အခွင့်အရေးယူတတ်ပါစေ

အခွင့်အရေးယူတတ်ပါစေ

          အခွင့်အရေးဆိုသည်က နေရာတိုင်းမှာ ရှိသည်။ သို့သော် သူသည် စီးမျောနေသော သဘောရှိလေ သည်။ သင်မဆယ်ယူမိသည်နှင့် ၎င်းကဆက်လက်စီးမျောသွားပေလိမ့်မည်။ အခွင့်အရေးဟု မမြင်တတ်သူများ၊ အခွင့်အရေးဟု မြင်သော်လည်း ဖမ်းယူအသုံးမချနိုင်သူများကို ကျော်လွန်ကာ အသုံးချနိုင်သူများလက်ဝယ် ရောက်သည်အထိ စီးမျောသွားမည်ဖြစ်သည်။
          လူအများစုကတော့ မျောပါသွားသည့် အခွင့်အရေးကိုငေးကာ နောင်တဆိုသောအရာကို ပွေ့ဖက် တတ်ကြသည်။ လူတော်များကမူ လက်လွတ်သွားသည့် အခွင့်အရေးကို ငေးမျှော်မနေတော့ဘဲ နောက်ထပ် ဖမ်းဆုပ်နိုင်မည့်အခွင့်အရေးကို ရှာဖွေတတ်ကြသည်။ သာမန်လူများနှင့် အောင်မြင်သူများကြားရှိ ကွာခြား ချက်မှာ ဤအချက်ပင်ဖြစ်သည်။
             မှောက်ကျသွားသည့် နို့အိုးဘေးတွင်ထိုင်ကာ ပူဆွေးနေတတ်ကြသည်မှာ လူအများစုဖြစ်သည်။ တချို့လူများကတော့ မှောက်ကျသွားသည့် နို့အိုးထဲသို့ မှောက်ကျသွားသည့် နို့များကို ပြန်ထည့်ဖို့ ကြိုးစားနေကြသည်။ အလွန်ပင်နည်းပါးသည့် လူတစ်စုကမူ မှောက်ကျသွားသည့်နို့အိုးထဲသို့ ဂရုတစိုက်နှင့် နွားနို့ထပ်ဖြည့်ရန် ကြိုးစားတတ်ကြသည်။ ထိုအုပ်စုသုံးမျိုးထဲတွင် သင်မည်သည့်အုပ်စုထဲပါဝင်သည်ကို မှန်ကန်စွာသုံးသပ်နိုင်မည်ဆိုပါလျှင် အမှန်တရားလမ်းမထက်သို့ ခြေချမိပြီဖြစ်သည်။
          တချို့လူများက အပြောင်းအလဲကို ကြောက်သည်။ အဟောင်းကိုသာ ဆုပ်ကိုင်ထားလိုသူများ ဖြစ်သည်။ မိမိ၏ မူလအခြေအနေထက် နိမ့်ပါးလျော့ကျသွားမှာကို ကြောက်သည်။ အပြောင်းအလဲတွင် အခွင့်အရေးသစ်များကို ဖမ်းဆုပ်နိုင်ပါ့မလားဆိုသော စိုးရိမ်စိတ်နှင့် ဖြစ်သည်။
          လှိုင်းပုတ်သောကြောင့်  သင်ဆောက်ထားသည့် သဲအိမ်လေး ပြိုပျက်သွားနိုင်ပါသည်။ သို့သော် ကမ်းခြေတွင် ငါးများတင်ကျန်နေတတ်သည်ကိုလည်း သတိပြုသင့်ပါသည်။ အပြောင်းအလဲနှင့်အတူ ပါလာမည့် အခွင့်အရေးများကို သင့်ဘက်မှ အမိအရဖမ်းဆုပ်နိုင်ဖို့သာ လိုပါသည်။
          လူအများစုကမူ ပြောင်းလဲခြင်းတရားကို နှစ်သက်သည်။ အပြောင်းလဲနှင့်အတူပါလာသည့် အခွင့် အရေးကိုမူ မဖမ်းယူတတ်ကြသည်က များသည်။ မီးရထားစီးပြီး ခရီးသွားကြသူများနှင့် တူသည်။ ရထားပြတင်းပေါက်မှနေ၍ ပြောင်းလဲနေသည့် ရှုခင်းများ၊ မြင်ကွင်းများကို မြင်နေရသည်။ ခရီးစဉ်ဆုံးသောအခါ လက်ထဲတွင် ဘာတစ်ခုမျှ ဆုပ်ကိုင်မထားမိလိုက်ကြတော့။ အပြောင်းလဲ မြင်ကွင်းများအားလုံး ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ထိုသူများအားလုံး အပြောင်းအလဲ မြင်ကွင်များကို တွေ့ကြုံခံစားခဲ့ရသော်လည်း မိမိအတွက် အသုံးမချနိုင်သူများချည်း ဖြစ်ကြသည်။
          အပြောင်းလဲကို ကြောက်နေကြသူများနှင့် အပြောင်းလဲကို ကြုံတွေ့နေရသော်လည်း အခွင့်အရေး မယူတတ်သူများကြား ကွာဟချက်မှာ သုညဖြစ်သည်။ နှစ်မျိုးစလုံး မိမိအကျိုး၊ ဝန်းကျင်အကျိုးအတွက် အခွင့်အရေးကောင်းကို ဖမ်းဆုပ်ကာ မဖန်တီးနိုင်ကြသောကြောင့်ဖြစ်သည်။ ပန်းတစ်ပွင့် ပွင့်လန်းလာ ဖို့အတွက် ဓာတ်ကြီးလေးပါးလိုသည်။ နေ့လည်း လိုအပ်သလို ညသည်လည်း လိုအပ်သည်။ မှောင်သွားပြန်ပြီ၊ လင်းသွားပြန်ပြီ စသဖြင့် ညည်းညူနေကြသူများမှာ ပွင့်လန်းလာသည့် ပန်းကို မမြင်နိုင်ကြ သလို ပန်း၏ ရနံ့ကိုလည်း ခံစားမိမည် မဟုတ်ချေ။
          ယခုအချိန်တွင် အတိတ်ကို ငဲ့ကြည်နေကြသူများသာ များနေသည်။ ထို့ကြောင့် တစ်ဦးနှင့် တစ်ဦးလက်ညှိုးထိုးရင်း ခရီးမတွင်ကြရခြင်းဖြစ်သည်။ သင်ခန်းစာအတွက်ဆိုသော ခေါင်းစဉ်တပ်ကာ အတိတ်ကအမှားများပေါ်တွင် ကျက်စားနေကြခြင်းကြောင့် အသစ်အသစ်တွေကို မဖန်တီးနိုင်ကြခြင်း ဖြစ်သည်။ အားလုံး၏ မျက်နှာတွေကို ရှေ့သို့ လှည့်လိုက်ကြမည်ဆိုလျှင်၊ နောက်သို့ ငဲ့စောင်း ကျန်နေခဲ့ကြသည့် သူများကို လက်တွဲခေါ်နိုင်ကြမည် ဆိုပါလျှင် သမိုင်းစာမျက်နှာအသစ်ကို လှန်နိုင် ကြတော့မည်ဖြစ်သည်။ ကျွန်တော်တို့၏ အနာဂတ်အသစ်ကို ဖန်တီးနိုင်ကြတော့မည်ဖြစ်သည်။
          သမိုင်းစာမျက်နှာသစ်ကို ဖန်တီးနိုင်ဖို့အတွက် ကျွန်တော်တို့အားလုံး ခွန်အားရှိဖို့လိုသည်။ လူတိုင်းသည် စူပါဟီးရိုးများ မဟုတ်ကြသော်လည်း လူတိုင်းတွင် အားသာချက်ကိုယ်စီရှိသည်။ ထိုအားသာချက်ကိုယ်စီကို စုစည်းမိလိုက်သည်နှင့် ကျွန်တော်တို့မြို့နယ်သည်၊ ကျွန်တော်တို့တိုင်းသည်၊ ကျွန်တော်တို့နိုင်ငံသည် တိုးတက်မှုနှေးကွေးရာမှ တဟုန်ထိုးဖွံ့ဖြိုးတိုးတက်သွားမည်မှာ အမှန်ပင်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုလေး အနည်းငယ် ထပ်တိုးရန်သာလိုသည်။ ဆိုလိုသည်က လုပ်ငန်းရှင်တစ်ဦးက မိမိမှာ မရှိသည့် လုပ်နိုင်စွမ်းနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိသော ဝန်ထမ်းကို လက်တွဲနိုင်မည်ဆိုပါလျှင်၊ ကျွမ်းကျင်မှုစကေးမြင့်မားသော ဝန်ထမ်းကလည်း ငွေရင်းစိုက်ထုတ်နိုင်သော လုပ်ငန်းရှင်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်ဆိုလျှင် လုပ်ငန်းတိုးတက်နှုန်းက မြင့်မားလာမည်မှာ အမှန်ပင်ဖြစ်သည်။
          နှစ်ဦးလုံး၊ နှစ်ဘက်လုံးသည် အခွင့်အရေးဆိုသောအရာကို မြင်တတ်ဖို့လိုသည်။ ပေါင်းစည်းခြင်း ကြောင့် ရလာမည့် အကျိုးအမြတ်ကို တွက်ဆတတ်ရန်လိုသည်။ နှစ်ယောက်အားဖြင့် ယူထားသည့် အရာကို တစ်ဦးတည်းပိုင်ဆိုင်လိုခြင်းဆိုသော အလိုဆိုးတို့ မရှိရန်လည်း လိုအပ်သည်။
          အခွင့်အရေးဆိုသည်က အနီးဝန်းကျင် လက်တစ်ကမ်းမှာပင် အမြဲတမ်းရှိနေသောအရာ ဖြစ်သည်။ မြင်တတ်ဖို့ လိုပါသည်။ အခွင့်အရေးသည် အလုပ်သမားဝတ်စုံကို ဝတ်ကာ အခက်အခဲ စိန်ခေါ်မှုဦးထုပ်ကို ဆောင်းထားသောကြောင့် လူအများစု မမြင်မိကြခြင်း ဖြစ်သည်။ အောင်မြင်သူများနှင့် ရှုံးနိမ့်သူများကြားရှိ ကွာဟချက်တစ်ခုပင် ဖြစ်သည်။
          အလုပ်သမားဝတ်စုံနှင့် စိန်ခေါ်မှုဦးထုပ်ကို အားလုံး ဝတ်ဆင်နိုင်သည့်တစ်နေ့ ကျွန်တော်တို့နိုင်ငံ သည် အာရှ၏ ကျားတစ်ကောင်အဖြစ်ဖြင့် ကမ္ဘာ့အလည်တွင် ရင်ဘောင်တန်းနိုင်ပေလိမ့်မည်။ လေတိုက်သည့် လေကြောင်းကို မပြောင်းလဲနိုင်သော်လည်း လိုရာအရပ်ကိုရောက်အောင် ရွက်တိုက် သွားနိုင်သူများ ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အားလုံး အပြောင်းအလဲနှင့်ပါလာသော အခွင့်အရေး၊ အလုပ်သမားဝတ်စုံဝတ်လာသည့် အခွင့်အရေးကို ယူတတ်ရန်သာလိုပါတော့သည်။ 

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
ချင်းတွင်းဂျာနယ် 
*****                                        *****                                        *****

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်