သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၅)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၅)

"ဒီလိုကွ မင်းတို့ ငါ့ကို မသိပေမယ့် မင်းတို့နောက်က အလုပ်သမားက ငါ့ကိုသိလောက်ပါတယ် သူ့ကို ဖုန်းပေးလိုက်ပါ အခု မင်းတို့နဲ့အတူ ရိုက်ရှင်ရိုက်ဖို့ စီစဉ်နေမှာပါ "
"ဟဲလို အခု ပြောတာ ဘယ်သူပါလဲ" (လူပြောင်းသွားပါပြီ )
"သြော် ကိုယ်က .....ရွာမှာနေတဲ့ ကိုရွှေသီးမိတ်ဆွေပါ"
"သြော်ဟုတ်ကဲ့ဗျ ပြောပါအကို"
"အခု အကိုဆွဲလာတဲ့ ဖားက အတော်ထွားတယ်ညီလေး ဝေစုကိစ္စရှင်းအောင်မေးထားချင်လို့ပါ"
"ဟာ အကိုကလည်း ထုံးစံအတိုင်း ၃ ပုံ ၁ ပုံ ယူပေါ့"
"အေး ရပါတယ် ဒါပေမယ့် ပိရိအောင်တော့ လုပ်နော်"
"စိတ်ချပါ သူမသိပါဘူး အကိုရာ"
"သူမသိပေမယ့် ငါသိနေလို့ မှန်းဆပြီး ခုလိုမေးရပေါ့"
"အကိုက တောကျွမ်းပြီးသား မုဆိုးလေ ဘယ်တူမလဲ"
"အေးပါကွာ ခုပွဲ ဘယ်စျေးနဲ့ ကမှာလဲ?"
"၂၀၀ လောက် ဆိုရင် သင့်မလားလို့ "
"ဖားက ထွားတယ် ၅၀၀ ရိုက်ကွာ"
"သေချာလားအကို"
"သေချာတယ် နေပြည်တော်က ဘော့စ် အစစ်ကွ ခါတိုင်းလို့ စုပေါင်း စပ်ပေါင်း ရှာရမယ့် ကြားပွဲစားမဟုတ်ဘူး"
"OK အကို အကိုပဲ မြန်မြန်ရွှေ့အောင် တွန်းပေတော့"
"အေးကွာ ဒါဆို ဘိုင့် ဘိုင်"
ကျနော်ဖုန်းချပြီး သူဌေးကို ကြည့်လိုက်ပါတယ် ။
"သူဌေး ကျနော်တို့ ပြောနေတာ အကုန်နားမလည်ပေမယ့် သဘောတော့ ပေါက်မှာပါ"
"အေးဗျ ဒါဆို အတုပေါ့ လိမ်နေတာပေါ့"
"ဟုတ်တယ် ကျနော် ဦးမိုးဆီ မေးအုံးမယ် သူဌေး ခဏစောင့်နားထောင်ပါအုံး သူပါနေရင် ရှေ့ဆက်လက်တွဲလို့ မဖြစ်တော့ဘူး"
ကျနော်ဦးမိုးဆီ ဖုန်းဆက်လိုက်ပါတယ် ။
"ပြော ကိုမျိုး အဆင်ပြေလား"
"မပြေဘူးလည်း မဟုတ် ပြေတယ်လည်း မဟုတ်ဘူး"
"ဘယ်လို ဘယ်လို"
"ပစ္စည်းတွေ့ရတယ် free စစ်ရတယ် ဒါပေမယ့် လူလိမ်တွေလေ"
"ဟာ ဒါဆို အတုပေါ့ ခင်ဗျားပါသွားလို့ တော်သေးတယ်"
"သူဌေးကတော့ မသိဖူးဗျ အဲဒါ ဦးမိုးများ သိသိနဲ့ လွှတ်လိုက်တာလားလို့ အခု မေးကြည့်တာ"
"ဟာ ကျုပ်က သိရင် သွားခိုင်းမလားဗျာ သူဌေးကို ပြောလိုက်လေ တော်ကြာ အလိမ်ခံနေရမယ် နောက်ပြီး ကျုပ်တို့ကိုပါ တမျိုးထင်နေပါ့မယ် သိက္ခကာမကျအောင် စရိတ် ၁ သိန်းပါ ပြန်ပေးလိုက်ပါဗျာ "
"OK. OK. "
ကျနော် ဖုန်းချပြီး သူဌေးကိုပြောပါတယ် ။
"ကဲ သူဌေး အကြားပဲ သူလည်း မသိပဲ လွှတ်လိုက်တဲ့သဘောပဲ "
"နေပါအုံး ခင်ဗျားက ပစ္စည်းစစ်ဆေးတဲ့ နေရာ လိုက်မကြည့်ပဲ ဘာဖြစ်လို့ အတုလို့ထင်ရတာလည်း"
"မသင်္ကာစရာတွေရှိလို့ပေါ့ သူဌေးရယ်"
"ပြောပါအုံးဗျ"
" အဝေးကလာတဲ့ ကျနော်တို့က ကြိုရောက်နေပြီး အနီးကသူတို့ကို ပြန်စောင့်နေရတာရယ် မှောင်မှ ရောက်လာတာရယ် ကျနော်တို့ ထိုင်နေတဲ့ အမေ့အိမ်မှာ ပစ္စည်းမစမ်းပဲ သူတို့ခေါ်ရာ လိုက်ခဲ့ရတာရယ် သူဌေးတစ်ဦးတည်း ပစ္စည်း စမ်းပြတာရယ်က မသင်္ကာစရာတွေပေါ့ဗျာ"
"ကျနော့်ကို ဘာလို့ အခုလို ပြောပြရတာလည်း ခင်ဗျားလည်း ၃ ပုံ ၁ ပုံ ရမှာမဟုတ်လား"
"မှန်ပါတယ် ပေါင်းလိမ်ရင် ရမှာပါ "
"ဘာလို့ မလိမ်တာလည်း"
"လူလိမ် မဟုတ်လို့ပေါ့ဗျာ"
"ဒါပေမယ့် လူလိမ်လောကကို နှံ့စပ်နေပုံပဲလေ "
ကျနော်လည်း ဦးမိုးနဲ့ တိုင်ပင်ပြီး ဒီလောက ကို မွှေနှောက်လာတဲ့ အကြောင်း ပြောလိုက်တော့ သူဌေးလည်း အံ့သြနေပါတယ် ။ နေပြည်တော် ပြန်ရောက်တော့ သူ့မန်နေဂျာကို ကျနော်တို့နဲ့ မိတ်ဆက်ပေးပြီး အချိန်မရွေး ဆက်သွယ်ပေးဖို့ မှာပါတယ် ။
ဘီလူးရုပ်ကိစ္စပြောပြတော့ ဖင်တကြွကြွဖြစ်နေပါရောလား ။ နောက်မှပြန်ပြီး ဆက်သွယ်ပေးပါ့မယ်ဆရာ ရယ် ဆိုပြီး ပြောခဲ့ရပါတယ် ။ ပြန်မယ်လုပ်တုန်း ရမည်းသင်းကနေ အိန္ဒိယငွေ ရူပီးတွေရှိတယ်ဆိုပြီး ဖုန်းဆက်လာပြီး ဓါတ်ပုံတွေပြပါတယ် ။
ဆရာကြီးက သူ့အဆက်အသွယ်ဆီမေးကြည့်တော့ စိတ်ဝင်စားပါသတဲ့ ။ ပစ္စည်းမြင်အောင်ကြည့်ပြီးမှ ခေါ်ပါတဲ့ ။ ဒါနဲ့ ရမည်းသင်းကနေ လှည့်ပြန်ဖို့ စီစဉ်ပါတယ် ။ ဆရာကြီးက ဆိုင်ကယ်ကို ယိုးဒယားဘီးနဲ့ လဲစီးပါလားတဲ့ အကြံပေးပါတယ် ။ ကျနော်က ပြန်ပြောပါတယ် ကျနော်တို့လို လျှောက်သွားနေရသူတွေနဲ့ ယိုးဒယားဘီးနဲ့ မသင့်တော်ဘူး ပြောတော့ သူမျက်စိလည်သွားပါတယ် ။
"ဆိုင်ကယ်ကောင်းလေ အဆင်ပြေလေ မဟုတ်ဖူးလားဟ"
"ကတ္တရာလမ်းချည်း သွားနေရမယ် ဟုတ်တယ်ဆရာကြီး"
"တောလမ်းလည်း ပိုကောင်းတာပေါ့ "
"ကောင်းနေတာချည်း တွက်လို့ မရဘူး ဆရာကြီး"
"ပျက်ခဲပါတယ် ဟာ"
"ဆရာကြီးရေ အလွန်ခေါင်တဲ့ တောရွာတွေမှာ ပျက်ပြီ ဆိုပါစို့ တောက ဆိုင်ကယ်ပြင်သူတွေ အလွယ်တကူ မပြင်သလို အပိုပစ္စည်း အလွယ်မရနိုင်ဘူး ဆရာကြီး"
"ကြုံဖူးသလား"
"သူငယ်ချင်းတယောက် ကြုံဖူးတာပါ သင်ခန်းစာ ယူရတာပေါ့"
"အင်း ဟုတ်တာပဲ ဟ ဒို့က လျှောက်သွားနေရတာကိုး"
စကားတပြောပြောနဲ့ ရမည်းရောက်လာပါပြီ ။ လမ်းမကြီးဘေးက လက်မှတ်ရောင်းတဲ့ အမျိုးသမီးဆီသွားရပါတယ် ။ သူကတဆင့် ပစ္စည်း အဟောင်း ရောင်းတဲ့ အိမ်ကို ခေါ်သွားပါတယ် ။
ငွေစက္ကူမကြည့်ရသေးပါဘူး သူတို့ပြတဲ့ အတိုအစတွေကို ကြည့်ရပါသေးတယ် ။ ခြစ်ပိတ်စမ်းဖို့ သံဖြတ်လွှ ယူမတဲ့ မလိုပါဘူးဆိုပြီး အရင်က စမ်းထားတဲ့ နေရာအဟောင်းရဲ့ မပျောက်သေးတဲ့ ဒဏ်ရာတွေ ပြလိုက်ပါတယ် ။
နောက်မှ ငွေစက္ကူရှိတဲ့ အိမ်ခေါ်သွားပါတယ် ။ တွေ့ပါတယ်ဗျာ အရွက် ၂၀ ရှိပါတယ် ဓါတ်ပုံကို ဖင်ပြန် ခေါင်းပြန်ရိုက်ပါတယ် ။ အသေအချာ တိုင်းထွားပြီး လတ်တလောထုတ်ထားတဲ့ ဂျာနယ်နဲ့ ယှဉ်ပြီး ဓါတ်ပုံရိုက်ပါတယ် ဆရာကြီးနဲ့ တွဲရိုက်ပြပြီး ခေါ်လိုက်ပါပြီ ။
ဆရာကြီးမိတ်ဆွေလည်း နောက်တနေ့ရောက်လာပါတယ် ။ ရီစရာပါပဲ သူစစ်ဆေးလိုက်တော့ ဘာတွေ့တယ် ထင်လဲဗျ ။ အရွက် ၂၀ လုံး နံပါတ်က အတူတူပဲ ။ ကိုင်း သေပါရော ဒီလောက်လွယ်တာကိုတောင် ကျနော်မစစ်ဆေးမိဘူး ။ သုံးသပ်ရမယ်ဆိုရင် မိမိလိုင်းမဟုတ်တာရယ် အဝယ်ကို တိုက်ရိုက်ခေါ်သူ မဟုတ်တော့ စိတ်ဝင်စားမှုနည်းတာရယ် လမ်းကြုံအလုပ်လို့ သတ်မှတ်ပြီး လုပ်ခဲ့မိတာကြောင့်ပါပဲ ။
ပညာရတာပေါ့ဗျာ နောက်မမှားတော့တာပေါ့ ။ ရူပီးတင်မကဘူး ဒေါ်လာတွေပါ နောက်ပိုင်း မမှားတော့တာ ရေးပြပါမယ် ။ ကျနော်တို့ ပြန်လာတာ ကျောင်းတော်ရာပြန်ပြီး ၃ ရက်လောက်ကြာတော့ ရန်ကုန်က ဗိုလ်မှူးဆီက ဖုန်းလာပါတယ် ။
ရန်ကုန်မှာပဲ အရောင်းအဝယ်လုပ်မယ် သိန်းတရာ တင်မယ်တဲ့ ။ ပစ္စည်းကတော့ မီးဖြတ် ပါ ။ မိုးကြိုးသွားအစွမ်းပါပဲ ။ သိန်းငါးထောင် ပြနိုင်ရမယ်တဲ့ ။ ကျနော်လည်း စုံစမ်းကြည့်တော့ ပြမယ် လာခဲ့ပါတဲ့ ။
ဒါနဲ့ ရန်ကုန်ပွဲစားနေတဲ့ သင်္ကန်းကျွန်းဆီရောက်ခဲ့ရပါပြီ ။ စံပြစျေးနားမှာ ဖြစ်ပါတယ် ။ ကြားပွဲစားနဲ့ ညှိပြီးတာနဲ့ ဗိုလ်မှူးချိန်းထားတဲ့ သာကေတဆီ သွားခဲ့ရပါတယ် ။ သာကေတ ရုပ်ရှင်အနီး ကမ္ဘောဇ အနောက်ဖက်က ချစ်ကြည်ငြိမ်းချမ်းရေး ကုမ္ပဏီဆီသွားရပါတယ် ။
အဲဒီရုံးထဲမှာ ဗိုလ်မှူးနဲ့အတူတွေရတာက ရုပ်ရည်ကြမ်းကြမ်းနဲ့ စိတ်သဘောထားကောင်းတဲ့ ကရင်တပ်က ဗိုလ်မှူးတယောက်ကိုတွေ့ရပါတယ် ။ နောင်တချိန်မှာ မင်းသား လွင်မိုးနဲ့ ပြဿနာတက်မယ့် KNU ဗိုလ်မှူးပါပဲ ။ သူကတော့ ..........!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)