သူငယ်ချင်းချစ်သူ

သူငယ်ချင်းချစ်သူ


ကိုရဲဦးသည် ဟိုတယ်တစ်ခုတွင် ညပိုင်းစာရင်းစစ်မှူး (Night Auditor)တစ်ယောက် ဖြစ်လေသည်။ သူ အိမ်ထောင်ကျထားသည်မှာ မကြာသေးချေ။

မိန်းမကို ချစ်သလောက် သူငယ်ချင်းများကို ခင်မင်လွန်းသူ ဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများနှင့်တွေ့လျှင် မိန်းမကိုပင် မေ့သွားတတ်လေသည်။
ယနေ့ လခထုတ်ရက် ဖြစ်သော်လည်း နေ့လည်က သူလာမထုတ်ထား၍ ဧည့်ကြိုမှ မန်နေဂျာမမက လစာကို ထုတ်ထားပေးသည်။ နောက်ရက်က (Day Off) ရက်ဖြစ်၍ သူပျော်သွားသည်။ မိန်းမနှင့် မုန့်စားဘာညာထွက်၍ လိုချင်တာလေးများကိုလည်း ဝယ်ပေးလိုက်မည်ဟု စိတ်ကူးထားလိုက်သည်။ နောက်ပြီး ပြီးခဲ့သည့်လက (Service Money) ကို မိန်းမ မအပ်ဘဲ သူငယ်ချင်းတွေနှင့် သူအကုန်သုံးလိုက်မိသည် မဟုတ်လား။

သူ ဂျူတီထွက်တော့ ဂိတ်ဝတွင် သူငယ်ချင်း နှစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ကို စောင့်နေကြတာ ဖြစ်သည်။ သို့နှင့် သူတို့၏ ခြေလှမ်းများသည် လက်ဖက်ရည်ဆိုင် ရှိရာသို့။ ထို့နောက်… ထို့နောက်မှာတော့ …။

ည (၈)နာရီခန့်တွင် သူ အိမ်ပြန်ရောက်လာသည်။ အိမ်ဝင်းတံခါးကို အသာတွန်းဖွင့်လိုက်ရင်း

“ ရှင်မရေ… မောင်ကြီးပြန်လာပြီ ”

သူ့အသံက နှုတ်လေးမနေသော်လည်း ခပ်သွက်သွက်တော့မဟုတ်။ သူ့၏ ရှင်မ ကတော့ ပြတ်သည်။ သူ့အိတ်ထဲမှ လစာထုတ်ခဲ့ကြောင်း သက်သေဖြစ်သည့် ဗလာကျင်းနေသည့် စာအိတ်ကလေးကိုကိုင်ကာ အသားတဆတ်ဆတ်တုန်သည်။

“ ပြီးခဲ့တဲ့လက Service Money လဲ မအပ်ဘူး၊ အခု ဒီလလည်း လစာကုန်လာပြီဆိုတော့ ရှင်မလွန်လွန်းဘူးလား ဟင်”

“ ……………….. ”

သူ ဘာပြန်ပြောမိမှန်း မသိ။ သို့နှင့် သူ၏ ရှင်မက ဆက်မေးသည်။

“ ဒီမှာ ဒီမှာ၊ ရှင် ကျွန်မကို သုံးရက်လောက် မမြင်ရရှင် ရှင်ဘယ်လိုနေမလဲ ဟင်၊ အမှန်အတိုင်း ဖြေစမ်းပါ ”

“ ကိုယ်သိပ်ကို ပျော်မိမှာပါ ရှင်မရယ် ”

မူးမူးနှင့် သူ ဘာတွေ ဖြေမိမှန်းမသိတော့။ သူသိသည်က သူ့စကားဆုံးသည်နှင့် သူ့မိန်းမ သို့မဟုတ် သူ၏ ရှင်မ ပျောက်သွားသည်။

တစ်ရက် … ။

နှစ်ရက် … ။

သုံးရက် … ။

သူ့မိန်းမသည် သူ၏ မြင်ကွင်းတွင် သုံးရက်လုံးလုံးပျောက်နေသည်။

လေးရက်မြောက်နေ့တွင်တွင်တော့ မျက်လုံးထောင့်စွန်းမှနေ၍ သူ့မိန်းမ၏ အရိပ်အယောင်ကို မြင်လာရသည်။ အဘယ့်ကြောင့်ဆိုသော် သူ့မျက်လုံးအယောင်လျော့လာပြီ မဟုတ်လား။

ထို့နောက်များတွင်တော့ သူ့မိန်းမသည် ဗလအားကိုးကာ သူ့ကို မနှိပ်စက်တော့ချေ။ ကိုရဲဦးတစ်ယောက် သူ၏ (Service Money) နှင့်တကွ လုပ်ခ လစာများကို အချိန်မှန်အပ်နှံနေသောကြောင့် ဖြစ်လေသည်။

(ဖတ်ဖူးသည့် ဟာသတစ်ပုဒ်ကို ဆင့်ပွားထားခြင်းဖြစ်ပါသည်။ မတော်တဆ တိုက်ဆိုင်ခဲ့သည်ရှိသော် တိုက်ဆိုင်ခဲ့သူ၏ အပြစ်သာဖြစ်ပါကြောင်း။)

ထူးအောင်ဝင့်
(၂၃.၁၂.၂၀၂၁ ညနေ ၃ နာရီ ၅၁ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်