ပုဂံမြို့တော် (၂)
ပုဂံမြို့တော်(၂)
သက္ကရာဇ်(၂၆၆)ခုနှစ် သေလည်ကြောင်မင်း လက်ထက်တွင်ကား ယခုပုဂံမြို့၏ တောင်ဖက်ကျ
သော လောကနန္ဒာဟုတွင်သည့် ကျော်ကစကား(ပုဂံ ၁၉ ရွာတွင် တစ်ရွာအပါအဝင် ဖြစ်သည်) ရွာအရပ်သို့
ပြောင်းရွှေ့ကာ သီရိပစ္စယာအမည်ဖြင့် ဒုတိယအကြိမ်
မြို့တော်သစ် တည်စိုက်ခဲ့ပြန်လေသည်။ ထိုမြို့တော်တွင် မင်း(၅)ပါးသည် (၁၇၂)နှစ်တိုင် အုပ်စိုးခဲ့ပြန်လေသည်။
သက္ကရာဇ်
(၄၃၈) ခုနှစ် သိုက်တိုင်မင်း လက်ထက်တွင် ထိုနေရာမှတစ်ဖန် ရွာစိုက်(ပုဂံ ၁၉ ရွာတွင်
တစ်ရွာအပါအဝင်ဖြစ်သည်။) ရွာအရပ်သို့ ပြောင်းရွှေ့ကာ တမ္ပဝတီအမည်ဖြင့် တတိယအကြိမ် မြို့တော်သစ် တည်စိုက်ခဲ့ပြန်လေသည်။ ထိုမြို့တော်တွင်
မင်း(၂၂)ပါးသည် (၃၄၂)နှစ်တိုင် အုပ်စိုးခဲ့ပြန်လေ
သည်။
သက္ကရာဇ် (၇၈၁)ခုနှစ်၊ ပုပ္ပါးစောရဟန်းမင်း
ဖြိုကြွင်း သက္ကရာဇ် (၂၂၁)ခုနှစ် ပျဉ်ပြားမင်း
လက်ထက်တွင် ထိုနေရာမှ နဂါးဆိုင်(ပုဂံ ၁၉ ရွာအဝင် နဂါးဆိတ် ဖြစ်သည်။) ရွာနေရာသို့ ပြောင်းရွှေ့ကာ
ပုဏ္ဏဂါမ အမည်ဖြင့် စတုတ္ထပုဂံမြို့တော်ကို
တည်ခဲ့ရာမှ ယခုအခါ ပုဂံဟု တွင်နေခဲ့လေသည်။ ပုဏ်ဂါမ၊
ပုဏ်ဂါမ်၊ ပုဂံ ဟူ၍လည်း ပြောင်းလဲမည်ဟု ကြံဆရပေသည်။ ပုဂံ၊ ပေါကံ၊ ပေါက်ကံ၊ ပေါက္ကံ ဟူ၍လည်း နှုတ်တွင် ခေါ်ဝေါ်ခဲ့ကြပြန်လေသည်။
အချို့ကလည်း ပြူဂါမမှ ပြူဂါမ်၊ ပြူဂံ၊ ပုဂံ
ဟူ၍တွင်ကြောင်းနှင့် တွေးဆကြလေသည်။ ထိုမြို့တော်တွင် မင်းပေါင်း (၂၂)ပါးတို့သည် (၅၀၉)နှစ်တိုင်တိုင် အုပ်စိုးခဲ့ပြန်လေ သည်။
ဤသို့အားဖြင့် ပုဂံနေပြည်တော်တွင် မင်းပေါင်း(၅၅)ပါးတို့ နှစ်ပေါင်း(၁၂၆၁)ခုနှစ်တိုင်
အုပ်စိုးခဲ့လေ သည်။
နရသီဟပတေ့မင်း
(၆၁၇-၆၄၈) လက်ထက်တွင် တာတာခေါ် တရုတ်တရက်တို့ ဝင်ရောက် ဖျက်ဆီးလေသဖြင့် ပုဂံမြို့
ပျက်ဆီးရလေသည်။ သားတော် ကျော်စွာမင်းလက်ထက်တွင် ကျော်စွာမင်းကို ညီနောင်များဖြစ်ကြသော
အသင်္ခယာ၊ ရာဇသင်္ကြံနှင့် သီဟသူတို့က နန်းချပြီး ပင်းယတွင် ထီးနန်းပြိုင် ပြုခဲ့ကြပြန်ရာ
ပုဂံ၏ခေတ်သည် မှေးမှိန်စပြုခဲ့လေသည်။ ကျော်စွာမင်း၏ သားတော် စောနစ်မင်းနှင့်
မြေးတော် စောမွန်နစ်မင်းတို့သည် ပုဂံမြို့တော်တွင် ဆက်လက်၍စိုးစံခဲ့ကြသော်လည်း
ပုဂံမြို့တော်သည် စည်ပင်မှုဆုတ်ယုတ်၍လာခဲ့ပြီး မင်းဆက်လည်းပြတ်ကာ နေပြည်တော်အဖြစ်မှ
ရွေ့လျားခဲ့ရလေသည်။
ပုဂံခေတ် ပုဂံနေပြည်တော် ပိုင်နက်ကို (၅၅၈)ခုနှစ်ထိုး
ဓမ္မရာဇိကဘုရားကျောက်စာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကို တွေ့ရှိရလေသည်။
အရိမဒ္ဒနပူရမည်သောပြည်ကိုလည်း
အစိုးရထသော…ခြင် အရာကား၊ အရှေ့သို့လားသော် နိုင်ငံကား သံလွင်မြစ်အရှေ့ဘက်အတိုင်း၊ တောင်ကား…ယ်…တ်၊
သင်…တ်…ရွာ၊ သလင်းကြေး၊ မစ္ဆကရိ…အတိုင်း။ အနောက်ကား မစ္ဆကရိ(မစ္ဆဂီရိ)…တောင်…ကောင်ပတိက္ကရာ။…။
မြောက်ကား တကောင်း၊ ငဆောင်ချမ်း၊ ဥဆောတ်တ…ပြင်နှင်…
စသည်ဖြင့်
ဖော်ပြထားလေသည်။
ကျောက်စာတွင် စာသားပျက်၍ အချို့စာသားမှာ
မထင်ရှားတော့ပေ။ ရရှိသမျှကို တွေးဆဆင်ခြင်သော်၊ အရှေ့ဘက်တွင် သံလွင်မြစ်ကို အခြားပြု၍
အနောက်ဘက်တွင်ကား မစ္ဆဂီရိ၊ ရခိုင်၊ ပဋိက္ခရား(စစ်တကောင်း)နယ် အစပ်အထိ ဖြစ်ပေသည်။ တောင်ဖက်နယ်နိမိတ်ကို
မသိရသော်လည်း အနော်ရထာမင်းလက်ထက်တွင် သထုံပြည်ကိုအောင်နိုင်၍ ကျန်စစ်သားမင်းကြီးလက်ထက်တွင်
မွန်တို့ကို သိမ်းသွင်းစည်းရုံးနိုင်ခဲ့သည်ဖြစ်ရာ ပုဂံခေတ်တွင် သထုံဒေသအထိ မြန်မာတို့ပိုင်နက်
ဖြစ်ပေလိမ့်မည်။ ပုဂံပျက်ခါနီး နရသီဟပတေ့ တရုတ်ပြေးမင်းလက်ထက် ဒလ၊ ပုသိမ် စသည့်မြစ်ဝကျွန်းပေါ်
ဒေသတို့မှာ ပုဂံမင်းများလက်အောက်တွင် ရှိနေခဲ့ကြောင်း ရာဇဝင်အဖြစ်အပျက်များက ထောက်ခံနေပေသည်။
မြောက်ဘက်တွင်ကား တကောင်း၊ ငဆောင်းချမ်း စသည်အထိ ကျယ်ပြန့်ကြောင်း သိရပေသည်။ ထိုနယ်ပယ်
နယ်နိမိတ်မှာ နရပတိစည်သူလက်ထက်တွင် ဖော်ပြချက်များသာ ဖြစ်လေသည်။
ပုဂံပိုင်နက်သည် ထိုမျှကျယ်ဝန်းသော်လည်း၊
အနော်ရထာမင်းကြီးလက်ထက်တွင် ပုဂံ နေပြည်တော်ကို အခိုင်အမာပြု၍ နေပြည်တော် အရပ်လေးမျက်နှာတွင်
ကင်းတို၊ ကင်းရှည်များထားကာ လုံခြုံရေးကို ဆောင်ရွက်ခဲ့လေသည်။ အနော်ရထာမင်းကြီးလက်ထက်တွင်
ရှမ်းစော်ဘွားတို့က သစ္စာခံ ခဲ့ကြသော်လည်း မမျှော်လင့်သောအန္တရာယ်ရောက်လာနိုင်သည်ကို
တွေးထောက်၍ နေပြည်တော်အပြင် နယ်နိမိတ်နယ်ခြားများတွင် ကင်းမြို့များ၊ ကင်းစခန်းများ
တည်ထားလေသည်။ ထိုကင်းစခန်းမြို့များသည် မြန်မာနိုင်ငံ၏ အစွန်ဆုံး အပြင်နယ်ခြားစခန်းများ
မဟုတ်ဘဲ နေပြည်တော်ကို လှမ်းမီ ကမ်းမီကြိုတင်ဆီးဆို့ ကာကွယ်နိုင်မည့် အချက်အချာ ကင်းစခန်းမျိုးသာ
ဖြစ်လေသည်။ ထိုကင်းစခန်းများကို ထောက်ဆ၍ ပုဂံပြည်(ဝါ)၊ ပုဂံခေတ် မြန်မာပိုင်နက် မှန်းဆသတ်မှတ်ရန်
မသင့်ပေ။
(မှတ်ချက်။ ။ လှသမိန်၏ ပုဂံခေတ်မြင်ကွင်းကျယ် မှ ကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://htooaungwint.weebly.com
Comments
Post a Comment