အမေအရင်းနှင့် တစ်ခဏ
အမေအရင်းနှင့် တစ်ခဏ
ကိုတင်ထွန်း ပြန်သွားပြီးနောက် အမေအရင်း ဒေါ်မြသီက ကျွန်တော့်ကို ဆက်သွယ်လာသည်။ “ ကျွန်တော်ကသာ ခွင့်ပြုလျှင် လာတွေ့ချင်ပါသည် ” တဲ့။ ကိုယ့်ကို မွေးထုတ်ပေးလိုက်သော အမေက တွေ့ချင်သည်ဆိုသောအခါ ကျွန်တော့်အနေဖြင့် စဉ်းစားရကျပ်လာသည်။ ဝမ်းလည်း ဝမ်းနည်းမိသည်။ အမေက ထိုသို့ခွင့်တောင်းခြင်းမှာ ကိုတင်ထွန်းနှင့်တွေ့စဉ်က ကျွန်တော်ပြောလိုက်သော ကျွန်တော့်သဘောထားတချို့ကြောင့် ဖြစ်မည်ထင်သည်။ အမှန်အတိုင်းပြောလျှင် အမေက ကျွန်တော်တို့ကို စွန့်ပစ်ခဲ့သည်ဟုပဲ စွဲနေသေးသည်။ အကြောင်းရင်းမှန် သိခဲ့သော်လည်း ရင်ထဲတွင် စွဲသွားသည့် ခြစ်ရာကလေးကို မဖျောက်နိုင်သေးသဖြင့် ခံစားချက်ကို ကိုတင်ထွန်းအား ပြောပြဖြစ်ခဲ့သည်။ ထို့ကြောင့်ပင် သူ့ကို တွေ့ရန်မှာလည်း တထင့်ထင့် ဖြစ်ရသည်။
ထို့အပြင် တစ်ဖက်ကလည်း လက်ရှိ ကျွန်တော့်အမေနှင့် ပြဿနာဖြစ်မှာစိုးသည်။ အမေ မသိဘဲနှင့်လည်း မလုပ်ချင်။ အမေ့ကို သိအောင်ပြောလျှင်လည်း အမေ့သဘောထားက ဘယ်သို့ရှိမည်ကို ကျွန်တော်မသိ။ အဖြစ်အပျက်တွေက ခုနေခါပြောလျှင် ဘာမှမဟုတ်သလို ရှိကောင်းရှိနေမည် ဖြစ်သော်လည်း အချိန်ယူဖို့လိုသေးသည်ဟု ထင်သည်။ တစ်ဖက်ကလည်း အမေဆိုသောသူကို မျက်နှာချင်းဆိုင် တွေ့လိုက်ချင်သည့်ဆန္ဒက ရှိနေသည်။ ရှိနေသည်က ပြင်းပြင်းပြပြကို ရှိနေခြင်းဖြစ်သည်။
ထို့ကြောင့် အမေ့ကို လာလိုက လာနိုင်ကြောင်း အကြောင်းပြန်လိုက်သည်။ အမေဒေါ်သိန်းကြည် ကိုတော့ ဘာမျှ မပြောဖြစ်ခဲ့။
အမေနှင့်ကျွန်တော် ပြန်တွေ့ဆုံဖြစ်သည့်နေ့မှာ ပြင်ဦးလွင်၏ ဆောင်းတွင်းရက် တစ်ရက်ဖြစ်သည်။ ထိုနေ့က နှင်းတွေ တဖွဲဖွဲကျနေသည်။ ကျွန်တော်က အမေ့ကို ဧည့်ခန်းဆောင်ထဲတွင် ချိန်းထားသော်လည်း ကျွန်တော် မစောင့်နိုင်။ အမေ့ကို စောင့်နေရသည်မှာ ကျွန်တော့်အနေဖြင့် စိတ်မရှည်ချင်။ တကယ်တော့ အမေက နောက်မျက်။ ကျွန်တော်ကပဲ စိတ်လှုပ်ရှားပြီး စိတ်စောနေခြင်းဖြစ်သည်။ ကျွန်တော် ဧည့်ခန်းဆောင်ထဲတွင်ပင် မနေနိုင်။ နှင်းတွေတဖွဲဖွဲကျနေသော အဆောင်အပြင်ဘက် သစ်ပင်အောက်တွင် အမေ့ကိုမျှော်၍ ရပ်စောင့်နေသည်။ အချိန်လေးစားသောအမေက ချိန်းထားသည့်အချိန် အတိအကျအတိုင်း ရောက်လာသည်။ ဗီရိုလှည်း (ရထားလုံး) ပေါ်မှဆင်းလာပြီး ကျွန်တော့်ထံ လျှောက်လာသော အမေ့ကိုကြည့်ရင်း ရင်တွေ လှိုက်ကနဲ ဖြစ်သွားခဲ့သည်ကိုတော့ ကောင်းကောင်း မှတ်မိနေသေးသည်။ ဘာစကားက စပြောရမည်ကို အစရှာ၍ပင် မရ။ အမေလည်း ထိုသို့ ဖြစ်နေမည်လား တွေးမိသည်။
တကယ်တော့ အမေသည် ကျွန်တော်ကဲ့သို့မဟုတ်။ ကျွန်တော့်နားရောက်သည်နှင့် တစ်ခါတည်း ဒူးထောက်ချလိုက်ပြီး ကျွန်တော့်ကို ဖက်လျက် ငိုပြီး တတွတ်တွတ် ပြောတော့သည်။
“ သားရယ်၊ အမေ ဘယ်လိုမှ မဖြစ်လို့ပါကွယ်၊ အမေ့ကို ခွင့်လွှတ်ပါ ”
အမေ့အသံကို ကြားလိုက်ရသောအခါ ကျွန်တော့်ရင်ထဲရှိ အကျိတ်အခဲတို့သည် ဘယ်ရောက်သွားသည် မသိတော့။ အမေ့အပေါ် ကျွန်တော်အထင်လွဲနေသမျှ၊ စိတ်ခုနေသမျှအားလုံး ကျွန်တော့်ထံမှ ထွက်ပြေးသွားကြပြီ ဖြစ်သည်။ ကျွန်တော်လည်း အမေနှင့်အတူ ရော၍ ငိုမိသည်။ နှစ်ယောက်သား မျက်ရည်တွေကျ၊ ငိုခဲ့ကြသည်။ ထိုအခိုက်အတန့်လေးမှာပင် အမေဒေါ်မြသီကို ပြောရန်စကားထွက်လာသည်။ ထိုအတိုင်းပင် ပြောလိုက်သည်။
“ အမေ၊ အမေက ကျွန်တော့်ကို မွေးထုတ်လိုက်တာတော့ ဟုတ်တယ်၊ ဒါပေမဲ့ ရန်ကုန်မှာ အမေတစ်ယောက်ရှိသေးတယ်နော်၊ သူက ကျွန်တော့်ကို လူလားမြောက်အောင် စောင့်ရှောက်လာခဲ့တာ၊ ကျွန်တော် သူ့ကို ပြန်ပြီးစောင့်ရှောက်ရမှာ၊ အမေ့ကို ကြည့်နိုင်မှာ မဟုတ်ဘူး ”
ကျွန်တော်ထိုသို့ ပြောလိုက်သောအခါ အမေက ငိုနေတာကို ချက်ချင်း ရပ်ပစ်လိုက်သလို ဒူးထောက်နေရာမှ တစ်ခါတည်း ထရပ်လိုက်ပြီး မျက်ရည်ကို သုတ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ကို လက်ညှိုးထိုး၍ ပြောသည်။
“ နင်နဲ့ငါနဲ့ သူငယ်ချင်းဖြစ်ပြီ၊ နင်က ကိုချမ်းသာ သားပဲလေ သူ့အတိုင်းပေါ့ ”
အမေက ကျွန်တော့်ကို တောင်းပန်သည်။ ကျွန်တော်က တစ်ဦးတည်းသောသားလို နေခဲ့ရပြီး သူ့အနေနှင့် ဘယ်ရောက်မှန်းမသိ၊ မိခင်တာဝန်ပျက်ခဲ့သည်။ ကိုတင်ထွန်းနှင့်ကျတော့ ထိုသို့မဟုတ်။ ကိုတင်ထွန်း ကိုးနှစ်သားအရွယ်တွင် တောင်ကြီးသို့ပြန်ပြောင်းရပြီး ကိုတင်ထွန်းတို့ ရပ်ကွက်ထဲတွင် အိမ်ဝယ်ပြီး နေခဲ့သည်။ ကိုတင်ထွန်းကိုလည်း ထိုအရွယ်မှစပြီး အနီးကပ် စောင့်ရှောက်နိုင်ခဲ့သည်။ ထိုနေ့က အမေဒေါ်မြသီနှင့် ကျွန်တော် စကားတွေ အများကြီး ပြောဖြစ်ခဲ့ကြသည်။
တစ်ခါ တတိယနှစ်ကျောင်းပိတ်လျှင် သူ့ဆီလာလည်ပါရန်လည်း ဖိတ်သည်။ ထိုအချိန်က အမေဒေါ်မြသီက လွိုင်ကော်မှာ အလယ်တန်းကျောင်းအုပ် လုပ်နေသည်။ အဓိကမှာ သားနှစ်ယောက်နှင့် အမေတို့ တစုတစည်းတည်း ပြန်ဆုံချင်တာကြောင့်လည်း ပါသည်။ ဆွေးမျိုးများနှင့်လည်း တွေ့ပေးချင်သည်။ ကျွန်တော်ကလည်း ကျွန်တော့်အဖေ့ဘက်နှင့် အမေ့ဘက်က အမျိုးများကို တွေ့လိုသဖြင့် လာခဲ့မည်ဟု ကတိပေးခဲ့သည်။ ကတိအတိုင်းလည်း တတိယနှစ် ကျောင်းပိတ်ရက်တွင် အမေဒေါ်သိန်းကြည်ကို သူငယ်ချင်းထံ လိုက်သွားသည်ဟု အကြောင်းပြ၍ ရန်ကုန်မပြန်ဘဲ ငါးရက်ခန့် သွားလည်ခဲ့သည်။
လွိုင်ကော်မှပြန်တော့ ကျွန်တော်တို့ သားအမိတွေ ခုလိုပြန်ဆုံမိကြတာကို အမေ ဒေါ်သိန်းကြည်အား အသိပေးရန် စဉ်းစားရတော့သည်။ တစ်သက်လုံး ဖုံးထား၍လည်း မရနိုင်။ ဖုံးထားပြီး ကိုယ်မပြောဘဲ သူ့ဘာသာသိသွားလျှင် ပို၍ ခံစားသွားရနိုင်သည်။ ထို့ကြောင့် နည်းလမ်းရှာရသည်။ အမေဒေါ်သိန်းကြည်အနေဖြင့် တစ်သက်လုံး ဖုံးကွယ်ထားသမျှကို ကျွန်တော်တို့ သိသွားခဲ့လျှင် ဖြစ်လာနိုင်သည့် အမေ့စိတ်ကို အနည်းဆုံးပဲ ခံစားစေချင်သည်။ လွိုင်ကော်မှအပြန် ရန်ကုန်တွင် အမေနှင့် နေရသည့်အချိန် တစ်လျှောက်လုံး အမေ့မျက်နှာကို ကောင်းကောင်းပင် မကြည့်ရဲ။ အပြစ်တစ်ခုခုကို ကျူးလွန်ထားသလို ခံစားရသည်။
ကိုတင်ထွန်းနှင့် တွေ့သည့်ကိစ္စ၊ အမေဒေါ်မြသီနှင့် တွေ့သည့်ကိစ္စများကို တောက်လျှောက်ဆိုသလို အသိပေးထားတာက မလေးကိုဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက်မှာ ကျွန်တော်ကျောင်းဆင်းလျှင် လက်ထပ်ကြရန်အထိ ဆုံးဖြတ်ထားကြသူများမို့ ဖြစ်လာသောကိစ္စများကို တိုင်ပင်ဖြစ်ခြင်းလည်း ဖြစ်သည်။ ကျွန်တော်တို့က တစ်ရပ်ကွက်တည်းသားလည်းဖြစ်၊ အမေနှင့် သူက ငယ်ငယ်ကတည်းက အတူနေလာသူဖြစ်ပြီး “ မလေး ” ဟု အမည်ရလာခြင်းကပင် အမေ့ကြောင့် ဖြစ်သည်။ အမေက သူ့ကို “ ကလေး ” ဟု ခေါ်သည်။မလေးကလည် သူ့ကိုယ်သူ “ ကလေး၊ ကလေး ” ဟု ပြောရာကနေ နောက်တော “ မလေး ” ဟု ဖြစ်လာခြင်း ဖြစ်သည်။ သူ့ကို ကိုတင်ထွန်းနှင့် ပတ်သက်ပြီး စာရေးပြီး ပြောလိုက်သည်။
“ မလေး၊ စာနဲ့အတူ ပါလာတဲ့ဓာတ်ပုံက ကို့အမြွှာညီ ကိုတင်ထွန်းတဲ့၊ မလေးကို အာအိုင်တီ သွားရှာခိုင်းတာ သူပဲ၊ လောလောဆယ်တော့ ကို့မှာ ညီတစ်ယောက်ရှိတယ်၊ အဖေနှစ်ယောက်၊ အမေနှစ်ယောက် ရှိနေတယ်ဆိုတာ မှတ်ထားပေးပါ ”
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
Comments
Post a Comment