ရဲရဲပြောပါ မကြောက်ပါနဲ့




  • Posted by Betty on December 17, 2014 at 13:22
  •  

  • အမေရိကားမှာ ပညာသွားသင်ခဲ့တဲ့ အသိဆေးကျောင်းသားတစ်ယောက်က သူ့အတွေ့အကြုံကို ပြောပြပါတယ်။ တစ်ခါတုန်းက သွားရင်း လာရင်း ဗိုက်ဆာလို့ နယူးယောက်မြို့ရဲ့ မက်ဒေါနယ် ဆိုင်တစ်ဆိုင်မှာ သူစားချင်တာကို ယုံကြည်မှုအပြည့်နဲ့ မှာလိုက်တယ်။

    “Cheese burger two times, please.”သူ့ရဲ့ မိခင်ဘာသာစကားမှာ အရေအတွက်ကိုပြောတဲ့ အသုံးအနှုန်းကို အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်ပြီး ပြောလိုက်တာဆိုတာ စာဖတ်သူတို့ တွေးကြည့်နိုင်ပါတယ်။ အရောင်းကောင်တာအနောက်က အမေရိကန်က သူပြောတာကိုနားမလည်လို့ ကြောင်တောင်တောင် ဖြစ်နေတော့ သူကနည်းနည်းတော့ ရှက်သလို ဖြစ်သွားပေမဲ့ သူပြောချင်တာကို ကြိုးစားပြီး ပြန်ပြင်ပြောလိုက်တယ်။

    “Cheese burger twice, please.”

    ဒါပေမဲ့လည်း သူထပ်ပြောတာကိုလည်း တစ်ဖက်က နားလည်ပုံမရပါဘူး။ အဲ့ဒီတော့ အခုနက ပေါ်လာခဲ့တဲ့ ရှက်စိတ်က ကြောက်စိတ်ကို ပြောင်းသွားပြီး သူဘာမှ ထပ်ပြောဖို့ မကြိုးစားတော့ဘဲ ဆိုင်ထဲကနေ ဗိုက်ဆာဆာနဲ့ပဲ ထွက်လာလိုက်ပါတော့တယ်။ ဒီမှာအံ့သြစရာကောင်းတဲ့ အချက်တစ်ချက်ကတော့ သူကပညာတတ်တစ်ယောက်ပါ။ ပြီးတော့လည်း အင်္ဂလိပ်စာအရည်အချင်းလည်း အသင့်အတင့် လောက်ရှိပါလျှက်နဲ့ Cheese burger ၂ခု မှာစားဖို့ အတွက် ဘယ်အင်္ဂလိပ်စကားပြောတဲ့ ပတ်ဝန်းကျင်မှာမဆိုသုံးလို့ရတဲ့ ရိုးရှင်းလွယ်ကူတဲ့ အသုံးကလေးကိုတောင် မသုံးတတ်ခဲ့ပါဘူး။ ဒီမှာ ကျွန်တော်တို့ ဘာသတိထားမိလဲဆိုတော့ ထိရောက်တဲ့ ဆက်သွယ်မှု (effective communication) တစ်ခုမှာ ချောမွေ့တဲ့ ဆက်သွယ်မှု (transaction) တစ်ခု ဖြစ်ဘို့ရာ ဝေါဟာရ နဲ့ သဒ္ဒါ ကျွမ်းကျင်ရုံနှင့် မရနိုင်ဘူးဆိုတာကိုပါဘဲ။

    အကယ်လို့ English native speaker တစ်ယောက်ကသာ အင်္ဂလိပ်စကားမပြောတဲ့ တိုင်းပြည်တစ်ခုမှာ ရောက်နေတုန်း စောစောကကျောင်းသားလို အဖြစ်မျိုး ကြုံခဲ့ရင် သူ့ရဲ့ ပထမဆုံး reaction ကတော့ သူပြောတဲ့အရာကို တစ်လုံးခြင်း ဖြေးဖြေးနဲ့ ကျယ်ကျယ် ပြန်ပြောမှာ ဖြစ်ပါတယ်။ ဆက်သွယ်မှုပြတ်တောက်ခြင်း (Communication breakdown) က L2 လို့ခေါ်တဲ့ မိခင်ဘာသာမဟုတ်တဲ့ second language ကိုသုံးပြီး ပြောဆိုဆက်သွယ်တဲ့အခါ ဖြစ်လေ့ ရှိပါတယ်။ ကျွန်တော်တို့က မိခင်ဘာသာ first language ရဲ့ လွှမ်းမိုးမှုကို ခံထားတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ဘာသာ၊ ကိုယ့်ယဉ်ကျေးမှု ပုံစံနဲ့ တွေးခေါ်ပြောဆိုတာက သဘာဝဖြစ်နေတာမို့ second language ကိုပြောဆိုတဲ့အခါ အဲ့ဒီလွှမ်းမိုးမှုတွေကြောင့် transaction မှာ (grammar တို့ vocabulary တို့ ဘယ်လောက်ကောင်းစေကာမူ) သဘာဝမကျတာ၊ ဆိုလိုရင်းအဓိပ္ပါယ် မပေါ်တာ ဖြစ်တတ်ပါတယ်။ အဲ့ဒီကနေ ဆက်သွယ်မှု ပြတ်တောက်ခြင်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် English (သို့မဟုတ် ဘယ်ဘာသာစကားမဆို) ကို second language အနေနဲ့ လေ့လာရာမှာ ဆက်သွယ်မှုစွမ်းရည် (communicative competence) ကိုပါ တိုးတက်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် အပြောမတတ်လို့ ၊ မပြောတတ်လို့ စတာတွေက ဖြစ်စေတဲ့ နားလည်မှုအလွဲ ကြောင့် communication breakdown လို့ဆိုတဲ့ ဆက်သွယ်မှု ပြတ်တောက်ခြင်း ကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒီ "moment of panic" ကိုကျော်လွှားနိုင်ဖို့ ဘာတွေလုပ်သင့်ပါသလဲ။


    Compensation Strategies (အစားထိုး ဗျူဟာများ)


    ဒီ strategy တွေကို မြန်မာလို “အစားထိုး ဗျူဟာများ” လို့ အလွယ်တွေးလိုက်ရအောင်။ Compensation strategy တွေက အင်္ဂလိပ်စကား လေ့လာသူတွေကို စကားပြောရာမှာ ဖြစ်ပေါ်လာနိုင်တဲ့ expression အ ခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကူညီမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်စကားကို second language အနေနဲ့ သုံးစွဲသူတွေရဲ့ ကျွမ်းကျင်မှုအဆင့် (English proficiency level) အလိုက် သူတို့ရဲ့ (vocabulary, grammar, expression အပါအဝင်) ဘာသာစကားကို ကိုင်တွယ် အသုံးချတတ်မှု များလည်းကွာခြားတတ်ပါတယ်။ အားနည်းချက်လည်း အသီးသီးရှိနိုင်ပါတယ်။ ဒီအားနည်းချက်တွေကို အစားထိုးဗျူဟာဖြစ်တဲ့ compensation strategy တွေက ဖြည့်စွက်ပြီး communication breakdown မဖြစ်အောင် ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ဒီ strategy တွေဟာ ဆက်သွယ်ပြောဆိုမှုမှာ ဖြစ်တတ်တဲ့ အခက်အခဲတွေကို အစားထိုးခြင်း(make up) သို့မဟုတ် ကွေ့ပတ်ရှောင်ရှားခြင်း (circumvent) တို့ဖြင့် ဖြေရှင်းပေးပါတယ်။

    ဒါပေမဲ့ ဒီ strategy တွေကိုသုံးရာမှာလည်း အကျိုးကျေးဇူးများနဲ့ အန္တရာယ်များလည်း ရှိတာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ ဘာသာစကားသင်ယူသူ တစ်ယောက်ဟာ ဒီ communication strategy တွေ အမြောက်အများသိထား၊ လေ့ကျင့်ထားမယ်ဆိုရင် သူ့ရဲ့ ရှိရင်းစွဲ ဘာသာစကား သုံးစွဲမှုဆိုင်ရာ အရည်အချင်း (immediate linguistic means) ထက် သာလွန်တဲ့ communication effectiveness ဆိုတဲ့ ဆက်သွယ်ရေးချောမွေ့မှုကို ရရှိလာမှာ ဖြစ်ပေမဲ့ ဒီအစားထိုး strategy တွေကို အားကိုးလွန်းရင်လည်း သူရဲ့ interlanguage လို့ခေါ်တဲ့ မူလ သဘာဝကျကျ တတ်သိရမယ့် ဘာသာရပ်ဆိုင်ရာ အရည်အသွေးကို အားနည်းသွားစေမှာ ဖြစ်ပါတယ်။ ဒါကိုတော့ သတိထား စေလိုပါတယ်။

    စာသင်ခန်းထဲမှာရော ပြင်ပလောကမှာပါ အစားထိုး ဗျူဟာများကပေးတဲ့ အကျိုးကျေးဇူးတွေကို ဖေါ်ပြရမယ် ဆိုရင်တော့ စာသင်ခန်းထဲမှာ အင်္ဂလိပ်စကားပြော လေ့ကျင့်တဲ့အခါ ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့ ရှိရင်းစွဲ အရည်အချင်းနဲ့ဘဲ၊ expression အခက်အခဲရှိသော်လည်း၊ လိုရင်းကိုရောက်အောင် ပြောတတ်ဖို့ လေ့ကျင့်ရန် အခွင့်အလမ်းတွေ ပိုမိုရရှိစေပါတယ်။ ဆိုလိုတာက အကြောင်းအရာ တစ်ခုအကြောင်းကို ပြောဆိုပုံနည်းလမ်း ပုံသေနည်းတစ်မျိုးတည်းနဲ့ဘဲ လေ့ကျင့်တာမဟုတ်ဘဲ၊ နည်းလမ်း ၄၊ ၅ မျိုးနဲ့ ဒီအကြောင်းကို လှည့်ပတ်ပြီး ပြောကျင့်တာ ဖြစ်ပါတယ်။

    အကျိုးကျေးဇူးကတော့ အတန်းတွင်းမှာလုပ်တဲ့ အဖွဲ့လိုက် ဆွေးနွေးမှု (group discussion) တွေမှာ ပိုမိုမြိုင်ဆိုင်တဲ့ လက်တွေ့ဆန်သော ပြောဆိုဆက်ဆံခြင်း (genuine interaction) ကိုတွေ့လာမှာ ဖြစ်ပါတယ်။ အဲ့ဒါက အစားထိုး ဗျူဟာများကြောင့် တစ်ကယ် လက်တွေ့အသုံး (actual use) မှာ တိုးပွားလာခဲ့တဲ့ အကြောင်းကြောင့် ဖြစ်ပါတယ်။
    ဒါရဲ့ အကျိုးဆက်က လက်တွေ့နယ်ပယ် real world မှာ learners တွေဟာ မိမိရဲ့ အင်္ဂလိပ်စကား အသုံးချမှုဆိုင်ရာ အရည်အချင်း အကန့်အသတ်ရှိသော်လည်း အစားထိုးခြင်း (compensation) နဲ့ ဆင့်ပွားခြင်း (production) ကို အလွယ်တကူ လုပ်တတ်မှာ ဖြစ်ပါတယ်။ မိမိရဲ့ မူလ အရည်အချင်း overall level တိုးတက်လာသည်နှင့်အမျှ compensation strategy တွေကိုလည်း တစ်ဖြည်းဖြည်း လျှော့ချသွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း level မြင့်လာတာနဲ့ အမျှ native speaker တွေလိုမျိုး သဘာဝကျကျ ပြောဆိုလာနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ native speaker အချင်းချင်းမှာလည်း communication breakdown ဆိုတာ ဖြစ်တတ်တာမို့ ဒီ အစားထိုးဗျူဟာတွေကို မပြတ်တမ်း လေ့လာသင့်ပါတယ်။

Compensation strategies တွေကို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ ရှင်းပြပါမယ်။


(၁) မိမိနှင့် စကားပြောလေ့ကျင့်ဖော်ဆီကနေ စကားဖြင့်တိုက်ရိုက် အကူအညီယူခြင်း (by linguistic means) သို့မဟုတ် အသံ၊ အမူအယာဖြင့် အကူအညီယူခြင်း (by paralinguistic means)

စကားဖြင့် တိုက်ရိုက် အကူအညီယူခြင်း လေ့ကျင့်ရာမှာ မိမိသိလိုသော အရာကို မေးခွန်းများဖွဲ့၍ တစ်ယောက်နှင့်တစ်ယောက် မေးမြန်းကာ လေ့ကျင့်ခြင်း ဖြစ်ပါတယ်။

ဥပမာ - “How do you say…?” “What do you call..?”

အသံ၊ အမူအယာဖြင့် အကူအညီယူတဲ့ လေ့ကျင့်ခန်းကတော့ မိမိပြောသောစကားမှာ rising intonation ထည့်ပြောခြင်း၊ မျက်ခုံးပင့်ပြခြင်း၊ မျက်လုံးချင်းဆိုင်ခြင်း၊ အံ့သြ၊ ဝမ်းသာ၊ စိတ်ညစ်တဲ့ပုံစံ လုပ်ပြခြင်း စသည်ဖြင့် ဖြစ်ပါတယ်။

(၂) Mime or gesture ခေါ်အသံမထွက်ဘဲ အမူအယာဖြင့် သရုပ်ဆောင်ပြခြင်း။

ဒီမှာကတော့ learner တွေဟာ အသံ၊ အမူအယာဖြင့် အကူအညီယူခြင်း (paralinguistic means) နည်းလမ်းကိုဘဲ သုံးရမှာ ဖြစ်ပါတယ်။ ဥပမာ - သရုပ်ဆောင် လှုပ်ရှားပြခြင်း၊ ခြေဟန်လက်ဟန်ဖြင့် ပြခြင်း၊ မျက်နှာအမူအယာအမျိုးမျိုးလုပ်ပြခြင်း၊ အသံကိုလိုက်တုပြခြင်းတို့ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက နံပါတ် (၁)မှာဖေါ်ပြခဲ့တဲ paralinguistic means လေ့ကျင့်ခန်းနဲ့ အလားတူသော်လည်း အကူအညီရယူဖို့ထက် မိမိဆိုလိုရင်းကို တစ်ဖက်ကသူ သိအောင် လုပ်ယူတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။

(၃) မိမိပြောချင်တဲ့စကားထဲက စကားလုံး သို့မဟုတ် စကားစု နဲ့ အနီးစပ်ဆုံးသို့မဟုတ် အလားတူအဓိပ္ပါယ်ရှိတဲ့ alternative expressions/ words တွေကို သုံးကာ မိမိပြောလိုသော အကြောင်းအရာကို သွယ်ဝိုက် ပြောဆိုလေ့ကျင့်ရတာ ဖြစ်ပါတယ်။

ဥပမာ - cleaver အစား knife ကိုသုံးတာ။

(၄) circumlocution ခေါ် မိမိပြောချင်တဲ့ အကြောင်းအရာသို့မဟုတ် လှုပ်ရှားမှုတစ်ခုခုကို ပုံပေါ်လာအောင် သရုပ်ဖေါ်ပြောဆိုခြင်း။

ဥပမာ- broom သို့မဟုတ် mop ကို “the things you use to clean the floor” လို့ သွယ်ဝိုက်ပြီး သရုပ်ဖေါ်ကာပြောဆိုခြင်း ဖြစ်ပါတယ်။

(ဒီလိုလေ့ကျင့်ရာမှာ အသုံးဝင်တဲ့ ရေလဲသုံးနိုင်တဲ့ စကားလုံး (all-purpose words) တွေကတော့
things, stuff, make, do တွေအပြင် thingie, what- do- you- call-it စသည်ဖြင့် ပါဝင်ပါတယ်။)

ကဲ ဒါဆိုရင် ဒီ ဗျူဟာတွေကို ဘယ်လို လေ့ကျင့်ကြမလဲ။ compensation strategies ခေါ် အစားထိုး ဗျူဟာလေ့ကျင့်ရာမှာ အများစုက သွယ်ဝိုက် ပြောဆိုရတဲ့ circumlocution ကိုအသားပေးပြီး lexical expression ခေါ် စကားနဲ့ သရုပ်ဖေါ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် learners တွေဟာ expression အချို့ကို ကြိုတင် လေ့လာထားရပါမယ်။

(၁) Mime သရုပ်ဆောင်ပြီး ပြောချင်တာကို သရုပ်ဖေါ်ရာမှာ အသုံးဝင်တဲ့ စကားလုံးတွေဖြစ်တဲ့ like this တို့ like that စသည်တို့ကို အသုံးပြုပြီး ရှင်းပြပြောဆို လေ့ကျင့်ပါ။

(၂) Translation activity ခေါ် ဘာသာပြန်တဲ့ လေ့ကျင့်ခန်းအပြင် ခန့်မှန်းပြောဆိုရတဲ့ guessing game တွေများများ ကစားပေးခြင်းလည်း အသုံးဝင်ပါတယ်။ Lower level လေ့လာသူများအတွက် အောက်ပါ phrase တွေသုံးပြီး စကားလုံးဖွက်တမ်း guessing game ကစားလို့ ရပါတယ်။
  • 'it’s similar to…'
  • 'it’s the same as…' 
  • 'it’s the opposite of…' 
  • 'it’s not..it looks like' စသည်ဖြင့် ဖြစ်ပါတယ်။

(၃) ဆရာ သို့မဟုတ် dictionary အကူအညီဖြင့် ကစားလို့ရတဲ့ နောက်ထပ် လေ့ကျင့်ခန်းတစ်ခုကတော့ “How do you say…?” နဲ့ စတဲ့ မေးခွန်းတွေကို တစ်ယောက်တစ်လှည့် မေး၊ ဖြေ လုပ်တာ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက တစ်ကယ့် ပြင်ပလောကမှာ စကားပြောတဲ့ အခြေအနေမှာ မိမိနားမလည်တဲ့ အကြောင်းပေါ်လာရင် တစ်ဖက်ကသူကို မေးခွန်းမေးကာ အကူအညီတောင်းဖို့ အသုံးဝင်ပါတယ်။

(၄) compensation strategy တွေအနေနဲ့ ဖြည့်စွက် အသုံးပြုနေတဲ့ formulaic expressions တွေ ကိုလေ့ကျင့်ပါ။ ဒီလေ့ကျင့်ခန်း အတွက် lower level အဖို့ အသုံးဝင်တဲ့ expressions အချို့ကတော့
  • How do you say…?
  • It’s the thing that…
  • It’s a person who.. စသည်ဖြင့် ဖြစ်ပါတယ်။ 

Higher level အတွက် အသုံးဝင်မယ့် expressions များကတော့
  • It’s the sort of thing… 
  • It’s when you…
  • What’s it called when…? တို့ဖြစ်ပါတယ်။

Preposition ပါတဲ့ phrase တွေကို အလွတ်ကျက်မှတ် လေ့ကျင့်တဲ့အခါ အတွဲလိုက် ကျက်မှတ်တဲ့ အလေ့အထ လုပ်သင့်ပါတယ်။ ဥပမာ - opposite ဆိုတဲ့ စကားလုံးကိုကျက်မှတ်တဲ့အခါ အနောက်က လိုက်တွဲတဲ့ preposition ဖြစ်တဲ့ ‘of’ ကိုပါ တွဲကျက်ပါ။ နောက်ပြီး preposition အတွဲမှားတာမျိုး မဖြစ်ရအောင် သတိပြုပြီး လေ့လာလေ့ကျင့်ပါ။

ဥပမာ - opposite of လို့ ပြောရမယ့်အစား opposite to လို့ မှားပြောမိတာမျိုးပေါ့။

ပြီးတော့လည်း relative pronoun ကိုသုံးရာမှာ what ကိုမှားသုံးမိတာမျိုး မရှိအောင် သတိထားရပါမယ်။

ဥပမာ- It’s the thing that/ which.. ဖြစ်ရမယ့်အစား It’s the thing what.. လို့ မှားသုံးမိတာမျိုးပါ။

ဒါတွေကတော့ အစားထိုး ဗျူဟာတွေကို လေ့ကျင့်ဖို့အတွက် အကြံပြုချက် အချို့ဘဲ ဖြစ်ပါတယ်။ ဒီလိုအများကြီး လေ့ကျင့်ထားရင် communication breakdown ကို လုံးဝကျော်လွှားနိင်မလား ဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့ “ကျွန်တော်တို့ မသိနိုင်ပါဘူး” ဆိုတဲ့ ရိုးသားတဲ့ အဖြေဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ သိတာကတော့ လက်တွေ့ပြောဆိုဆက်ဆံရေးမှာ ဖြစ်ပေါ်ကြုံတွေ့နိုင်တဲ့ အခြေအနေတွေ အားလုံးကို ပုံသေနည်းနဲ့ ကြိုတင်ကျက်မှတ် လေ့လာဖို့ မလွယ်ဘူးဆိုပေမဲ့ ဒီလေ့ကျင့်ခန်းတွေက အင်္ဂလိပ်ဘာသာ လေ့လာနေသူ တွေအတွက် ပိုပြီး ရဲရဲဝင့်ဝင့် ပြောဆိုသုံးစွဲနိုင်အောင် ကူညီပေးမှာကတော့ သေချာပါတယ်။

(၂၀၁၁ မတ်လ ထုတ် English Teaching Professional ဂျာနယ် အမှတ် 73 မှ Robert Rogers ၏ Don't Panic ဆောင်းပါးကို ဆီလျော်အောင် ကိုးကားပြန်ဆိုပါသည်။)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်