ညီအစ်ကို တွေ့ဆုံရေး(၁)
ညီအစ်ကို တွေ့ဆုံရေး(၁)
ကျွန်တော် စစ်တက္ကသိုလ်ရောက်တော့ အောင်ဆန်းတပ်ခွဲ တပ်စု (၁၀)မှာ နေရာရသည်။ တပ်စု (၁၀)သည် အနော်ရထာတပ်ခွဲ အဆောင်များနှင့် နီးသဖြင့် အနော်ရထာတပ်ခွဲတွင် ရှိသော ကိုတင်အောင်မြင့်ဦး (ယခု ဒုတိယ သမ္မတ(ငြိမ်း)) နှင့် တွေ့ရသည်။ တောင်ကြီးသား။ လူပုံက ခပ်ချောချောနှင့်။ သူက တောင်ကြီး အထက (၁)ကနေ ဆယ်တန်းအောင်ပြီး စစ်တက္ကသိုလ်ရောက်လာသူ ဖြစ်သည်။ ကိုတင်ထွန်းနှင့် သူက တစ်ကျောင်းတည်းသား ဖြစ်သည်။
ကျွန်တော်နှင့် ခင်မင်သွားသောအခါ
“ စိုးဝင်း တောင်ကြီးမှာ မင်းနဲ့တူတဲ့ကောင် ရှိတယ်ကွ ” ဟု ပြောသည်။ သူ၏ပြောစကားအရ တောင်ကြီးသား ကိုတင်ထွန်းဆိုတာ ကျွန်တော်နှင့် ရုပ်ချင်းတော်တော်တူကြောင်း သိလိုက်ရသည်ကလွဲ၍ ထူးထူးခြားခြား မဖြစ်ခဲ့။ ကျွန်တော်က ရန်ကုန်သား၊ ကိုတင်ထွန်းက တောင်ကြီးသား ဖြစ်၍ ဘာမျှဆက်စပ်နိုင်မည့်အရေး မရှိသောကြောင့် ထူးထူးခြားခြား စိတ်မဝင်စားခဲ့ပါ။ ထိုအချိန်အထိ အမေနှင့် အဖေသည် ကျွန်တော်၏ မိဘအရင်းများ ဖြစ်သည်ဟုပဲ သိထားပြီး အခြားမွေးချင်း မရှိသဖြင့် ကိုတင်အောင်မြင့်ဦး၏ စကားကိုလည်း အမှုမဲ့ အမှတ်မဲ့သာ ထားခဲ့သည်။
သူကလည်း ထပ်မပြောတော့ဘဲ နိစ္စဓူဝ စစ်သင်တန်းများဖြင့်သာ အချိန်ကုန်နေခဲ့သည်။ နောက်တစ်ခုက ကျွန်တော်နှင့် ကိုတင်ထွန်း သာမန်ရုပ်တူသူအဖြစ်သာ နှစ်ယောက်စလုံး သဘောထားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ နောင် ကိုတင်ထွန်းနှင့် တွေ့သောအခါ သူက ဆံပင်ရှည်ရှည်နှင့် လမ်းသရဲပုံစံဖြစ်၍ မျက်နှာကလည်း ခပ်သွယ်သွယ်ဟု ထင်ရပြီး ကျွန်တော်က ဆံပင်တိုနှင့်ဆိုတော့ မျက်နှာက အနည်းငယ်ဝိုင်းသလို ထင်ရသည်။ ပြီးတော့ သူက အနည်းငယ် အရပ်မြင့်ပြီး အသားလည်း အနည်းငယ်ဖြူသည်။ ပြီးတော့ သူ့မှာလည်း သူ့မိသားစုနှင့်သူ၊ ကျွန်တော့်မှာလည်း ကျွန်တော့်မိသားစုနှင့် ကျွန်တော်ဆိုတော့ ကျွန်တော်တို့နှစ်ယောက်ကို သာမန်ထက်ပို၍ မဆက်စပ်ဖြစ်ခဲ့ကြခြင်း ဖြစ်ဟန် တူပါသည်။ ထိုအချိန်တွင် ကိုတင်ထွန်းကတော့ သူ့တွင် အမြွှာအစ်ကိုတစ်ယောက်ရှိမှန်း ကြိုသိထားပြီး ဖြစ်သည်။
ကိုတင်ထွန်းမှာ မွေးစားမိဘများနှင့် မိခင်ရင်းတို့က တစ်မြို့တည်းနေကြပြီး ရပ်ကွက်ချင်းကလည်း မဝေးသဖြင့် အဆက်အသွယ်ရှိနေကြသည်။ နောက်ပြီး ကိုတင်ထွန်း၏ မွေးစားမိခင် ဒေါ်တင်အေးမှာ သားဦးကလေးသာ အဖတ်မတင်ဖြစ်ပြီး နောက်ပိုင်း ကလေးသုံးယောက် ဆက်တိုက်မွေးခဲ့သဖြင့် ကိုတင်ထွန်းကို အမေအရင်း ဒေါ်မြသီက လာပြီးကြည့်တာ၊ ပြုတာ၊ စောင့်ရှောက်တာများကို ခွင့်ပြုထားခဲ့သည်။ သို့သော် မွေးစားသားအဖြစ် ဖွင့်မပြောခဲ့ကြ။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း မသိကြ။ ကိုတင်ထွန်း ဆယ်တန်းစာမေးပွဲ အောင်သည့်အချိန်ကျမှ ကိုတင်ထွန်းကို သူတို့ မွေးစားထားကြောင်းနှင့် အဖေအရင်း၊ အမေအရင်းတွေက ဘယ်သူဖြစ်ကြောင်း ပြောပြသည်။ ထို့အပြင် အမြွှာအစ်ကိုတစ်ယောက် ရှိနေသေးကြောင်းနှင့် ထိုအစ်ကိုမှာ ဘယ်အရပ် ဘယ်ဌာနေမှာ ရှိနေသည်ကို မသိကြကြောင်းကိုပါ ပြောပြထားကြသည်။
ပထမပိုင်းတွင် ကျွန်တော်တို့တတွေ တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုမှန်း မဆက်စပ်မိခဲ့ကြခြင်းမှာလည်း ကျွန်တော့်ဘက်က အမြွှာညီတစ်ယောက် ရှိနေမှန်း မသိခြင်းကြောင့်လည်း ပါသည်။ ကိုတင်ထွန်းကို သိသော ကိုတင်အောင်မြင့်ဦးကလည်း ဆယ်တန်းအောင်ပြီးပြီးချင်း စစ်တက္ကသိုလ်ရောက်လာသဖြင့် ကိုတင်ထွန်း၏ အမြွှာဇာတ်လမ်းကို မသိလိုက်ချေ။ ကျွန်တော်တို့တွေ စစ်တက္ကသိုလ်ရောက်ပြီး သုံးလေးလ ဘယ်မျှ မသွားရ၊ မထွက်ရခြင်း၊ ထွက်ရချိန်တွင်လည်း ပြင်ဦးလွင်တွင် ရှိနေရခြင်းတို့ကြောင့်လည်း ပါသည်။ ထိုအချိန်တွင် ကိုတင်ထွန်းက တောင်ကြီးတွင် မရှိတော့ဘဲ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ကျောင်းတက်နေပြီဖြစ်သည်။
ကျွန်တော် စစ်တက္ကသိုလ် ပထမနှစ်ပြီးလို့ နွေရာသီအားလပ်ရက် တစ်လအိမ်ပြန်ရတော့ အရင်ကသူငယ်ချင်းဟောင်းများနှင့် ပြန်တွေ့သောအခါ သူတို့က
“ စိုးဝင်း၊ မင်း အာအိုင်တီလာတက်နေရတာလား ” ဟု မေးကြ၊ ပြောကြသည်။ ကျွန်တော်က
“ ဟာ မဟုတ်ပါဘူးကွာ ”
လို့ ပြောတော့ သူတို့က အာအိုင်တီဝင်းထဲမှာ ကျွန်တော့်ကို တွေ့တွေ့နေရသည်ဟု ပြောကြသည်။ ကျွန်တော်တို့ ခွင့်ရချိန်တွင် အာအိုင်တီကလည်း ပိတ်နေပြီဖြစ်သဖြင့် ကျောင်းသို့မရောက်ဖြစ်။
သို့နှင့် ပြင်ဦးလွင်ပြန်ရောက်တော့မှ အခန်းဖော် ဝင်းခေါင်ကြီးကို ပြောပြရသည်။ သူနှင့်ကျွန်တော်က ကုတင်ချင်းကပ်နေသဖြင့် သူနှင့်ပင်ပို၍တိုင်ပင်ဖြစ်သည်။
“ သူငယ်ချင်း၊ ရန်ကုန်က ကောင်တွေက ငါ့ကို အာအိုင်တီမှာ လာတက်နေတာလားလို့မေးတယ်ကွ၊ ငါက မဟုတ်ပါဘူး၊ စစ်တက္ကသိုလ် သွားတက်နေတာလို့ ပြောတော့ မယုံကြဘူးကွ ”
သူကတော့ ဘာထင်မြင်ချက်မှမပေး။ ကျွန်တော့်ကိုပင် ပြောလိုက်သေးသည်။
“ မင်း အရင်က ကောင်မလေးတွေနဲ့ တွဲသွားခဲ့တာ တွေ့ကြလို့ဖြစ်မှာပေါ့ ” တဲ့။
ထို့ပြင် ပြင်ဦးလွင်တွင်လည်း ကိုတင်ထွန်း၏ သူငယ်ချင်းများနှင့် တွေ့ပြီး
“ ဟေ့ကောင် တင်ထွန်း၊ မင်းက စစ်တက္ကသိုလ်ရောက်နေပြန်ပြီလား ”
ဟု တစ်ယောက်စ နှစ်ယောက်စ အမေးခံလာရသည်။ ထို့ကြောင့် မလေးကို စာလှမ်းရေးရသည်။
“ မလေးရေ၊ ဒီမှာတော့ ကိုယ့်ကို လူတော်တော်များများ အာအိုင်တီက လူတစ်ယောက်နဲ့ လူမှားနေကြပြန်ပြီ၊ သူ့နာမည်က ကိုတင်ထွန်းတဲ့၊ အဲဒါ မလေးပဲ အာအိုင်တီကို သွားပြီး ရှာကြည့်ပေးစမ်းပါကွာ၊ တော်တော်တူသလားဆိုတာ ကြည့်ပေးပါ ”
မလေးက သွားရှာသော်လည်း လူချင်းမတွေ့ရ။ ကိုတင်အောင်မြင့်ဦးနှင့် စကားစပ်မိသည့်အခါတိုင်းလည်း မေးဖြစ်သည်။
“ ဟေ့ကောင်၊ သူက ငါနဲ့ တော်တော်တူသလား ”
“ အေးကွ၊ မင်းနဲ့ အမြွှာဆိုရင် ယုံကြမှာ၊ တော်တော်လေး တူတယ်ကွ ”
သူကတော့ ပြောပါသည်။ တစ်နေ့ “ ငါချိန်းပေးမယ်ကွ ”ဟု။ အမြွှာများဖြစ်နေရင်ဟူသော အတွေးလည်း မကြာခဏဖြစ်သည်။ သို့သော် အမေက ဒီလိုအကြောင်းတွေနှင့်ပတ်သက်၍ တစ်ခါမျှ မပြောခဲ့ဖူးပါ။ မွေးစားအဖေ ဦးစန်းမြင့်ကိုပင် ကျွန်တော့်အဖေအရင်းဟု သိထားသည်။ သူ့ကိုလည်း အဖေအရင်းမဟုတ်ဟု ကျွန်တော်မသိ။ ရပ်ကွက်ထဲကလည်း မသိကြ။ အဖေနှင့်အမေ ပြောင်းလာကတည်းက ကျွန်တော်က ပါလာခဲ့သည်ဆိုတော့ အားလုံးက ငယ်လင်ငယ်မယားဟုပဲ သတ်မှတ်ထားကြသည်။
သို့နှင့် နောက်တစ်နှစ်၊ ဒုတိယနှစ်ကျောင်းပြီး၍ အိမ်ပြန်သည့်အခါ မလေးနှင့် နှစ်ယောက်သား အာအိုင်တီကျောင်းသို့သွား၍ ထပ်ပြီးရှာကြည့်ကြသည်။ မတွေ့ခဲ့။ တောင်ကြီးပဲ ပြန်သွားသလိုလို သတင်းအစအနသာ ကြားခဲ့ရသည်။ ကျောင်းမှ ကိုကံချွန်နှင့် သူငယ်ချင်းတစ်ယောက်က ကိုတင်အောင်မြင့်ဦးညီ ကိုစိန်သောင်းဦး နေမကောင်း၍ ဆေးရုံတက်နေရသည်ကို လာကြည့်ကြသည်။ ကိုစိန်သောင်းဦးက အာအိုင်တီတွင် B.E Mechanical တက်နေသည်။ Civil ဘာသာတွဲယူထားသော ကိုတင်ထွန်းနှင့် ဘာသာတွဲ မတူသော်လည်း နေမကောင်း၍ ဆေးရုံတက်နေသော ကိုစိန်သောင်းဦးကို သူတို့လာကြည့်ချိန်တွင် ကိုတင်ထွန်းကလည်း ဆေးရုံရောက်နေသည်။ ကိုတင်ထွန်းကို သူတို့ မြင်လိုက်တော့ နှုတ်ဆက်သည်။
“ ဟာ ကိုစိုးဝင်း၊ ဘယ်လိုလုပ်ပြီး ဆေးရုံရောက်နေတာလဲ ”
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
Comments
Post a Comment