တာဝန်ယူစိတ်

တာဝန်ယူစိတ်

        လူသားတိုင်း တာဝန်ကိုယ်စီရှိသည်ကို သိသည်။ သို့သော် တာဝန်ယူရမှန်း မသိ။ အသိသည် အသိသာဖြစ်သည်။ တစ်ချို့တွေက တာဝန်ရှိမှန်းပင် မသိကြ။ တစ်ချို့ တစ်ချို့တွေက တာဝန်ရှိမှန်းလည်း သိသည်။ တာဝန်ယူရမှန်းလည်း သိသည်။ သို့သော် တာဝန်မခံလိုကြ။ ၎င်းတို့အထဲမှ လူနည်းစုကသာလျှင် တာဝန်ရှိမှန်းသိသလို တာဝန်လည်းယူတတ်ကြလေသည်။
          ရှေးခေတ် ဂျပန်ဆာမူရိုင်းများသည် တိုက်ပွဲတွင် ရွပ်ရွပ်ချွန်ချွန် ရဲရဲဝင့်ဝင့် တိုက်ပွဲဝင်ကြသူများ ချည်း ဖြစ်သည်။ အောင်ပွဲသည် သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်။ သူတို့၏အသက်ဖြစ်သည်။ တိုက်ပွဲတွင် ရှုံးနိမ့်သွားသည်နှင့် အသက်ရှင်ကျန်ရစ်ခဲ့သော်လည်း စစ်သည်တစ်ယောက်၏ ဘဝသည် သေဆုံးသွားပြီ ဖြစ်သည်။
၎င်းတို့၏ မြင့်မြတ်သည့် ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် မိမိကိုယ်တိုင် ဆောင်ထားသည့် ဓားမြှောင်ဖြင့် ချက်အောက်ဝမ်းဗိုက်ကို ထိုးခွဲကာ အဆုံးစီရင်(ဟာရာကိရိ) တတ်ကြသူများဖြစ်သည်။ စစ်ပွဲရှုံးခြင်းသည် မည်သူ့ကြောင့်ဆိုကာ တရားခံရှာမနေကြပဲ အရေးကုန်ဆောင်ရွက်ခဲ့ကြောင်းကို ထိုကဲ့သို့ သက်သေပြတတ်ကြသည်။
          မြန်မာ့သမိုင်းတွင်လည်း တာဝန်ယူစိတ်အပြည့်ဖြင့် စစ်ချီ၊ စစ်တက်ခဲ့ကြသည့် စစ်ဘုရင်များ၊ စစ်သူကြီးများ ရှိခဲ့ကြသည်။ နောင်ရိုးတိုက်ပွဲသည် မြန်မာစစ်သည်အပေါင်း၏ ရဲစွမ်းသတ္တိနှင့် ဘုရင့်နောင်၏ တာဝန်ယူစိတ်ကြီးမားပုံကို ထင်ရှားစေသည့် တိုက်ပွဲလည်း ဖြစ်ခဲ့သည်။ တာဝန်ယူစိတ်ကြီးမားသည်နှင့်အမျှ ပြည့်ဝသည့်စိတ်အားသတ္တိရှိသူတို့ သမိုင်းကန့်လန့်ကာနောက်တွင် ကျန်မနေရစ်ခဲ့သည်က သေချာသည်။
          “ ခင်ဗျားတို့ လွတ်လပ်ရေး တစ်နှစ်အတွင်း ရစေရမယ် …”
          တာဝန်ယူစိတ်အပြည့်ဖြင့် ရဲရဲဝင့်ဝင့် ဆိုခဲ့သူမှာ ကျွန်တော်တို့၏ ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်။ ဘုရားလောင်းဇာတ်တော်ထဲတွင် မြှားဒဏ်ကြောင့် သေအံမူးမူးဝေဒနာ ခံစားနေရသည့်တိုင် သခင်ကို အောင်ပွဲရသည်အထိတိုက်ခိုက်စေပြီးမှ သေဆုံးသွားသည့် မြင်းတစ်ကောင်အကြောင်းကို မှတ်မိကြဦးမည် ထင်ပါသည်။ ထိုမြင်းကို ကျွန်တော်တို့အားလုံး အာဇာနည်မြင်းဟု တညီတညွတ်ထဲ သတ်မှတ်ခဲ့ကြသည်။ မြန်မာနိုင်ငံသားအားလုံး၏ အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ဆဲ ကာလမှာပင် အသက်စွန့်ခဲ့ရသူဖြစ်သည်။ ကျဆုံးသွားပြီးနောက် သူပေးထားသည့် ကတိအတိုင်း တစ်နှစ်အတွင်းမှာပင် လွတ်လပ်ရေးရအောင် စီမံဆောင်ရွက်သွားနိုင်သည့် အာဂအာဇာနည် ဖြစ်သည်။
          ကျွန်တော်တို့အားလုံး၊ မြန်မာပြည်သူတစ်ရပ်လုံး ဗိုလ်ချုပ်ကို ချစ်ခင်မြတ်နိုးကြသူများ ဖြစ်ကြသည်။ ဟိုစဉ်ကဆိုလျှင် စာသင်ကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများအာလုံးကို သားတို့၊ သမီးတို့ ကြီးလာလျှင် ဘာလုပ်မလဲဟု မေးလိုက်သည်နှင့်
          “ ဗိုလ်ချုပ် ဖြစ်အောင်လုပ်မယ်…”
          “ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်အောင်လုပ်မယ် …”
ဟု ဖြေဆိုကြသူများချည်းဖြစ်သည်။ ယနေ့ခေတ်၊ ယနေ့အချိန်တွင် တစ်ချိန်က ထိုကဲ့သို့ ကြွေးကြော်ခဲ့ကြ သူများ မရှိကြတော့။ ကျန်နေသေးသည့် အနည်းစုသော လူကြီးများသည်လည်း အသက်များကြီး၍ သတိတို့ ယွင်းချွတ်ကုန်ကြပြီထင်သည်။ သို့သော် ယနေ့ထိတိုင် လူငယ်တို့၏ နှုတ်ဖျားတွင် ဗိုလ်ချုပ် ဆိုသော စကားလုံးတို့ စီးဆင်းနေဆဲဖြစ်သည်။ ဗိုလ်ချုပ်ချစ်သော သွေးတို့ လှည့်ပတ်နေဆဲဖြစ်သည်။ ဗိုလ်ချုပ်သည် ကျွန်တော်တို့အားလုံး၏ အာဇာနည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးအတွက် သူရဲကောင်း ဖြစ်သည်။ ဗိုလ်ချုပ်သည် ကျွန်တော်တို့အားလုံး၏ ခိုလှုံရာ၊ ယုံကြည်ကိုးစားရာ ဖြစ်ခဲ့သည်။ သူရဲကောင်းတို့ လျှောက်သော လမ်းကို လမ်းညွှန်ပြသထားခဲ့သူ ဖြစ်သည်။
          နှုတ်ဖျားမှ တဖွဖွ ဗိုလ်ချုပ်နာမည်ရွတ်ဆိုနေခြင်းထက် ဗိုလ်ချုပ်ပြထားခဲ့သည့်လမ်းအတိုင်း လျှောက် လှမ်းနိုင်ကြမည် ဆိုပါလျှင် ရိုသေလေးစားရာ၊ ချစ်ကြည်ကိုးစားရာ ရောက်လိမ့်မည်ဟု ထင်ပါသည်။ ယခုအခါတွင် ဗိုလ်ချုပ်ပုံကို နေရာအနှံ့တွင် တွေ့မြင်နေရပါသည်။ မြင်နေရမှ သတိရပါသည် ဆိုလျှင် ထိုသူ့ နှလုံးသားတွင် ယုံကြည်လေးစားခြင်းနှင့် ချစ်ခင်ခြင်းတရားတို့ အမှန်တကယ်ရှိမနေ၍သာ ဖြစ်ပါလိမ့်မည်။ ဗိုလ်ချုပ်ပုံနှင့် ရုပ်တုများထားရှိခြင်းကို ကဲ့ရဲ့ရှုတ်ချလိုခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်ပုံချိတ်ကာ ထင်ရာလုပ်နေသူများကို သတိပေးလိုခြင်းသာ ဖြစ်ပါသည်။
ဗိုလ်ချုပ် မိန့်ခွန်းများ၊ အဆိုအမိန့်များကို ကြက်တူရွေးစာအံသလို ရွတ်ပြနိုင်ဖို့ လွယ်ကူပါသည်။ ယခုအချိန်တွင် ဗိုလ်ချုပ်ပုံကို အိမ်တိုင်းတွင် အလွယ်တကူဝယ်ယူချိတ်ထားဖို့က ပို၍လွယ်ကူပါသည်။ မလွယ်ကူသည်က ဗိုလ်ချုပ်ပြောခဲ့သည့်အတိုင်း လိုက်နာနိုင်ဖို့ဖြစ်သည်။ ခက်ခဲနက်နဲလွန်း၍ မဟုတ်ဘဲ ရိုးစင်းရှင်းလင်းလွန်းသောကြောင့် ဖြစ်သည်။ ရိုးသားခြင်းသည် အကောင်းဆုံး ပေါ်လစီဖြစ်သည်ဆိုသည်ကို လူတိုင်းသိသည်။ သို့သော် လူတိုင်းမလိုက်နာနိုင်သော စကားလုံးလည်း ဖြစ်သည်။
          ဗိုလ်ချုပ်တန်ဖိုးထားသည်မှာ တာဝန်ယူစိတ်ဖြစ်သည်။ ဗိုလ်ချုပ်ကို ကြည်ညိုလေးစားသည် ဆိုပါလျှင် မိမိတာဝန်ယူနိုင်သည့်အပိုင်း၊ လုပ်ငန်းတာဝန်ကို တာဝန်ယူစိတ်အပြည့်နှင့် ဆောင်ရွက်ခဲ့မည် ဆိုပါက တစ်ချိန်တွင် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်နှင့် နောက်ကျနေခဲ့ရသည့် ကျွန်တော်တို့နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံများကို အမှီလိုက်နိုင်ပေလိမ့်မည်။ ကျွန်တော်လည်း ဗိုလ်ချုပ်ကို ချစ်ပါသည်။ ခင်ဗျား ဗိုလ်ချုပ်ချစ်သည် ကိုလည်း ကျွန်တော်သိပါသည်။ ယခုအချိန်သည် ဗိုလ်ချုပ်ကိုချစ်ခင်ကြည်ညိုကြောင်း သက်သေပြဖို့ရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ထို့အတူ ဗိုလ်ချုပ်တန်ဖိုးထားသည့် တာဝန်ယူစိတ်ကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်ရန် အကောင်းဆုံးအချိန်လည်း ဖြစ်ပေတော့သည်။ 

                                                                      လေးစားစွာဖြင့်
                                                                                                 ထူးအောင်ဝင့် 
https://web.facebook.com/authorhtooaungwint 

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်