ချင်းတွင်းဒိုး



 ချင်းတွင်းဒိုး
မောင်ကြည်သာ(မုံရွာ)
        ချင်းတွင်းမြစ်ရိုးတလျောက်ရှိ မြို့ရွာများမှ ရန်ကုန်တက္ကသိုလ်သို့ ပညာဆည်းပူးရန် နှစ်စဉ် ကျောင်းသူ၊ ကျောင်းသားအများအပြားရောက်ရှိကြသည့် ချင်းတွင်းဒေသမှကျောင်းသားများ ပေါင်းစုဖွဲ့စည်းလာသည့် ဒိုးအဖွဲ့တစ်ဖွဲ့ရှိသည်။ မိမိတို့၏ ဒေသကိုအစွဲပြု၍ “ ချင်းတွင်းဒိုး” အဖွဲ့ဟု အမည်ပေးထားသည်။ တက္ကသိုလ် ကျောင်းသားများ စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

          ချင်းတွင်းဒိုးအဖွဲ့ကို ဦးဆောင်သူမှာ မုံရွာမှ စက်မှုတက္ကသိုလ်ကျောင်းသား ကိုကျော်ခိုင်မြိုင် ဖြစ်သည်။ သူသည် မုံရွာဗဟိုမီးသတ်တာဝန်ခံ ဆရာမြိုင်၏သား၊ အမှတ်(၁)အ.ထ.က မှ ဆရာမ ဒေါ်သန်းတင်မြိုင်၏ မောင်ဖြစ်သည်။ ကိုကျော်ခိုင်မြိုင်သည် ချင်းတွင်းဒေသရှိ ကျေးလက်များသို့ သွားရောက်၍ ဆွမ်းတော်ကြီးခံ အသင်းများထံမှ တေးသီချင်းများ စုဆောင်းခဲ့ပြီး တေးသီချင်းများ၊ သံချပ်များ ဖွဲ့ဆိုရေးစပ်ခဲ့သည်ဟု သိရသည်။
          ကိုကျော်ခိုင်မြိုင်သည် ချင်းတွင်းဒိုးကို ဦးဆောင်ရုံသာမက အခြားတစ်ကိုယ်တော် ပြကွက်များကိုလည်း ရန်ကုန်တက္ကသိုလ် သိပံပြပွဲမှဖျော်ဖြေမှုတွင် ပြသခဲ့သည်။ ဇာတ်စင်ပေါ်တွင် ခွေးခြေထိုင်ခုံပေါ်ထိုင်၍ စန္ဒရားတီးဟန်ပြကွက်ကို စင်အောက်မှ စန္ဒရားချစ်ဆွေနှင့် တိုက်ထားပြီး ဟန်ပြုပြသည်။ နောက်ပြကွက် တစ်ခုက တီးဝိုင်းကို အသံအနိမ့်အမြင့် ကြိမ်တုတ်ဖြင့် အချက်ပြသည်။ ထိုအချိန်က အင်္ဂလိပ်ရုပ်ရှင်သီချင်းများ တွင် ခေတ်စားနေသည့် “ အို့ …အို့… ဗာနဒီ…” သီချင်းသွားကိုက်၍ “ ဖား …ဖား… ဖား… ဘာလို့အော်ရတယ်…” သီချင်းဖြင့် စပ်ဆိုခဲ့သည်။ ပွဲကြည့်ပရိတ်သတ် တဝါးဝါးရယ်မောကြသည်ကို မြင်တွေ့ခဲ့ရသည်။
          ရန်ကုန်တက္ကသိုလ်သိပံပြပွဲကြီးကို (၁၉၅၈)ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည်။ သိပံပြခန်းများကို အဓိပတိလမ်းမကြီးအရှေ့ဘက်ရှိ မဟာသိပံဌာနတွင် ကျင်းပခဲ့သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ စသည့် ဘာသာရပ်ပြပွဲများ ခင်းကျင်းပြသခဲ့သည်။ လာရောက်ကြည့်ရှုသူ များပြားစည်ကားလှသည်။
          ဖျော်ဖြေရေးစင်မြင့်ကို အဓိပတိလမ်းမ အနောက်ဘက်ရှိ မဟာသိပံဌာနအဆောက်အဦးရှေ့ ဘွဲ့နှင်းသဘင်ခန်းမ၏ တောင်ဘက်ကွက် အနောက်မှ အရှေ့သို့  မျက်နှာမူ၍ ဆောက်ထားသည်။ ပြဇာတ်က “ ညီမလေးမာလာ” ပြဇာတ်ဖြစ်သည်။ လူကိုယ်တိုင်ထွက်၍ မပြဘဲ ပိတ်ကားအပြည့်ထောင်ပြီး စင်နောက်မှ မီးဆလိုက်ထိုး၍ အရိပ်ပုံနှင့်အသံကို စက်ဖြင့်ထုတ်လွှင့်ပေးသည်။ သစ်ပင်ပုံများကို တမာကိုင်းများ ထောင်ပြသည်။ အဝတ်အစား ကုန်စရာ မလိုတော့ပါ။ ဇာတ်လမ်းက တောခိုသူပုန်ဖြစ်သူ မောင်က ရုပ်ဖျက်၍ မာလာဆောင်တွင်နေသူ  ညီမလေးထံလာရောက်ပုံ၊ ညီမလေး တက္ကသိုလ်ဆရာက စာပြသည်ကို ပုံဖော်သည်။ ဇာတ်လမ်းအသေးစိတ်ကို မမှတ်မိတော့ပါ။
          ချင်းတွင်းဒိုးအဖွဲ့တွင် ဒိုးတီးသူ၊ နှဲမှုတ်သူ၊ လင်ကွင်းတီးသူ၊ မောင်းဆိုင်းတီးသူနှင့် ဝါးလက်ခုပ်တီးသူ ငါးဦးပါပြီး မောင်းဆိုင်းကို လူနှစ်ယောက်က ကြိုးဖြင့်လွယ်ထားရသည်။ ထိုစဉ်က မောင်းဆိုင်းလွယ်သူမှာ ကိုမောင်မောင်နှင့် ကိုဘသင်တို့ ဖြစ်ကြသည်။ ဝါးလက်ခုပ်တီးသူများတွင် ရေဦးမှ ကိုစန်းမောင်လည်း ပါသည်။ ကပြသည့်ကျောင်းသူမှာ ပညာရေးတက္ကသိုလ်မှ ကျောင်းသူတစ်ဦး ဖြစ်သည်။
          ချင်းတွင်းဒိုးသမားများ၏ ဝတ်စားဆင်ယင်မှုမှာ လက်ကိုင်ပုဝါကို ထောင့်တန်းခေါက်၍ နောက်မှအုပ်ပြီး ထိပ်တွင် ချည်ထားသည်။ မျက်နှာတွင် သနပ်ခါးလမ်းပြီး ပါးစပ်၏ဘေးတွင် မုန့်ဆီကျော် ပလုပ်ပလောင်းစား၍ ဆီပေကျံနေသကဲ့သို့ ပါးစပ်ဘေးတွင် ဆီပေနေပုံ ပြုလုပ်ထားသည်။
          အဝတ်အစားမှာ ပင်နီတိုက်ပုံနှင့် ယောလုံချည်ကို ဝတ်ထားသည်။ ကသည့်ကျောင်းသူမှာ ပင်နီရင်ဖုံးအင်္ကျီနှင့် ဆံပင်ကို ဆံတောက်ပုံဖားလျားချထားပြီး သနပ်ခါး ပါးကွက်ကြားလိမ်းခြယ်ထားသည်။ နွဲ့နှောင်းစွာ ကပြသည်ကို မြင်တွေ့ရသည်။
          ချင်းတွင်းဒိုးအဖွဲ့သားများအားလုံး မြူးမြူးကြွကြွ၊ တက်တက်ကြွကြွ တီးမှုတ်ကြသည်ကိုတွေ့ရသည်။ အထူးသဖြင့် ဝါးလက်ခုပ်တီးသူတွေ အထူးမြူးကြသည်ကို မြင်တွေ့ရသည်။ ထူးခြားချက်တစ်ခုမှာ မြိုင်မြိုင်ဆိုင်ဆိုင်တီးနေရာမှ ရုတ်တရက် ရပ်လိုက်ပြီး အချိန်အနည်းငယ်ကြာမှ ပြန်လည်လှုပ်ရှား တီးမှုတ်ကြသည်ကို မြင်တွေ့ရသည်။ သံချပ်ထိုးသံတွေလည်း ညီညာကြသည်။ သီချင်းကို ကိုကျော်ခိုင်မြိုင်ကတိုင်ပြီး နောက်ကလိုက်ဆိုကြသည်။ တစ်ဝက်တစ်ပျက် မှတ်မိသည်မှာ “ ကိုမြတ်မြတ်သာ ကိုမြတ်သာ မြင်းမဝယ်လို့လာ၊ တောင်းကလေးချ...ဟ၊ မြက်ထုံးကလေးပင့်...ဟင့်၊ အလိုဗျာ သူတို့ချင်းပါတဲ့လေ ...” ဆိုတာ မှတ်မိသေးသည်။.
          (၁၉၆ဝ) ခုနှစ်ဝန်းကျင်က မြန်မာ့အသံမှ တစ်ခါတစ်ရံ ညဘက်မှာ လွှင့်လေ့ရှိပါတယ်။ အသံသွင်းထားသည့်ခွေတွေ မြန်မာ့အသံမှာ ရှိနေမည် ထင်ပါသည်။ (၁၉၅၈) ခုနှစ် ဖျော်ဖြေရေးပွဲမှာ တတိယမြောက် ပထမဆုရသည်ဖြစ်၍ ယခင်နှစ်တွေက ပထမနှင့် ဒုတိယအကြိမ် ပထမရခဲ့ပြီးဖြစ်၍ သုံးနှစ်ဆက်တိုက် ပထမရခဲ့သည့် တက္ကသိုလ်ချင်းတွင်းဒိုး ဖြစ်ပါသည်။ ၎င်းတက္ကသိုလ် ချင်းတွင်းဒိုး အမည်ကိုယူ၍ ပေါ်ပေါက်လာသည့် ဒိုးအဖွဲ့များကလည်း ချင်းတွင်းဒိုးဟု မှည့်ခေါ်ကြသည်။ ချင်းတွင်းဒိုးမူလမှာ ချင်းတွင်းမြစ်ဝှမ်းဒေသရှိ ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဖွဲ့စည်းတည်ထောင်ခဲ့သော ချင်းတွင်းဒိုးသာလျှင် မူလအရင်းအမြစ်ဖြစ်ကြောင်း ချင်းတွင်းသားတို့ သိသာစေရန် စာရေးသူ သိမှီသမျှ ရေးသားလိုက်ရ ပါတော့သည်။ 

(မုံရွာတက္ကသိုလ်နှစ်လည် မဂ္ဂဇင်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်)မှ မောင်ကြည်သာ(မုံရွာ) ၏ ဆောင်းပါးကို ကူးယူဖော်ပြပါသည်။)
ထူးအောင်ဝင့်
https://htooaungwintt.blogspot.com

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်