အမေအရင်းနှင့် တစ်ခဏ
အမေအရင်းနှင့် တစ်ခဏ ကိုတင်ထွန်း ပြန်သွားပြီးနောက် အမေအရင်း ဒေါ်မြသီက ကျွန်တော့်ကို ဆက်သွယ်လာသည်။ “ ကျွန်တော်ကသာ ခွင့်ပြုလျှင် လာတွေ့ချင်ပါသည် ” တဲ့။ ကိုယ့်ကို မွေးထုတ်ပေးလိုက်သော အမေက တွေ့ချင်သည်ဆိုသောအခါ ကျွန်တော့်အနေဖြင့် စဉ်းစားရကျပ်လာသည်။ ဝမ်းလည်း ဝမ်းနည်းမိသည်။ အမေက ထိုသို့ခွင့်တောင်းခြင်းမှာ ကိုတင်ထွန်းနှင့်တွေ့စဉ်က ကျွန်တော်ပြောလိုက်သော ကျွန်တော့်သဘောထားတချို့ကြောင့် ဖြစ်မည်ထင်သည်။ အမှန်အတိုင်းပြောလျှင် အမေက ကျွန်တော်တို့ကို စွန့်ပစ်ခဲ့သည်ဟုပဲ စွဲနေသေးသည်။ အကြောင်းရင်းမှန် သိခဲ့သော်လည်း ရင်ထဲတွင် စွဲသွားသည့် ခြစ်ရာကလေးကို မဖျောက်နိုင်သေးသဖြင့် ခံစားချက်ကို ကိုတင်ထွန်းအား ပြောပြဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို တွေ့ရန်မှာလည်း တထင့်ထင့် ဖြစ်ရသည်။