ညီအစ်ကို တွေ့ဆုံရေး(၂)
ညီအစ်ကို တွေ့ဆုံရေး(၂)
“ ဟာ ကိုစိုးဝင်း၊ ဘယ်လိုလုပ်ပြီး ဆေးရုံရောက်နေတာလဲ ”
ကိုတင်ထွန်းကို ကျွန်တော်နှင့် လူမှားပြီး နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။ စစ်တက္ကသိုလ်တွင် နေ့ရောညပါ အတူနေကြရသည့် သူတို့က ကျွန်တော်ဟုထင်ကာ အမှတ်တမဲ့ မှားနှုတ်ဆက်လိုက်သည်ဟု ထင်သည်။ ထိုအချက်သည် ကျွန်တော်နှင့် ကုတင်ထွန်းတို့ ပြန်ဆုံစေရန် အဓိကကျသော အကြောင်းဖြစ်လာသည်။ ထိုအချိန်တွင် ကိုတင်ထွန်းက သူ့တွင် အစ်ကိုတစ်ယောက် ရှိနေမှန်း သိထားပြီးဖြစ်သည်။
“ ‘ ဟာ ကိုစိုးဝင်း ’ ဆိုကတည်းက ငါ သိတယ်ကွ၊ ငါ့မှာ ပျောက်နေတဲ့ အစ်ကိုတစ်ယောက် ပြန်ရလိုက်ပြီဆိုတာ ” ဟု နောင်တွင် ကိုတင်ထွန်းက ပြန်ပြောပြသည်။
“ ငါ တင်ထွန်းလေကွာ၊ စိုးဝင်း မဟုတ်ပါဘူး ”
ဆိုတော့မှ သူတို့လည်း ကြောင်အန်းအန်းဖြစ်သွားသည်။ ပြီးတော့မှ
“ စိုးဝင်း ဆိုတာ ငါနဲ့တော်တော်တူသလား ” မေးပြီး သူသိထားသမျှဇာတ်လမ်းအစုံကို ပြောပြသည်။ သူငယ်ချင်းတွေကလည်း ဇာတ်ရည်လည်သွားပြီး ကျွန်တော့်ကို ရှာကြသည်။ သို့သော် ဘာအကြောင်းကြောင့်မှန်းမသိ၊ ဆက်သွယ်လို့ မရတော့။ ထိုအချိန်ကသာ ဆက်သွယ်နိုင်ခဲ့လျှင် ညီအစ်ကိုနှစ်ယောက် အစောကြီး ပြန်ဆုံကြရမည် ဖြစ်သည်။
ကျွန်တော်တို့နှစ်ယောက် ခွင့်စေ့၍ ပြင်ဦးလွင်ပြန်ရောက်သောအခါ သူငယ်ချင်းများက ဝမ်းသာအားရ ပြန်ပြောပြသည်။ ကိုတင်ထွန်းဓာတ်ပုံနှင့် သူ့လိပ်စာကို ကျွန်တော့်ပေးသည်။ ကျွန်တော့်တွင် ညီတစ်ယောက်ရှိနေမှန်း သိရသောအခါ စိတ်ထဲတစ်မျိုးတော့ ဖြစ်သွားသည်။ ကျွန်တော်က ညီတစ်ယောက်ကို ချက်ချင်းလက်ငင်း ကောက်ရရုံသာ မကသေး၊ အမေးအရင်း၊ အဖေအရင်းလည်း ရှိနေသေးသည်။ လက်ရှိ အဖေနှင့် အမေက ကျွန်တော်၏ မိဘအရင်းတွေ မဟုတ်ဟုလည်း သိသွားရသည်။ တစ်သက်လုံး အသက် ၂၀ လောက်အထိ ဒါအမေ၊ ဒါအဖေပါ ဆိုသည်ကနေ မဟုတ်တော့ဘူးဆိုသည့် အသိသစ်သည် ကျွန်တော်၏ နေ့စဉ်ဘဝကို ကမောက်ကမ ဖြစ်စေပါသည်။ ကျွန်တော့်အနေဖြင့် တပ်မတော်သားတစ်ပိုင်း ဖြစ်နေ၍လည်းကောင်း၊ လောကဓံတရားကို ငယ်ငယ်ကတည်းက သိမြင်ကြုံတွေ့ထားရသဖြင့်လည်းကောင်း ခံနိုင်ရည်ရှိခြင်း ဖြစ်ပါသည်။
ကျွန်တော်ပို၍ ခံစားရသည်မှာ အမေအရင်းအနေဖြင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဘာကြောင့်များ အခုလို စွန့်လွှတ်နိုင်ရပါသလဲဆိုသည့်အတွေး ဖြစ်သည်။ ညီတစ်ယောက် ရှိပါသေးသလားဆိုသည့် အသိက ဝမ်းသာစိတ်ကို ဖြစ်ပေါ်စေသော်လည်း အမေ၏ စွန့်ပစ်မှုကို လက်မခံနိုင် ဖြစ်ခဲ့သည်။ သူငယ်ချင်းများပြောပြ၍ သိလိုက်ချိန်က အမေက ကျွန်တော်တို့ကို ဘာ့ကြောင့် သူတစ်ပါးလက်ထဲ ထည့်ခဲ့ရသည့် အကြောင်းရင်းကို အကုန်အစင် မသိရသေးခြင်းကြောင့်လည်း ဖြစ်မည် ထင်ပါသည်။
ထို့နောက်ပိုင်းတော့ မလေးထံကိုလည်း စာရေးပြီး အသိပေးလိုက်သည်။ အမေ့ကိုတော့ လုံးဝ အသိမပေးရန်လည်း သတိပေးရသေးသည်။ အမေက စိတ်ကြီးသည်ဖြစ်၍ သူ နှစ်ရှည်လများ ဖုံးဖိထားသောအရာ ပေါ်ပေါက်သွားမည့်အရေးကို သူလည်း ခံစားနိုင်လိမ့်မည် မဟုတ်ပါ။ ကိုတင်ထွန်းနှင့်လည်း စာချင်းအဆက်အသွယ်ရသည်။ လောလောဆယ်တွင် ကျောင်းကိစ္စတွေ တစ်ဖက်နှင့် မလာနိုင်သော်လည်း ဒီဇင်ဘာ အားလပ်ရက်တွင် ပြင်ဦးလွင်သို့ တက်လာရန် အချိန်းအချက် ပြုခဲ့ကြသည်။
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
Comments
Post a Comment