ဘယ်လိုအမှားတွေကို ပြင်သင့်လဲ
ဘယ်လိုအမှားတွေကို ပြင်သင့်လဲ
အရင်ပို့စ်တွေမှာ အင်္ဂလိပ်စာကို ဘာကြောင့် သဒ္ဒါစည်းမျဉ်းတွေချည်းပဲ လိုက်မှတ်နေလို့ မရလဲဆိုတာကို ဆွေးနွေးခဲ့ပြီးပြီ။ ဒီပို့စ်မှာတော့ အမှားတွေကို ပြင်ဆင်တဲ့အခါ ဘယ်လို ချဉ်းကပ်သင့်လဲ၊ ဘယ်လိုအမှားတွေကို ပြင်သင့်လဲ၊ ဘယ်လိုအမှားတွေကို မပြင်သင့်ဘူးလဲဆိုတာကို Error Analysis နဲ့ Contrastive Analysis အမြင်တွေနဲ့ ထပ်ပြီး ဆွေးနွေးပေးပါ့မယ်။
ဘာသာစကားအမှား အမျိုးအစားတွေအလိုက် အကြမ်းဖျင်းအားဖြင် အမှားတွေကို ပုံစံနှစ်မျိုး ခွဲခြားပြီး ကြည့်နိုင်ပါတယ်။
၁။ မိခင်ဘာသာစကားကြောင့် ဖြစ်တဲ့အမှားများ (Interlingual Errors)
ဒီအမှားတွေဟာ ကိုယ့်ရဲ့မိခင်ဘာသာစကား (L1) ရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်တတ်ပါတယ်။ ဒါကို Contrastive Analysis (နှိုင်းယှဉ်လေ့လာမှု) အမြင်ကနေ ကြည့်နိုင်ပါတယ်။ ကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့ လေ့လာနေတဲ့ ဘာသာစကား (L2) တို့ရဲ့ ကွဲပြားမှုတွေကြောင့် ပေါ်လာတာပေါ့။ တနည်းအားဖြင့် မိခင်ဘာသာစကားနဲ့ တွေးပြီး ဘာသာပြန်လိုက်မိလို့ မှားတာမျိုးတွေပါ။ အဖြစ်အများဆုံးပါပဲ။
ဥပမာအားဖြင့် မြန်မာလို “ငါ သူနဲ့ ကျောင်းသွားတယ်” လို့ ပြောတဲ့အခါ “နဲ့” ဆိုတဲ့ စကားလုံးက လူတစ်ယောက်နဲ့အတူ သွားတာ(company) ကို ဖော်ပြပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်လို “I go to school with him” လို့ ပြောရင် မှန်ပါတယ်။ ဒါပေမဲ့ မြန်မာလို “ငါ ကားနဲ့ ကျောင်းသွားတယ်” လို့ ပြောတဲ့အခါမှာ “နဲ့” က ယာဉ် (vehicle) သို့မဟုတ် means of transportation (ဆက်သွယ်ပို့ဆောင်ရေးနည်းလမ်း) ကို ဖော်ပြတာဖြစ်ပါတယ်။ အဲဒါကို အင်္ဂလိပ်လို ပြန်တဲ့အခါ “I go to school with a car” လို့ ပြောမိရင် မှားသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ “with” ဟာ လူနဲ့တွဲသုံးဖို့ ပိုသင့်တော်ပြီး၊ ကား၊ ရထားစတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ တွဲသုံးတဲ့အခါ “by” ကို သုံးတာက ပိုမှန်လို့ပါပဲ။ ဆိုတော့ by car သိူ့မဟုတ် in a car ပေါ့။ ဒါက သာမန်အတွေး သာမန်အရေးနော်။
နောက်တဆင့်ထပ်တွေးကြည့်မယ်။ ကျောင်းကို ကိုယ့်ကားနဲ့ ကိုယ်သွားတယ် ဆိုပါစိူ့။ I go to school by my car တို့ in my own car တို့ရေးရင် မှန်တော့ မှန်တယ်၊ ကြောင်တောင်တောင် နိုင်တာပေါ့။ ဘယ့်နှယ့် I drive to school ရေးရင် ပြီးနေပြီလေ။ သိူ့မဟုတ် အိမ်က အမေ/အဖေက ကားမောင်းပို့တယ်ဆိုလည်း My mom drove me to school ဆို ရပြီပဲ။ ဒါတောင် My mom gave me a ride to school နဲ့ My mom drove me to school နဲ့က နည်းနည်းလေး ကွာဦးမယ်။
၂။ လေ့လာနေတဲ့ ဘာသာစကား စည်းမျဉ်းကြောင့် ဖြစ်တဲ့အမှားများ (Intralingual Errors)
ဒီအမှားတွေကတော့ ကိုယ်လေ့လာနေတဲ့ ဘာသာစကားရဲ့ စည်းမျဉ်းတွေကို သေချာနားမလည်သေးလို့ ဖြစ်တတ်ပါတယ်။ ဒါကိုတော့ Error Analysis (အမှားလေ့လာဆန်းစစ်မှု) အမြင်နဲ့ ကြည့်ရမှာပေါ့။
ဥပမာ၊ “He go to school” လို့ ပြောတာဟာ Intralingual Error ပါ။ ဘာကြောင့်လဲဆိုတော့ simple present tense မှာ subject က he, she, it ဖြစ်တဲ့အခါ verb ကို s ထည့်ရမယ်ဆိုတဲ့ စည်းမျဉ်းကို သေချာနားမလည်သေးလို့ ဖြစ်တာပါ။ ဒါမှမဟုတ် “I have eaten my breakfast yesterday” လို့ ပြောတာမျိုးပေါ့။ “yesterday” ဆိုတဲ့ စကားလုံးကို သုံးတဲ့အခါ past simple tense (ate) ကို သုံးရမယ့်အစား present perfect tense (have eaten) ကို သုံးလိုက်တဲ့အတွက် အမှားဖြစ်သွားတာပါပဲ။
ဘယ်လိုအမှားတွေကို ပြင်ပေးသင့်လဲ။ ဘာကြောင့်လဲ။
အပေါ်မှာ ပြောခဲ့တဲ့ Interlingual Errors နဲ့ Intralingual Errors နှစ်မျိုးလုံးကို ပြင်ပေးသင့်ပါတယ်။ ဒီလိုအမှားတွေဟာ ဘာသာစကားသင်ယူသူရဲ့ learning process ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်လို့ပါ။ ဒီအမှားတွေကို သေချာရှင်းပြပေးမှ သူတို့ရဲ့ အတွေးအခေါ်ပုံစံကို ပြုပြင်ပေးနိုင်ပြီး နောက်ထပ်အမှားတွေ မဖြစ်အောင် တားဆီးနိုင်မှာပါ။
ဘယ်လိုပြင်ပေးမလဲ။
အမှားတစ်ခုကို ပြင်ပေးတဲ့အခါ “ဒါမှားတယ်” လို့ တည့်တည့်ပြောတာထက် “ဘာကြောင့် မှားရတာလဲ” ဆိုတဲ့ နောက်ခံအကြောင်းရင်းကို ရှင်းပြတာက ပိုပြီး ထိရောက်ပါတယ်။ ဥပမာ- “I go to school with a car” ဆိုတဲ့အမှားကို ပြင်ပေးတဲ့အခါ “You should say 'by car' instead of 'with a car'” လို့ ပြောရုံနဲ့ မပြီးပါဘူး။ “With” ဟာ မြန်မာစကားရဲ့ “နဲ့” ကို တိုက်ရိုက်ပြန်ဆိုလိုက်လို့ ဖြစ်လာတဲ့ အမှားဖြစ်ကြောင်း ရှင်းပြပြီး၊ အင်္ဂလိပ်စကားမှာ သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ပြောတဲ့အခါ “by” ကို သုံးတာ ပိုသင့်တော်ကြောင်း ရှင်းပြပေးတာက သင်ယူသူအတွက် ပိုမိုပြည့်စုံတဲ့ အသိပညာကို ပေးနိုင်ပါတယ်။
ဘယ်လိုအမှားမျိုးတွေကို မပြင်ပေးသင့်ဘူးလဲ။ ဘာကြောင့်လဲ။
တကယ်လို့ သင်ယူသူက “Overgeneralization” (အလွန်အကျွံ အသုံးချမှု) အမှားမျိုး လုပ်မိတဲ့အခါမှာတော့ တစ်ခါတလေ ပြင်ပေးဖို့ မလိုအပ်ပါဘူး။
Overgeneralization ဆိုတာ ဘာလဲ။
ဘာသာစကားစည်းမျဉ်းတစ်ခုကို လေ့လာပြီးတဲ့အခါ အဲဒီစည်းမျဉ်းက အမြဲတမ်းမှန်တယ်လို့ ယူဆပြီး ခြွင်းချက်တွေကို သတိမထားမိဘဲ အသုံးချမိတာမျိုးကို ခေါ်ပါတယ်။ ဥပမာ: “ed” ထည့်လိုက်ရင် past tense ဖြစ်တယ်ဆိုတဲ့ စည်းမျဉ်းကို သင်ယူပြီး “goed” လို့ သုံးမိတာမျိုး၊ ဒါမှမဟုတ် “s” ထည့်လိုက်ရင် plural (အများကိန်း) ဖြစ်တယ်ဆိုတဲ့ စည်းမျဉ်းကို သင်ယူပြီး “sheeps” လို့ ပြောမိတာမျိုးတွေဟာ Overgeneralization အမှားတွေပါ။
ဒီလိုအမှားမျိုးတွေဟာ သင်ယူသူရဲ့ cognitive process (သိမြင်မှုဆိုင်ရာ လုပ်ငန်းစဥ်) မှာ လေ့လာမှုတစ်ဆင့်ကို ရောက်နေပြီဆိုတာ ပြသနေတဲ့ လက္ခဏာတစ်ခုပါ။ သူတို့ဟာ ဘာသာစကားရဲ့ ပုံသေစည်းမျဉ်း (regularity) တွေကို ကောင်းကောင်းနားလည်နေပေမဲ့ ခြွင်းချက် (irregularity) တွေကို သတိမထားမိသေးတာပါ။ ဒီလိုအချိန်မျိုးမှာ အမှားကို ချက်ချင်းပြင်ပေးလိုက်မယ်ဆိုရင် သင်ယူသူရဲ့ learning motivation (သင်ယူလိုစိတ်) ကျဆင်းသွားနိုင်ပါတယ်။
ဘာလို့ မပြင်သင့်တာလဲ။
ဘာသာစကားသင်ယူမှု သီအိုရီတွေအရ ဒီလို Overgeneralization အမှားတွေဟာ သဘာဝကျပြီး သင်ယူမှုရဲ့ တစ်စိတ်တစ်ပိုင်းပါ။ သင်ယူသူဟာ အချိန်ကြာလာတာနဲ့အမျှ အမှားတွေ မဖြစ်တော့ဘဲ မှန်ကန်တဲ့ပုံစံကို အလိုလို မှတ်မိလာမှာပါ။ ဒီအမှားတွေဟာ သူတို့ ဘာသာစကားကို လေ့လာနေတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီဆိုတဲ့ သက်သေပါပဲ။
ဒါ့အပြင် သင်ယူသူက fossilization (စွဲမြဲနေသောအမှား) ဖြစ်နေတဲ့ အမှားမျိုးကိုတော့ မပြင်ပေးသင့်ပါဘူး။ Fossilization ဆိုတာက အမှားတစ်ခုကို ထပ်ခါတလဲလဲ ပြောဆိုအသုံးပြုနေပြီး ပြင်ဆင်ဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုးပါ။ ဒီလိုအမှားတွေကို ပြင်ဖို့ ကြိုးစားတာဟာ သင်ယူသူကို စိတ်ဖိစီးမှုဖြစ်စေပြီး ဘာသာစကားအသုံးပြုဖို့ စိတ်အားထက်သန်မှု လျော့ကျသွားနိုင်ပါတယ်။
ဒီလိုဆိုရင် အမှားတွေကို ပြင်ဆင်တဲ့နေရာမှာ Error Analysis နဲ့ Contrastive Analysis အမြင်တွေကနေ ဘယ်လိုမျိုးချဉ်းကပ်သင့်လဲ၊ ဘယ်လိုအမှားတွေကို ဘယ်လိုနည်းနဲ့ ပြင်ပေးသင့်လဲ၊ ဘယ်လိုအမှားတွေကို မပြင်ပေးဘဲ ထားသင့်သလဲဆိုတာကို အနည်းငယ် သိရှိနားလည်မယ်လို့ မျှော်လင့်ပါတယ်။
ဒီအချက်တွေကို ဆက်ဆွေးနွေးဖို့ဆိုရင် Error, Mistake နဲ့ Lapse, Local error နဲ့ Global error စတာတွေကို ဆက်ပြီး ပြောပြပေးရပါမယ်။
Error, Mistake နဲ့ Lapse
ယခင်ပို့စ်တွေမှာ ဆွေးနွေးခဲ့တဲ့ Error၊ Mistake နဲ့ Lapse ရဲ့ အဓိပ္ပါယ်တွေကို ခွဲခြားသိမြင်နိုင်ရင် ဆရာတွေအနေနဲ့ သင်ယူသူရဲ့ အမှားကို ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ေတွကို ချမှတ်နိုင်ပါတယ်။
Lapse (မတော်တဆချွတ်ချော်မှု):
ဒါကတော့ ခဲတံချော်သွားသလိုမျိုး၊ စကားလုံးလွဲမှားသွားတာမျိုး၊ နားကြားမှားသွားတာမျိုး စတဲ့ slip of the tongue, ear, or pen လိုမျိုးပေါ့။ ဒါဟာ သတိမမူမိလို့ ဖြစ်သွားတာမျိုးဖြစ်ပြီး၊ မှန်ကန်တဲ့ပုံစံကို သူကိုယ်တိုင်လည်း သိပြီးသားပါ။ ဒါကြောင့် ဒီလို Lapse တွေကို ပြင်ပေးဖို့မလိုပါဘူး။ သင်ယူသူကိုယ်တိုင် ပြန်ပြီးပြင်နိုင်တဲ့အတွက်ပါ။
Mistake (ပေါ့ဆမှုကြောင့် မှားယွင်းမှု):
ဒီအမှားကတော့ Lapse နဲ့မတူဘဲ၊ သင်ယူသူက စည်းမျဉ်းကို သိတော့သိပါတယ်၊ ဒါပေမဲ့ စကားပြောနေစဉ် (သို့) ရေးနေစဉ်မှာ အာရုံစူးစိုက်မှုအားနည်းလို့ဖြ စ်စေ၊ အလောတကြီးဖြစ်နေလို့ဖြစ်စေ မှားယွင်းသွားတာမျိုးပါ။ ဥပမာ- "I am go to the market" လို့ ပြောတဲ့အခါ "am" ကို ထည့်လိုက်တာဟာ present continuous tense မှာသုံးတဲ့ be verb ကို ပေါ့ဆမှုကြောင့် simple present မှာ ထည့်သုံးမိတာမျိုးပါ။ ဒီလိုအမှားမျိုးကိုတော့ သင်ယူသူက ကိုယ်တိုင်ပြန်ပြင်နိုင်အောင် အနည်းငယ်လေး သတိပေးတာမျိုး၊ ပြန်ပြောခိုင်းတာမျိုးလုပ်ပေး ရင် လုံလောက်ပါတယ်။
Error (အသိပညာအားနည်းမှုကြောင့် မှားယွင်းမှု):
ဒါကတော့ သင်ယူသူက စည်းမျဉ်းကို လုံးဝမသိသေးတာ (သို့) နားမလည်သေးတာကြောင့် ဖြစ်တဲ့အမှားပါ။ ဒီအမှားကို သူကိုယ်တိုင်လည်း မပြင်နိုင်ပါဘူး။ ဒါဟာ သင်ယူမှုလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥပမာ- "She go to school" လို့ ပြောတာမျိုးပါ။ 'she' နဲ့ 'go' ကို သုံးတဲ့အခါ 's' ထည့်ရမယ်ဆိုတဲ့ စည်းမျဉ်းကို သူက မသိသေးပါဘူး။ ဒီလို Error အမျိုးအစားကိုတော့ သေချာရှင်းပြပြီး ပြင်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှားတွေဟာ သူတို့ရဲ့ အတွေးအခေါ်ပုံစံမှာ အခြေခံအားဖြင့် မှားယွင်းနေတဲ့အတွက်ကြောင့်ပါ။
Global Error နှင့် Local Error
ဒီအမျိုးအစားခွဲခြားမှုဟာ အမှားရဲ့ ပြင်းထန်မှုနဲ့ ဘာသာစကားဆက်သွယ်ပြောဆိုမှုအပေါ် သက်ရောက်မှုကို တိုင်းတာပါတယ်။
Global Error (ကြီးမားသော အမှား):
ဒီအမှားတွေကတော့ ဝါကျတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကို လုံးဝနားမလည်တော့အောင် (သို့) မှားယွင်းသွားအောင် သက်ရောက်မှုရှိပါတယ်။ ဥပမာ- "I wanted go to the park tomorrow." လို့ ပြောတဲ့အခါ past tense ကို သုံးလိုက်တဲ့အတွက် ပြောမယ့်အကြောင်းအရာ (မနက်ဖြန်) နဲ့ tense (အတိတ်) က မကိုက်တော့ဘဲ အဓိပ္ပာယ်လွဲသွားပါတယ်။ ဒါမျိုးကို global error လို့ ခေါ်ပါတယ်။ ဒီလိုအမှားမျိုးကိုတော့ သေချာရှင်းပြပြီး ပြင်ဆင်ပေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအမှားတွေက ဆက်သွယ်ပြောဆိုမှုကို အကြီးအကျယ် ထိခိုက်စေလို့ပါ။
Local Error (သေးငယ်သော အမှား):
ဒီအမှားတွေက ဝါကျတစ်ကြောင်းရဲ့ သတ်မှတ်နေရာမှာပဲ မှားယွင်းပြီး၊ စာကြောင်းရဲ့ အဓိပ္ပာယ်ကို သိပ်ပြီး မထိခိုက်ပါဘူး။ ဥပမာ- "I want to buy some book." လို့ ပြောတဲ့အခါ book ကို books လို့ ပြောရမှာ မှားသွားတာဟာ local error ပါ။ စာကြောင်းရဲ့ အဓိပ္ပာယ်ကို နားလည်နိုင်ပါသေးတယ်။ ဒီလိုအမှားတွေကိုတော့ ချက်ချင်းပြင်ပေးဖို့ မလိုအပ်ဘဲ၊ သင်ယူသူရဲ့ fluency ( ပြောဆိုနိုင်စွမ်း) ကို အားပေးဖို့အတွက် ပေါ့ပေါ့ပါးပါးလေး ပြင်ဆင်ပေးနိုင်ပါတယ်။
ဒီလိုအမှားတွေဟာ သင်ယူသူရဲ့ သင်ယူမှုအဆင့်အလိုက် ဖြစ်ပေါ်လာတတ်ပါတယ်။ ဘယ်အမှားကို ဘယ်လို ပြင်ပေးသင့်လဲဆိုတဲ့ ဆုံးဖြတ်ချက်ကိုတော့ သင်ယူသူရဲ့ လေ့လာမှုအခြေအနေနဲ့ အမှားရဲ့ ပြင်းထန်မှုပေါ် မူတည်ပြီး ဆုံးဖြတ်ရမှာပါ။ အရေးကြီးတာကတော့ ဘယ်အမှားမဆို သင်ယူသူရဲ့ fluency နဲ့ motivation ကို မထိခိုက်စေဘဲ၊ ဘာသာစကားကို ပိုမိုပြည့်စုံစွာ နားလည်လာအောင် ကူညီပေးဖို့ပဲ ဖြစ်ပါတယ်။ *ဆရာကြီးလုပ်ပြီး သူများရဲ့ တိုးတက်မှု ကို တန့် သွားအောင် မ ဟန့် မိစေဖို့ အလွန်အရေးကြီးပါတယ်။*
အခြားသော အမှားအမျိုးအစားများ
ဒီအမျိုးအစားတွေကတော့ အမှားတွေ ဖြစ်ပေါ်လာတဲ့ ပုံစံကို ပြောချင်တာပါ။
Omissive Error (စာလိုမှား):
စကားလုံး၊ စကားစု၊ သဒ္ဒါစည်းမျဉ်းတစ်ခုခုကို ချန်လှပ်ထားပြီး ပြောဆိုမိတာမျိုးပါ။ ဥပမာ- မင်း ညီလေးက နောက်တပတ်မှ ကျောင်းစတက်မှာ။ ကျောင်းမှာသူ့ကို ဂရုစိုက်ကြည့်ထားပေးဦး။(တော်ကြာ အနိုင်ကျင့်ခံရတာဘာညာရှိမယ်လို့ ဆိုလိုတာ) ကို ပြောမယ့်အရေးမှာ “Your little brother is starting at your school next week. Please look for him. လို့ပြောမိတယ်ဆိုပါစို့။ look for ဆိုတာ ရှာဖွေတာသက်သက်ပဲ။ တခုခုဖြစ်မှာ စိုးရိမ် လို့ အသင့်အနေအထားနဲ့စောင့်ကြည့်နေပေ းတယ်ဆိုတာက look out for လို့ပြောရတယ်။ ဒါဟာ စာလိုမှား ဥပမာ တမျိုးပဲ။
Additive Error (စာပိုမှား):
မလိုအပ်တဲ့ စကားလုံး၊ စကားစုတွေ ပိုထည့်မိတာမျိုးပါ။ ဥပမာ- "We discuss about this problem." လို့ ပြောမိတာမျိုးပါ။ discuss ဟာ transitive verbမို့လို သူ့နောက်မှာ preposition မလိုတော့ပါဘူး။ သွားထပ်ထည့်ရင် စာပိုမှား ဖြစ်ပါပြီ။
Substitutional Error (အစားထိုးမှား):
စကားလုံး၊ စကားစုတစ်ခုကို နောက်တစ်ခုနဲ့ အစားထိုးပြီး သုံးမိတာမျိုးပါ။ ဥပမာ- ပထမစာကြောင်းက look out for နေရာမှာ look after လို့ သွားရေးမိတယ်ဆိုပါစို့။ အဲဒါ အစားထိုးမှားပဲ။ look after ဆိုတာ တာဝန်ကြီးတခုလို အမြဲလုပ်ရတဲ့ sustained responsibility ကို ပြောချင်တာ။ ခဏတဖြုတ်စောင့်ကြည့်..အန္တရယ် မရှိရင် လွှတ်ထားလို့ရတဲ့ look out for လိုမဟုတ်ဘူး။ ဒါဆို အစားထိုးမှားတာပဲ။
Ordering Error (အထားအသိုမှား):
စကားလုံးတွေ၊ စကားစုတွေရဲ့ နေရာကို မှားယွင်းစွာ ထားမိတာမျိုးပါ။ ဒီလိုအထားအသိုမှားမျိုးက မှားတာထက် တလွဲအနက် ပေါ်သွားတာမျိုးပိုဖြစ်နိုင်တယ် ။ တခါတရံ native တွေရေးတဲ့ အတိုင်း လိုက်တုတာများရင်လည်း ဖြစ်တတ်တယ်။ သူတို့နဲ့ကိုယ် အတွေးစဥ် မတူတာ သတိမထားမိဘဲ..စာခွင်ချင်း မတူတာ သတိမထားမိဘဲ..သူတို့ ရေးသလို လိုက်ရေးရင် ဟုတ်လှပြီထင်ပြီး ရေးမိတာများမှာ မှားတတ်တာမျိုးပါ။ ဥပမာ- Shakespear ရဲ့ Julius Caesar ပြဇာတ်မှာ Mark Antony က ဆီဇာ အေလောင်းကြီးကို ပိုက်ပြီး ပြောတဲ့ စကားပြောခန်းပေါ့။ “Come I to speak in Caesar’s funeral” ဆိုတာမျိုး စထားတယ်။ ဒါကို ရှိတ်စပီးယား စာပဲငါလည်း လိုက်ရေးမယ်လုပ်ရင် သူနဲ့စာခွင်ချင်း အတွေးစဥ်ချင်း မတူလို့ အလွဲကြီးလွဲတတ်တယ်။ Embedded clauses and phrases တွေကို ဝါကျတကြောင်းထဲမှာ အများကြီးထည့်ရေးတတ်တဲ့ ၁၉ နဲ့ ၂၀ ရာစု အေစောပိုင်း စာအုပ်တွေကိုဖတ်ရင်းက ငါလည်း ဒီလိုလိုက်ရေးလို့ရသားပဲ ဆိုပြီး လိုက်တုရေးရာမှာ အနက်သေချာ မထင်တဲ့ စာရှုပ် စာရှည်ကြီးတွေထွက်လာတတ်တယ်။ ကျနော်တို့ကိုယ်တိုင်လည်း အဲ့လို မှားခဲ့ဖူးလို့ပြောတာပါ။
တကယ်တော့ စာရေးရေး/စကားပြောပြော..ကိုယ်ရေ းလို ပြောလိုတာက ဘာလဲဆိုတာ အရင်ဆုံးရှင်းလင်းစွာ နားလည်ပြီးမှ စကားလုံးနဲ့ နေရာအထားအသို၊အချိန်ကာလစတာတွေကို ဆုံးဖြတ်ရတာမျိုးပါ။ တချို့က စကားလုံးသုံး ချင်လို့/ဝါကျတည်ဆောက်ပုံကိုသုံ းချင်လို့ အတွေးကိုဖော်သလို လုပ်တတ်ကြတယ်။ လုံးဝမှားတဲ့ကိစ္စပါ ။ကြောင်တာမျိုးပေါ့။ မလုပ်ရပါဘူး။
အတွေးစဥ်နဲ့ စာခွင် မတူမှန်းမသိဘဲ အတုခိုးမိလို့ မှားတဲ့ အတုခိုးမှားတွေအကြောင်း နောက်နေ့မှာဆက်ပြောပါမယ်။ စာလည်းရှည်နေပြီမို့ ဒီမှာနားပါဦးမယ်။
Credit: Phyo Wai
Comments
Post a Comment