အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂)
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၂)
“ဟေ့ကောင် စိုးဝင်း၊ ဟိုမှာ မင်းအမေလိုက်လာတယ် ”
ဟု ပြောတော့ လှမ်းကြည့်လိုက်သည်။ သင်္ဘောဆိပ်နှင့် အိမ်အကြား သဲသောင်ပြင်နေပူကျဲကျဲထဲမှာ ဖုန်တထောင်းထောင်းနဲ့ ထဘီစွန်တောင်ဆွဲလို့ အော်ပြီးပြေးလာသည့် အမေ့ကို တွေ့လိုက်ရသည်။ ကျွန်တော်လည်း အိမ်ပေါ်က ပြေးဆင်းကာ အမေ့ထံ “ အမေ ” ဟု အော်ပြီးပြေးသည်။ သည်ကနေ့ခေတ် ရုပ်ရှင်များလို အနှေးပြကွက်ဖြင့်ပြလျှင် အတော်လေး ရင်နင့်စရာကောင်းနေပါလိမ့်မည်။ အမေနှင့် ကျွန်တော်တို့နှစ်ယောက်သား နေပူကျဲကျဲ ဖုန်တလုံးလုံးနှင့် ပြေးကြပြီး
“ အမယ်လေး သားရယ်၊ ငါဖြင့် ရှာလိုက်ရတာ ”
ဆိုပြီး နှစ်ယောက်သား ကြူကြူပါအောင် ဖက်ငိုတော့သည်။ အမေငို၊ သားငိုနှင့် ဦးလေးက လာခေါ်မှ အိမ်ပေါ်တက်ခဲ့ကြသည်။
အိမ်ပေါ်ရောက်သည်အထိ ကျွန်တော့်ကို လွတ်ထွက်မှာစိုးသည့်အလား အတင်းအကျပ် ဖက်တွယ်ထားသည်။
“ နောက် အမေ အဲဒီလို မလုပ်တော့ပါဘူး သားရယ်၊ ရိုက်လည်း မရိုက်တော့ပါဘူး၊ အိမ်က ထွက်မပြေးနဲ့တော့နော် ”
ဆိုပြီး တတွတ်တွတ် ရေရွတ်နေသည်။ နောက်ပိုင်းလည်း
“ငါ နင့်ကိုရိုက်တာ နင် ကောင်းစေချင်လို့ပါဟယ်၊ နင် ထွက်မပြေးပါနဲ့၊ ငါ နင့်ကို မရိုက်တော့ပါဘူး၊ နင့်ကို လိမ္မာစေချင်လွန်းလို့ပါ ”
ဆိုပြီး တောက်လျှောက် အဲဒါပဲပြောတော့သည်။ ပြီးတော့ တကယ်လည်း အမေ မရိုက်တော့ပါ။ ဒါပေမဲ့ အမေက ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံတော့ပါ။ နောက်တစ်ကြိမ် သူ့သား အိမ်ကထွက်ပြေးသွားမှာကို အတော်လေး စိုးရိမ်ပါသည်။
ဘယ်လောက်အထိ စိုးရိမ်သလဲဆိုလျှင် ကျွန်တော်နေသော ကွမ်းခြံကျောင်းကို နေ့စဉ်လိုက်ပို့ရုံမက ကျောင်းတွင် ကြာဇံသုပ်ရောင်းပြီး တစ်နေကုန် ထိုင်စောင့်နေတော့သည်။ ညနေကျောင်းဆင်းချိန်ကျမှ ကျွန်တော့်ကိုခေါ်ပြီး အိမ်ပြန်ကြသည်။ မူလတန်းကျောင်းတွင် နေ့စဉ်နှင့်အမျှ ထိုသို့လုပ်သည်မှ ကျွန်တော့်အတွက် မဆန်းသော်လည်း လေးတန်းအောင်၍ ကျောင်းကြီးပြောင်းရသည့်အခါ ပြဿနာရှိလာသည်။ ပြောင်းသည့် စင်ထရယ်ကျောင်းမှာ အထက်တန်းကျောင်းဖြစ်၍ လူများပြီး စုံလည်း စုံလာသည်။ အိမ်နှင့်လည်း လှမ်းသည်။ ကျွန်တော့်မှာလည်း အရွယ်ကလေး ရောက်လာ၍ ရှက်တတ်လာသည်။ ထို့ကြောင့် အမေ့ကိုပြောရသည်။
“ အမေရယ်၊ ကျောင်းလိုက်ပြီး ဈေးမရောင်းပါနဲ့တော့၊ အမေလဲ ပင်ပန်းတယ်၊ သားလဲ လိမ္မာနေပါပြီ၊ မဟုတ်တာလည်း မလုပ်ပါဘူး၊ အမေမသိအောင်လဲ ဘာမှ မလုပ်ဘူး၊ ထွက်လည်း မပြေးပါဘူး ”
ဟု အထပ်ထပ် ကတိပေးမှ ကျောင်းသို့လိုက်ပြီး ဈေးမရောင်းတော့ပါ။ သို့သော်လည်း အမေ့မှာ ကျွန်တော့်ကို စိတ်မချသဖြင့် တစ်ခါတလေ ကျောင်းဆင်းချိန်လိုမျိုး၊ မုန့်စားဆင်းချိန်လိုမျိုး ရောက်လာတတ်သေးသည်။
“ အမေ လမ်းကြုံလို့ ဝင်လာတာ၊ အမေ ဒီဘက်ရောက်တုန်း သားကို မုန့်ဖိုးမပေးလိုက်ရသေးတာ သတိရလို့ ”
စသဖြင့် လာကြည့်တတ်သေးသည်။ ထို့ပြင် ကျွန်တော်တို့ ရပ်ကွက်ထဲမှ အတန်းတူ ကျောင်းသားများကို မုန့်ဖိုးပေးကာ
“ ဟဲ့ စိုးဝင်း ဘာတွေလုပ်လဲ ပြန်ပြောစမ်း ”
ဆိုပြီး ခိုင်းတတ်သေးသည်။
ဘာပဲပြောပြော ကျွန်တော်အိမ်ကထွက်ပြေးပြီးနောက်ပိုင်း အမေက ကျွန်တော့်ကို လုံးဝ မရိုက်တော့ပါ။ ပြောစရာ ဆိုစရာ ရှိလျှင် လှည့်ပတ်ပြီး ပြောဆိုတော့သည်။ ကျွန်တော်ကလည်း ကျွန်တော်ဖြစ်သည်။ နည်းနည်းလေးတော့ ဆိုးသည်။ လစ်လျှင် လစ်သလို တောင်လုပ် မြောက်လုပ် ရှိသေးသည်။ အမေက သိလျှင်သိချင်း အရက်မသောက်ပါနှင့် မပြော။
“ ရပ်ကွက်ထဲက ဟိုတစ်ယောက်လေ၊ အရက်တွေမူးပြီး ရမ်းနေတာ ရဲက ဖမ်းသွားလို့၊ အဲဒီကောင်လေးက အရင်ကလိမ္မာပါတယ်၊ နောက်တော့ လူပေါင်းမှားတော့ ခုလိုဖြစ်ရတာ၊ သားက လိမ္မာပါတယ်၊ အမေစိတ်မချမ်းသာအောင် မလုပ်ဘူး ”
“ သားတို့ ကျောင်းဘက်ရောက်တော့ ကျောင်းသားလေးတွေ စီးကရက်ခိုးသောက်နေတာ တွေ့တယ်၊ မိဘကွယ်ရာမှာ လုပ်ချင်တာ လုပ်နေကြတာ၊ ငါ့သား စိုးဝင်းက ဒါမျိုး မလုပ်တတ်လို့ တော်သေးတယ် ”
စသဖြင့် ကွေ့ဝိုက်ပြောတတ်သည်။ အမှန်က အမေက ကျွန်တော်လုပ်ထားတာတွေ သိထားပြီး ဖြစ်သည်။ မလေးနဲ့ သမီးရည်းစားဘဝရောက်တော့လည်း
“ ဟဲ့ စိုးဝင်း၊ သိလား၊ တချို့ကလေ မိဘတွေ မသိအောင် ရည်းစားတွေဘာတွေ ထားကြတယ် ” လို့ပြောတာနဲ့ “ ဟာ ငါ့အမေတော့ သိနေပြီ၊ ငါတော့ ဖွင့်ပြောမှ ဖြစ်တော့မယ် ” ဆိုပြီး
“အမေ၊ အမေ့ကို ပြောစရာရှိတယ်၊ ကျွန်တော်လေ ရည်းစားရနေပြီ သိလား ”
“ ဘယ်ကလဲ၊ ကြည့်မြင်တိုင်ကလား၊ တို့လမ်းထဲကလား၊ ဒါဆိုရင် ”
“ ဟဲ့သား၊ ဒေါ်ရှုသမီးမှ ဟုတ်ရဲ့လား ” တဲ့။
အဲဒီလို အမေမျိုးဖြစ်သည်။ ထိုသို့ အမေက စည်းကမ်းကြီး၍သာ။ အကယ်၍ သူသာ စည်းကမ်းမကြီးခဲ့လျှင် ကျွန်တော် သည်လိုအဆင့်၊ သည်လိုနေရာမျိုး ရောက်မည် မဟုတ်ပါ။ သူလိုကိုယ်လို သာမန်လူတစ်ယောက်သာ ဖြစ်နေပါလိမ့်မည်။ သည်လိုဖြစ်ထွန်းလာအောင် ကြိုးစားအားထုတ်မှုသည် အမေဒေါ်မြသီကို ပေးခဲ့သော ကတိတစ်ခုတည်းကြောင့်သာ မဟုတ်။ ကျွန်တော့်အပေါ်တွင် မေတ္တာစိတ် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ ထိုမေတ္တာစိတ်ကြောင့်ပင်လျှင် ပညာတတ်တစ်ယောက် ဖြစ်စေရန်နှင့် လူရာဝင်စေရန် ပြုစုပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။
အမေသည် ကျွန်တော်တစ်ယောက်တည်း ဘဝသာမဟုတ်၊ ကျွန်တော့်သား၊ သမီးများ၏ ဘဝကိုပါ ဆက်လက်ပဲ့ပြင်ထိန်းကျောင်းပေးခဲ့သည်။ အမေ့တွင် ရှိသောစိတ်တစ်ခုမှာ သူ့ကိုယ်သူ လူပိုတစ်ယောက်အဖြစ် ဘယ်တော့မှ လက်မခံခြင်း ဖြစ်သည်။ သူသည် ဘယ်မှာပဲနေနေ သူယူရမည့် တာဝန်ဝတ္တရား မရှိပါက အလကား ထမင်းထိုင်စားနေတတ်သောသူ မဟုတ်ပါ။ သူက ဘာတာဝန်မှ မရှိဘဲ သားသမီးအိမ်တွင် အခန့်သား ထိုင်စားနေရတာမျိုး မကြိုက်ပါ။ အတော်ကလေး မာနကြီးသည်။ ကျွန်တော်တပ်ရင်းမှူးဖြစ်ပြီးနောက်ပိုင်း မလေးကို တပ်ရင်းတွင် ရှိနေစေရသည့်အချိန်များ ရှိလာပါသည်။ တပ်ရင်းမှူးတစ်ယောက်အနေဖြင့် တပ်ရင်းနှင့်တကွ ရှေ့တန်းထွက်နေရသည့်အခါမျိုးဖြစ်စေ၊ နောက်တန်းတွင် နေရသည်ဖြစ်စေ တပ်ရင်းမိသားစုများကို မိဘသဖွယ် တာဝန်ယူရသည်များ ရှိလာသည်။ ထို့ကြောင့် မလေးက ကျွန်တော်နှင့် တပ်ရင်းတွင် လိုက်နေရပြီး သားနှင့်သမီးကို အိမ်တွင် ထားခဲ့ရသည်။
ထိုအချိန်တွင် အဖေကလည်း ဘုန်းကြီးဝတ်သွားပြီ ဖြစ်သဖြင့် အမေက သရက်တောလမ်းအိမ်တွင် တစ်ယောက်တည်း ကျန်သည်။ ဘကြီးဖြစ်သူနှင့်နေသော ကျွန်တော့်သားနှင့် သမီးကလည်း ဘကြီးဆုံးသွားသဖြင့် ပိတောက်ပင်လမ်းတွင် နှစ်ယောက်တည်း ကျန်ခဲ့သည်။ ထို့ကြောင့် အမေ့ကို မြေးများနှင့် အေးအေးဆေးဆေး အတူနေရန် ပြောသည်၊ မရ။ ရွှေဂုံတိုင်ဘက် သွားနေသည်။ နောက်တော့ အမေ ကြည့်မြင်တိုင်အိမ်ပြန်နေရေးအတွက် သားဖြစ်သူ ကိုနေစိုးကိုလည်း တာဝန်ပေးရသည်။ အမေ အိမ်ပြန်ရောက်တော့ ကိုနေစိုးထံမှ စာရသည်။
“ အဘွား အိမ်ပြန်ရောက်ပြီ အဖေ၊ နှစ်ခေါက်တော့ သွားလိုက်ရတယ်၊ ပထမတစ်ခေါက်ကတော့ ဘာမှ မပြောဖြစ်ခဲ့ဘူး၊ နောက်တစ်ခေါက်ကျတော့ ‘ အဘွား၊ အိမ်မှာ အမေကလည်း အဖေ့နောက်လိုက်ရတယ်၊ ဘမြင့်ကလည်း ဆုံးသွားပြီ၊ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ပဲရှိတယ်၊ ကျွန်တော်တို့ကို စောင့်ရှောက်မယ့်လူ မရှိဘူး၊ နောက်တစ်ခုက အိမ်မှာ အိမ်စောင့်မရှိဘူး ’ ဆိုတော့ အဘွားက ကျွန်တော့်ကိုကြည့်ပြီး ‘ ငါက နည်တို့အိမ် စောင့်ပေးရမှာလား ’ လို့ မေးတယ်၊ ကျွန်တော်က ‘ ဟုတ်တယ်လေ၊ အဘွားမှ မစောင့်ရင် ဘယ်သူစောင့်မှာလဲ ’ လို့ ဖြေလိုက်တယ်။ အဲဒီတော့မှ ‘ အေး၊ အဲဒါဆို အခု လိုက်မယ် ’ ဆိုပြီး ထလိုက်လာတယ် ”
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
(၁၇.၁၀.၂၀၁၇ နံနက် ၁၁း၂၈ မိနစ်)
Comments
Post a Comment