလုံးကို လွှမ်းခြုံထားသောထောက်ပံ့ရေးစနစ်ကို
ပြီးပြည့်စုံမှုဖြစ် စေရန်၊ ဒစ်ဂျစ်တယ်ပညာရေးကိုမြှင့်တင်၍ ပြည်သူတစ်ရပ်လုံး
တစ်သက်တာ သင်ယူလေ့လာနိုင်သော သင်ယူလေ့လာမှုပုံစံ လူ့အဖွဲ့အစည်း၊ သင်ယူလေ့လာမှု ပုံစံ
နိုင်ငံကြီးအဖြစ် တည်ဆောက်ရန်ရည်မှန်းထား သည်။
ပညာကိုဦးထိပ် ပန်ဆင်
ကမ္ဘာ့နိုင်ငံများနည်းတူ
မြန်မာ့လူ့ အဖွဲ့အစည်းသည်လည်း ပညာကိုဦးထိပ် ပန်ဆင်ရှေ့တန်းတင်လေ့ရှိသော လူ့
အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ မိဘနှစ်ပါး၏ အလိုလိုက်မှုကြောင့် ငယ်စဉ်ကစာမသင်ခဲ့သော
ကုဋေရှစ်ဆယ်သူဌေးသားသည် ကြီးသောအခါဝယ်အမွေပစ္စည်းများဆုံးရှုံး၍ ခွက်လက်ဆွဲကာ
တောင်းစားရသည့် ဇာတ်နိပါတ်များပင် ယခင်က ကျောင်းသင်ခန်းစာအဖြစ် ထည့်သွင်းပြဋ္ဌာန်း
ခဲ့ပါသည်။
ကုလသမဂ္ဂက အသက်(၁၅)နှစ်မှ
(၂၄)နှစ်ကြား အရွယ်အပိုင်းအခြားကို လူငယ်အဖြစ်သတ်မှတ်ထားသကဲ့သို့
မြန်မာ့လူ့အဖွဲ့အစည်း၌လည်း ရှေးအစဉ် အဆက်ကတည်းက ပညာရှာရမည့် ပထမအရွယ်ကို
ငယ်စဉ်ကာလမှ အသက်(၂၅)နှစ်အထိ ပိုင်းခြားသတ်မှတ်ထားသည်။ ပထမအရွယ်သည်
ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရပညာရေးဆိုင်ရာများကို လေ့လာကြရမည့် အချိန်ပိုင်း
ဖြစ်သည်ဟုဆိုသည်။
ပညာပွားရာသော
အကြောင်းတရားရှစ်ပါး
ပညာသင်ယူသည့် အခါတွင်လည်း
အတိုကောက်အားဖြင့် သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာဟူ၍ မှတ်သားပြီး ကြားနာခြင်း၊
ကြံစည်ခြင်း၊ မေးမြန်းခြင်း၊ ပြောဆိုခြင်း၊ စူးစမ်းဆင်ခြင်ခြင်း၊ ရေးသားခြင်း၊
လေ့ကျင့်ခြင်း၊ နှုတ်ငုံဆောင်ခြင်းဟူသည့် ပညာပွားရာသောအကြောင်းတရားရှစ်ပါးကို ရှေးအစဉ်အဆက်ကတည်းက
လမ်းညွှန်မှု ပြုခဲ့ပါသည်။
ပါမောက္ခချုပ် ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ကလည်းနှစ် (၃၀) ပြည့် မဟာသုဗောဓာရုံ ကျောင်းတိုက်နေ့ အထိမ်းအမှတ်
အဖြစ်သော တုဇနအရှင်မြတ်တို့အား “သိမြင်လိုလား၊ သုတပွား၊ သုတပွားက၊ ပညာရ။ ပညာရလျှင်၊
ကျိုးကြောင်းမြင်၊ ကျိုးကြောင်းမြင်က၊ ချမ်းသာရ”ဟူသည့် ထေရဂါထာလာ
အဆိုပါဂါထာလေးနှင့်အတူ “သိမြင်လိုမှုဆန္ဒကြောင့် စာပေသင်ယူကြားနာကြသဖြင့်
သိမြင်လိုမှုနှင့် အမျှ သုတကိုအခြေခံ၍ ကြံစည်သုံးသပ်ဆုံးဖြတ်ပိုင်ပိုင်
သိနိုင်စွမ်းသည့်ဉာဏ်ပညာလည်း တိုးတက်လာရ ပါသည်။ ဤဆန္ဒနှင့်
သုတအခြေခံအကြောင်းနှစ်ရပ်သည် ပညာရရန်အတွက် လုံလောက်သောအကြောင်းနှစ်ရပ် ဖြစ်ပါသည်။
၎င်းအကြောင်းနှစ်ရပ်ကို ဂါထာရှေ့ထက်ဝက်ဖြင့် ဖော်ပြထားခြင်းဖြစ်ပါသည်။
ဂါထာနောက်ထက်ဝက်ဖြင့်
ပညာ၏အကျိုးများကို ဖော်ကျူးထားခြင်းဖြစ် ပါသည်။ ဆန္ဒနှင့် သုတအရင်းခံသဖြင့်
ပညာရလာပါပြီ။ ရလာသည့်ပညာမှာ ဘာအကျိုးရှိပါသလဲ၊ မေးရန်ရှိလာပါသည်။ ထိုအမေးအတွက်
အဖြေကို ဖော်ထုတ်ထားခြင်းဖြစ်ပါသည်။
ပညာရလာလျှင် ၎င်းပညာဖြင့်
အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြားသိမြင်တတ်ပါသည်။ ပညာမရှိ
လျှင်မျက်မမြင်နှင့် အလားတူပါသည်။ မျက်မမြင်သူကန်းစမ်းတဝါးဝါး စခန်းသွားလျှင်
လိုရာဌာနမရောက်ဘဲ ဒုက္ခအဖုံဖုံကြုံရသလိုပညာမရှိလျှင် အရာရာတွင်
ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းမရှိသဖြင့် အမှားမှားအယွင်းယွင်းဖြင့်
နောက်ဆုံးဒုက္ခတွင်း၌သာ နစ်မြုပ်ရပါသည်။ ထို့ကြောင့် အရာရာတွင် အဆိုးအကောင်း၊
အကျိုးအကြောင်းကို ခွဲခြားသိတတ်သော ပညာရရှိရန် လိုအပ်ပါသည်။ ပညာရ၍ ပညာဖြင့်
ကျိုးကြောင်းဆင်ခြင်သိမြင်ကာ အရာရာဆောင်ရွက်လုပ်ကိုင်သွားနိုင်သဖြင့် ချမ်းသာသုခ ရရှိနိုင်ပါသည်”
စသည်ဖြင့်ပေးပို့သော ဓမ္မလက်ဆောင်ကလည်း ပညာရှာမှီးလိုသူများအတွက်
မှတ်သားနာယူစရာဖြစ်ပါသည်။
“ရှာဖွေခြင်းနှင့်ရရှိခြင်း”
တရားတော်တွင်လည်း ဆရာတော်ကြီးက “သုဿူသာ သုတဝနီ၊ ကြားနာခြင်းငှာ အလိုရှိတယ်၊
ကြားနာတယ်ဆိုတာ ပညာယူနေတာ၊ မှတ်ယူနေတာ၊ အဲဒီ ကြားနာခြင်းဟာ သုတ’ဆိုတဲ့ မှတ်သားစရာတွေ ကိုယ့်မှာ တိုးတက်များပြားလာတယ်။ အသိတွေများလာတယ်။
မကြားဖူးတာတွေ ကြားလာလို့ သုတတွေများလာတယ်။
အဲဒီလို သုတတွေရလာတော့ ဘာဖြစ်လဲ၊
သုတပညာယ ဝန’ - အသိပညာတွေ တိုးပွားလာတယ်။ ပညာဆိုတာ ဘာလုပ်ဖို့လဲ၊ ပညာဆိုတာ
သဘာဝတရားတွေကို အမှန်သိအောင်စဉ်းစားတတ်တယ်၊ မြင်တတ်တယ်၊ ကွဲကွဲပြားပြား
ပိုင်းပိုင်းခြားခြား သိတယ်၊ အဲဒါကိုပညာလို့ခေါ်တယ်။ သုတကို အခြေခံလိုက်တဲ့အခါ
ကိုယ့်သန္တာန်မှာ Knowledge လို့ခေါ်တဲ့ ပညာတွေရလာတယ်။
အဲဒီပညာတွေရလာတဲ့အခါ
ဘာလုပ်ရလဲဆိုတော့ ပညာယ အတ္ထံဇာနာတိ’တဲ့၊ အဲဒီ Knowledge ဆိုတဲ့ ပညာတွေရ လာတဲ့အခါ ဘဝရဲ့အဓိပ္ပာယ်၊ လောကရဲ့အဓိပ္ပာယ်၊
ဘဝရဲ့အစစ်အမှန် သရုပ်သကန်တွေကို မြင်လာတယ်။ ဒါတွေက ပညာမရှိရင်မမြင်ဘူးလေ။ အဲဒီတော့
သာမန်ကိစ္စလေးတွေမဟုတ်ဘဲနဲ့ ဘဝရဲ့လေးနက်တဲ့အဓိပ္ပာယ်တွေ သိလာတယ်။
ဘဝရဲ့အနှစ်သာရကိုသိလာတယ်။ အကျိုးအမြတ်တွေကို စဉ်းစားတတ်လာတယ်။ ဘာလုပ်သင့်တယ်
ဘာမလုပ်သင့်ဘူးဆိုတာကိုခွဲခြားပြီး သိလာတယ်။ အဲဒါကိုပြောတာ၊ ပညာယ အတ္ထံဇာနာတိ’ လေးနက်တဲ့အဓိပ္ပာယ်တွေကို သိလာတယ်။
သိလာတဲ့အခါ ဘာဖြစ်တုံးဆိုတော့ ဉာတောအတ္ထောသုခါဝဟော’
အဲဒီလိုသိလာတဲ့ ပုဂ္ဂိုလ်ဟာ အဲဒီလေးနက်တဲ့ အဓိပ္ပာယ်အတိုင်း မလုပ်သင့်တာကို
ရှောင်တယ်။ လုပ်သင့်တာကိုလုပ်တယ်။ ဘဝမှာ အပြစ်ကင်းအောင်နေတယ်။
အပြစ်ရှိတာကိုရှောင်တယ်။ အပြစ်ကင်းတာကို ဆောင်တယ်ဆိုတော့ ဘဝမှာ
လုပ်သင့်တာတွေလုပ်ပြီး မလုပ်သင့်တာကို ရှောင်တဲ့အတွက်ကြောင့် ပြဿနာတွေမကြုံ
တော့ဘဲနဲ့လက်ရှိဘဝမှာလည်း အေးချမ်းသာယာမှုရတယ်” စသည်ဖြင့် ဟောကြားတော်မူခဲ့ပါသည်။
ထို့အတူ ပညာ န ရာနံ
ရတနံ-အသိ ပညာသည်သာ လူ့ရဲ့ရတနာ၊ ပညာသည်သာလျှင် လူသားတို့အတွက် ရတနာဖြစ်ပါတယ်’ဟု
ဆရာတော်ကြီးက မိန့်ကြားတော်မူပါသည်။
၂၀၂၃-၂၀၂၄ စာသင်နှစ်
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန် ရောက်လာပါပြီ။ ပညာခေတ်တွင် မိမိတို့၏
ရင်သွေးငယ်များ နောက်ကျကျန်ရစ်မှုမဖြစ်စေရန်၊ ဆုံးရှုံးနစ်နာမှုမရှိစေရန်မိဘတို့က
ဝတ္တရားရှိသည့် အတိုင်းငယ်စဉ်ကတည်းက ပညာသင်ကြားနိုင်ရန် အခြေအနေကောင်းများကို
ဖန်တီးပေးရပါမည်။ ပညာရှာလူငယ်များ၏ အနာဂတ်ကိုအလေးထား လေးစား သောအားဖြင့်
မပျက်မကွက် ကျောင်းအပ်နှံပေးကြရပါမည်။ ပညာရှာလူငယ်များ အနေဖြင့်လည်း
အပြိုင်အဆိုင်ပို၍ ကြီးမားလာသော ယနေ့ကမ္ဘာတွင် သာမန်ထက်ထူးချွန်သည့် လူရည်ချွန်
ပညာတတ်ကြီးများဖြစ်လာစေရန် ကိုယ်တိုင်ကြိုးစား လေ့လာသင်ယူကြရန် လိုအပ်ပါသည်။
တစ်ခေတ်တစ်ခါက နာမည်ကျော်အဆိုတော် အစ်မအယ်လ်ခွန်းရီ၏
အကျိုးပြုတေးသီချင်းတစ်ပုဒ်ကို ပြန်လည်အမှတ်ရ ကြားယောင်လာမိသည်။
သီချင်းခေါင်းစဉ်က
“စိမ်းလန်းရေး”။
“နွေလွန်ရင်မေ၊
ဇွန်ရာသီ မိုးစက်တွေ၊ စိုစိုရွှဲသည်းကြတော့မယ်။ မြေပြင်တခိုစိုပြည်အောင်
သစ်ရွက်တွေ၊ စိုစိုစိမ်းယိမ်းကတော့မယ်။ စိုပြည်အောင်ရွာပါစေကွယ် မိုးမင်းရယ်၊
ဒီကမ္ဘာကြီးစိမ်းလန်းရေးကွယ်။ ဒီအချိန်မှာ စာသင်ရန် ကျောင်းတံခါးတွေ၊
တစ်ကြိမ်ပြန်ပြီးဖွင့်ကြတော့မယ်။
“ပညာရှာလူငယ်များ၊
ကျန်းမာ စိမ်းလန်းရေး... အရေးကြီးတဲ့နေ့တွေ ကွယ်၊ သူတို့အနာဂတ်ကိုလေးစား။
“ဒီကမ္ဘာကို
ပျော်ရွှင်ပါစေ စိမ်းလန်းရေးရယ်၊ လူငယ်များစိမ်းလန်းရေးကွယ်။
အမှန်ဆိုရင်ပုံဝင်အောင်ကွယ် လမ်းပြရမယ်၊ ဒီလိုအရွယ်ကတည်းက လမ်းရွေးမယ်။
“လူငယ်တွေ
ကမ္ဘာကိုသင်ယူ အမှားကင်းစေ၊ ကမ္ဘာကြီးစိမ်းလန်းရေးကွယ်။ ဒီအိမ်မှာ
ကိုယ်သီချင်းတစ်ပုဒ်ဖွဲ့လိုက်မယ်၊ လူငယ်များစိမ်းလန်းရေးကွယ်”
သံစဉ်၊ စာသားများကား
အဓိပ္ပာယ်ပြည့်ဝလှပလို့နေပါသည်။ အနာဂတ်နိုင်ငံတော် နှင့် ပညာရှာလူငယ်များ၏
အနာဂတ်ကို မြန်မာ့လူ့အဖွဲ့အစည်းက အလေးထား လေးစားသမှုပြုကြရပါမည်။ အထူးသဖြင့် ၂၀၂၃
ခုနှစ် မေလ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်နေ့ရက်များသည်
ပညာရှာ လူငယ်များအတွက် အရေးကြီးသောနေ့ရက်များ ဖြစ်ပါတော့သည်။ ။
ခင်သန်းမြင့်
Comments
Post a Comment