ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း

ညီအစ်ကိုနှစ်ယောက် တွေ့ကြခြင်း

            ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် အသက် ၂၀ ရောက်မှာ ပြန်လည်တွေ့ကြသည့်နေ့က ပြင်ဦးလွင် စစ်တက္ကသိုလ်ဝင်းအတွင်းရှိ ဗိုလ်လောင်းကုန်းဆင်းမှာ ဖြစ်သည်။ ကိုတင်ထွန်းက ပြင်ဦးလွင်ကို ဆာဗေးလာဆင်းသည့်အချိန် ဒီဇင်ဘာလဖြစ်သည်။ ဗိုလ်လောင်းကုန်းက ဆင်းသောလမ်းတစ်လျှောက် ချယ်ရီပင်တွေက လှိုင်လှိုင်ပွင့်နေသည်။ ကျွန်တော်က ဗိုလ်လောင်းကုန်းပေါ်မှ အဆင်း၊ ကိုတင်ထွန်းက အတက်၊ လမ်းလယ်တွင် နှစ်ယောက်သား မျက်နှာချင်းဆိုင် တွေ့ခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့ချိန်တွင် နှစ်ယောက်စလုံး ရင်ခုန်နေကြသည်ဟုပဲ မှတ်မိသည်။ ထိုစဉ်က ခံစားမှုကို အခုလို နှစ်ပေါင်းများစွာ ကြာသည့်အချိန်တွင် ဖြစ်စဉ်အသေးစိတ်ကိုမူ သတိမရတော့။ မှတ်မိတာ နှစ်ခုတော့ရှိသည်။ သူက ကျွန်တော့်ကို သေသေချာချာကြည့်သလို ကျွန်တော်ကလည်း သူ့ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။ ပြီးတော့မှ နှစ်ယောက်သား အသံတစ်ပြိုင်တည်း ထွက်သွားခဲ့သည်။

            “ တော်တော်တူတာပဲ” 

            နောက်တစ်ခုက နှစ်ယောက်စလုံး ဆေးလိပ်သောက်တတ်ကြခြင်းဖြစ်ပြီး တစ်ယောက်ကို တစ်ယောက် “ ဆေးလိပ်သောက်မလား ” ဟုမေးရင်း နှစ်ယောက်စလုံး ဆေးလိပ်ဗူးထုတ်တော့ အတူတူ၊ တံဆိပ်ကလည်း အတူတူ၊ ထွက်လာတော့လည်း ဆေးလိပ် သုံးလိပ်စီ။ သည်ကနေ့ခေတ် ကိုရီးယား ဇာတ်လမ်းတွဲများထက် ပို၍ဇာတ်ကွက်လှသည်ဟု ဆိုရမည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်အဖြစ်မှာ ဇာတ်မနာ နာအောင် လုပ်ထားသော ကိုရီးယားဇာတ်လမ်းတွဲများလည်း မဟုတ်၊ ဒါရိုက်တာအလိုကျ ဖန်တီးထားသော ရုပ်ရှင်ဇာတ်ကားလည်း မဟုတ်။

            ပြီးတော့ တစ်ယောက်နှင့်တစ်ယောက် စကားတွေပြောကြသည်။ သူက ပို၍ ပြောနိုင်သည်။ ကျွန်တော်က အကြောင်းအရာ တော်တော်များများတွင် နားထောင်သူသက်သက်ဖြစ်သည်။ သူပြောပြမှသာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်၏ ကံကြမ္မာနှင့် မိဘများ၏ကံကြမ္မာကို သိရသည်။ ယခုလိုပြန်ဆုံရသည် မှာ အတော်ပင် ရေစက်ကြီးသောကြောင့် ဖြစ်သည်။

            ထိုနေ့က ကိုတင်ထွန်းတစ်ယောက် စစ်တက္ကသိုလ်အဆောင်၊ ကျွန်တော့်ကုတင်မှာပင် အိပ်သွားသည်။ ပုံမှန်အားဖြင့် ကျောင်းထဲသို့ ဧည့်သည်မခေါ်ရပါ။ ညအိပ်ညနေ နေခွင့်လည်း မရှိပါ။ သို့သော် ထိုအချိန်က စတုတ္ထနှစ်ကျောင်းသားများက အောက်ဒိုးခရီးထွက်နေချိန် ဖြစ်သဖြင့် ကျွန်တော်တို့ တတိယနှစ်က အကြီးဆုံးဖြစ်နေသည်။ လူကလည်း မများသေးသဖြင့် သူ့ကို တစ်ညလောက် သိပ်လိုက်ခြင်းဖြင့် ပြဿနာအထူးမရှိပါ။ ကျွန်တော်က ကိုဝင်းခေါင်နှင့် ပေါင်းအိပ်ပြီး တစ်ညလုံး စကားတွေ ပြောဖြစ်ခဲ့ကြသည်။ မနက်ကျတော့ မက်စ်မှစားစရာယူပြီး အခန်းထဲတွင်ပင် စားသောက်ကြသည်။

            ကိုတင်ထွန်း ပြန်သွားပြီးနောက်ပိုင်း ရှေ့ဖြစ်လာရန်ရှိသည့် ကိစ္စများကို တွေးရတော့သည်။ ကိုဝင်းခေါင်နှင့် အနီးကပ် တိုင်ပင်ရသည်။

            “ မင်းတို့အဖြစ်က အမြွှာတော့ ဟုတ်ပါပြီ၊ မင်း ဒီကိစ္စကို မင်းအမေကို ဖွင့်ပြောလို့ ဖြစ်ပါ့မလား ”

            “ အေး ငါလဲ ဒါကို စဉ်းစားနေတာ၊ ငါသိထားတာက အမေရယ်၊ အဖေရယ်၊ ငါရယ်၊ ငါ့မိသားစုလို့ပဲ တစ်သက်လုံး သိထားတာ၊ ခုတော့ ငါ့မှာ တခြား အဖေအမေနဲ့ ညီတွေပါ ရှိနေတာ သိရတော့ ငါ့မှာတင်ကို ဝေခွဲရ ခက်နေတာ၊ ငါတို့တွေက သူ့မိသားစုနဲ့သူ ရှိနေကြတာလေ ”

            “ မင်း သေသေချာချာစဉ်းစားပေါ့ကွာ၊ အချိန်ယူပြီး စဉ်းစားပေါ့ ”

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်