လှေကားသုံးထစ် ကျော်ရမည်




အင်္ဂလိပ်စကားလေ့လာသူများ၏အနီးကပ်ဆုံးရန်သူတစ်ယောက်ရှိသည်။ သူက ပြင်ပရန်သူမဟုတ်။ ကျွန်ုပ်တို့အဇ္ဇျတ္တအတွင်းမှလာသည်။ စကားလုံးတစ်လုံး၊ သဒ္ဒါစည်းမျဉ်းတစ်ခုကို သိသလိုလိုနှင့် သိပြီထင်မှတ်ခြင်း၊ အကယ်၍၄င်းတို့ကို သိထားသည် ဆိုလျှင် မိမိကိုယ်ကို တတ်သွားပြီဟု ထင်တတ်သည့်အကျင့်ပင်ဖြစ်သည်။

 ကျွန်တော်က ပညာရပ်တစ်ခုအားလေ့လာရာတွင် အခြေခံအားဖြင့် အဆင့်သုံးဆင့်ခွဲပြချင်ပါသည်။ ၄င်းလှေကားသုံးထစ်၏အပေါ်ဆုံးသို့ရောက်အောင်လှမ်းမှသာ ၄င်းပညာရပ်ကိုအသုံးချနိုင်သူ တစ်ယောက်ဖြစ်ပါလိမ့်မည်။
 http://api.ning.com:80/files/kwvKg1TQ8fUFYfC9Umx1zmqX*Gf111ryNgU8puS0vFB90gXA0unW-2pJPnGs4tZ*3H4jtyQL2Yhuw2tywkl466*xv*XUFr9P/3stepsoflearning.jpg
သိ။ knowing about it
“သိ” အဆင့်သည် အခြေခံအကျဆုံးအဆင့်ဖြစ်သည်။ တစ်ခုခုအား ဘယ်လိုလုပ်သည်ဟု သိထားသော knowing about something ဗဟုသုတ အဆင့်ဖြစ်သည်။ ဥပမာ- present continuous tense ဆိုလျှင် be + Ving ဟုသိခြင်း, present perfect tense ဆိုလျှင် has/have + Past Participial (မြန်မာကျောင်းသား V3 ဟုအလွယ်သိထားသည့်ကြိယာပုံစံ) ဟုသိခြင်းမျိုးဖြစ်သည်။ ဤအဆင့်သည် လေ့လာသူအများ စုအတွက်အဓိကအတားအဆီးဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအဆင့်တွင် အင်္ဂလိပ်သဒ္ဒါ၏ အဓိကကျသည့် အစိတ်အပိုင်းအများစုကို ကျောင်းသားများအား သင်ကြားပေးခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပြင်ပအင်္ဂလိပ်စာသင်တန်းများတက်ရောက်သည့်အခါ သူတို့သိပြီးသားအကြောင်းအရာများ ပြန်လည်ကျင့်ရသည့်အခါ လိုလိုလားလား လေ့ကျင့်လိုစိတ်မရှိကြ။ မိမိသိထားပြီဖြစ်သည်။ ထပ်လေ့ကျင့်ဖို့မလိုဟုလွဲမှားစွာခံယူတတ်ကြသည်။ stylistic transformation exercise တွေဖွတ်ဖွတ်ကျေအောင်လုပ်ကာ ဆယ်တန်းအောင်လာခဲ့ကြ သော်လည်း လက်တွေ့တွင် “မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးသည် Rice is grown in Myanmar.” ဆိုသည့်ဝါကျကို  “Rice grows in Myanmer.”  “ In Myanmar grows rice.” ကဲ့သို့သော အင်္ဂလိပ်မဆန်သည့်ဝါကျများထွက်လာလေ့ရှိသည်။

မြင်သာသည့်သာဓကဆောင်ရလျှင် ဟင်းချက်နည်းစာအုပ်ကိုင်ကာ ချက်သူတစ်ယောက်လို ပါဝင်သည့်ဟင်းအမယ်နှင့် လုပ်ဆောင်ရမည့်အဆင့်ဆင့် သိသော်ငြားလည်း တစ်ကယ်ချက်ကြည့်တော့ အရသာရှိသည့်ဟင်းတစ်ခွက် ဖြစ်မလာသလိုပင်ဖြစ်သည်။

တတ်။ Being able to do it
“တတ်” အဆင့်သည် ဘယ်လိုလုပ်သလဲဆိုတာကိုသိသည့်အပြင် မိမိကိုယ်တိုင်လက်တွေ့လုပ်ကိုင်နိုင်သည့် Being able to do it အဆင့်ဖြစ်သည်။ ပညာရပ်တစ်ခုလေ့လာရာတွင် learning curve ဟုခေါ်သည့် ရင်ဆိုင်ကုန်းတစ်ခုရှိသည်ဟုဆိုကြသည်။ ၄င်းသည်အခက်ဆုံးအပိုင်းဖြစ်သည်။ ပညာရပ်ကိုလေ့လာကာစလူအများစု လက်မြောက်ကာ တပ်လန်ပြန်လှည့်သည့်နေရာဖြစ်သည်။ ၄င်းအဆင့်ကိုကျော်လွှားနိုင်ပါက နောက်ပိုင်းတွင်အရာရာသည် ထင်သလောက်မခက်တော့ဘဲ လေ့လာရန်လွယ်ကူသွားလေ့ရှိသည်။ ပညာရပ်တစ်ခုအားလေ့လာရ လွယ်ကူခြင်း၊ ခက်ခဲခြင်းကို ၄င်း learning curve ၏ steepness လျှောစောက်ဖြင့်နှိုင်းလေ့ရှိသည်။

ဤအဆင့်ကိုရောက်လာသူများသည်  “သိပြီးသားကြီး။ ပျင်းစရာကောင်းတယ် ထပ်မလုပ်ချင်ပါဘူး” ဆိုသည့် ခံယူချက်သဘောထားကို စွန့်လွှတ်နိုင်ခဲ့သူများဖြစ်သည်။ အထက်က ဟင်းချက်နည်းဥပမာလို ပထမတစ်ခါ စားမရ၊ ဒုတိယတစ်ခါ နည်းနည်းကောင်း၊ တတိယတစ်ခါ မဆိုးပါဘူး၊ စတုတ္ထအခါ လက်ခံနိုင်သည့်အရသာ ဖြစ်လာသည်အထိ စိတ်ရှည်ရှည်နှင့် သည်တစ်မျိုးတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်ဆောင်လာသည့်အကျိုးရလာဒ်ကို ခံစားရသူများဖြစ်သည်။

ကျွမ်း။ Being good at doing it
တတိယ“ကျွမ်း”အဆင့်သည့် သာမန်လုပ်တတ်သည့်အဆင့်မှ အရည်အသွေးမီ၊ စံချိန်မီထုတ်ကုန်ကို ဖန်တီးနိုင်သော ပညာရှင်အဆင့်ရောက်ပြီဟုယေဘုယျမှတ်ယူနိုင်ပြီဖြစ်သည်။ ဒုတိယလှေကားထစ်တွင် ကြိမ်ဖန်များစွာ ထပ်ခါတစ်လဲလဲ လေ့ကျင့်မှုမှသာ ၄င်းအဆင့်သို့ရောက်ရန်မျှော်မှန်းနိုင်မည်ဖြစ်သည်။ သာမန်ဟင်းချက်တတ်သူအဆင့်မှ ဆိုင်ဖွင့်ရောင်းချနိုင်သည်အထိ လိုအပ်သည့်ကျွမ်းကျင်မှုရသွားသူဖြစ်သည်။ ဤတွင် မိမိသိတတ် ထားသည့်ဗဟုသုတများကိုအခြေခံကာ မိမိ၏တီထွင်ဖန်တီးမှုများပေါင်းထည့်ကာ အရည်အသွေးကောင်းမွန်သည့်ထုတ်ကုန်များ တင်ဆက်နိုင်တော့မည်။

ဘာသာစကားသည် အသိပညာလား၊ စွမ်းရည်အစုအဝေး လား Is language knowledge or skill set ?
ဘာသာစကားသင်တန်းကျောင်းများ၏ကြော်ငြာများကိုလေ့လာကြည့်ပါ။ “English four skills classes” ဆိုသည်ကို မလွတ်တမ်းတွေ့ရပါလိမ့်မည်။ တစ်ချို့ထူးခြားသည့်ကြော်ငြာများကတော့ “Five skills သင်ပေးသည်” ဆိုသည်ကိုပင်တွေ့နိုင်ပါလိမ့်မည်။ ဟုတ်ပါသည်။ ဘာသာစကားဆိုသည်မှာ “အရေး၊ အဖတ်၊ အပြော၊ နားထောင်” စွမ်းရည်အစုအဝေးဖြစ်သည်။ ဘောလုံး၊ ရေကူး၊ ဂစ်တာတီး၊ သီချင်းဆို စသည်တို့လို skill ကျွမ်းကျင်မှုတစ်ရပ်ဖြစ်သည်။ “သဘင်သည်လက် ခုနှစ်ရက်” ဟုတင်စားကြသလို လေ့ကျင့်မှုပျက်သွားသည်နှင့် ယုတ်လျော့သွားသည့်အရာမျိုးဖြစ်သည်။ ထို့ကြောင့် skill ဆိုသည့်စွမ်းဆောင်နိုင်စွမ်း၊ ကျွမ်းကျင်မှု သည် မပြတ်တမ်းလေ့ကျင့်နေမှ တိုးတက်ကျွမ်းကျင်လာနိုင်သည်။ အခြားတစ်ဖက်တွင်လည်း ဝေါဟာရ၊ အသုံးအနှုန်းလို အသိပညာများကို တိုးပွားစုဆောင်းနေသင့်သည်။

တတိယလှေကားထစ်သို့ရောက်ရန် ဘယ်လိုလုပ်မလဲ
ဘာသာစကားသည် စွမ်းဆောင်မှု skill ဟုနားလည်ပြီဆိုလျှင် လိုလားသည့်ကျွမ်းကျင်မှုစွမ်းရည်ရရှိရန် တစ်ခုတည်းသောနည်းလမ်းသည် အလေ့အကျင့် practice ဟုနားလည်နိုင်မည်ဖြစ်သည်။ ဒါဆိုလျှင် အလေ့အကျင့် practice ဆိုသည်ကဘာလဲ။ ခဏလောက်ရပ်စဉ်းစားလိုက်လျှင် practice ဆိုသည်မှာ ထပ်ကာတစ်လဲလဲလုပ်ခြင်း repetition သာဖြစ်သည်ဟုသိလာမည်ဖြစ်သည်။

အလွတ်တည်ကန်ဘော အလွန်ကောင်းသည့် အင်္ဂလန်မှဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ဟမ်း သည် ဘောလုံးစ ကစားချိန်မှအနားယူချိန်အထိ ၄င်းကိုအချိန်ရတိုင်း လေ့ကျင့်ခဲ့သည်ဟုဆိုသည်။ ထို့အတူ ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးဘုရင်အဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သူ တိုက်ဂါးဝုဒ် သည်လည်း အခြေခံဂေါက်သီးသမားတိုင်းလုပ်နိုင်သည့် drive ကို ယနေ့အထိ လေ့ကျင့်နေဆဲ ဟုဆိုပါသည်။

အင်္ဂလိပ်စာသင်သားများမကြာခဏကြားလေ့ရှိသည့်အဆိုအမိန့်တစ်ခုရှိသည်။ “Practice makes perfect” ဖြစ်သည်။ ပညာရှိတစ်ချို့က ၄င်းကို “Perfect practice makes perfect” ဟုထပ်ဖြည့်ကြသည်။ လေ့ကျင့်သည်ဆိုရာတွင်လည်း နည်းလမ်းတစ်ကျမဟုတ်ပါက အချည်းအနှီးဖြစ်တတ်သည်။ ထို့ကြောင့် လှေကားသုံးထစ်ကျော်နိုင်ရန် တိကျပြတ်သားသည့် ပန်းတိုင်တစ်ခုထားရမည်။ စံနစ်တစ်ခုတော့ဖြင့်လိုသည်။ ရည်မှန်းချက်တစ်ခုတော့လိုသည်။ ရည်မှန်းချက်ချမှတ်ရာတွင်လည်း ရေရှည်ပန်းတိုင်long-term objective နှင့် ရေတိုပန်းတိုင် short-term objective တို့ကိုခွဲခြားထားသင့်သည်။

SMART System
စီမံခန့်ခွဲမှုဂုရုကြီး Peter Drucker ကအစပြုထင်ရှားလာခဲ့သည့် MBO ခေါ် management by objective ဟုခေါ်သည့် စီမံခန့်ခွဲမှုပုံစံတစ်မျိုးသည် စီမံခန့်ခွဲရေးလောကတွင်သိထားကြသည်မှာ နှစ်ပေါင်း ၅၀ နီးပါးမျှရှိပြီဖြစ်သည်။ အင်္ဂလိပ်စာလေ့လာသူများ၊ ပညာရပ်တစ်ခုခုကိုလေ့လာသူများ အတွက်မူ ၄င်းသည် မှီငြမ်းအသုံးချနိုင်စရာနည်းစံနစ်တစ်ခုဖြစ်ပါသည်။ ၄င်းကိုအနှစ်ချုပ်လိုက်လျှင် SMART ဟုခေါ်သည့်စံနစ်တစ်ခုရမည်ဖြစ်သည်။

မိမိ၏ပန်းတိုင်သည်

Specific  သတ်သတ်မှတ်မှတ်ရှိရမည်။
(ဝေါဟာရပိုင်းလား၊ သဒ္ဒါပိုင်းလား၊ စွမ်းရည်လေးမျိုးလား၊ မည်သည့် level အထိတိုးတက်စေမည်)

Measurable တိုင်းတာနိုင်ရမည်။
(မိမိတိုးတက်လာမှုကို တိုင်းတာရန်စံနှုန်းတစ်ခုဖြင့်တိုင်းတာ နိုင်ရမည်။ ဥပမာ achievement test, proficiency test တစ်ခုခုနှင့်စစ်ကြည့်၍ထွက်လာသည့် ရလဒ်သိနိုင်ရမည်။ )

Achievable ရယူဖို့ဖြစ်နိုင်ရမည်။
(မိမိလက်ရှိအဆင့်နှင့် ပန်းတိုင်မှာ အဓိပ္ပါယ်ရှိသည့်သတ်မှတ်ချက်ဖြစ်သင့်သည်။ အခြေခံအဆင့် စာသင်သားက “သုံးလအတွင်း Times မဂ္ဂဇင်းဖတ်နိုင်ရမည်” ဆိုသည်မှာ achievable ရယူဖို့ဖြစ်နိုင်ခြေမရှိသည့် ပန်းတိုင်ဖြစ်သည်။)

Relevant  ဆီလျှော်မှုရှိရမည်။
(နိုင်ငံခြားတွင်ပညာသင်သွားမည့်သူက Academic English နှင့်ဆိုင်သည်ကို ဦးစားပေးလေ့လာ သင့်ပြီး အလုပ်သွားလုပ်မည့်သူက English for Professional Purpose  သို့မဟုတ် English for Occupational Purpose  တို့ကို focus ထားလေ့ကျင့်ရမည်ဖြစ်သည်။ သို့မဟုတ်ဘဲအဆီအငေါ်မတည့်ပါက အချိန်ဖြုန်းသလိုပင်ဖြစ်မည်။)

Time-based(Time-bound) အချိန်ကန့်သတ်ချက်ရှိရမည်။
(မိမိပန်းတိုင်မှာ ၃-၄ လ ရေတိုပန်းတိုင်ဖြစ်နိုင်သလို နှစ်ချီကြာသည့် ရေရှည်ပန်းတိုင်လည်းဖြစ်နိုင် သည်။ သို့ရာတွင် “မည်သည့်ကာလတွင် မည်သည့်အရာ လုပ်နိုင်ရမည်” ဆိုသည့် ကန့်သတ်ချက်မရှိ မဖြစ် ပါရမည်။

မိတ်ဆွေ၏အင်္ဂလိပ်စာတိုးတက်ရေးပန်းတိုင်တစ်ခု အခုပဲ SMART system သုံးပြီးချမှတ်လုပ်ဆောင်ကြည့်ပါ။

သိခြင်းသည် တတ်ခြင်းမဟုတ်ကြောင်း၊ တတ်ခြင်းသည် ကျွမ်းခြင်းမဟုတ်ကြောင်း နားလည်လာသည့်တစ်နေ့  professional လမ်းကြောင်းပေါ်သို့ ရောက်လာလိမ့်မည်ဖြစ်ကြောင်း သတိပေးတင်ပြလိုက်ပါသည်။


ဇာနည်(MyWay)
Broken English to Spoken English
09 448 033 674

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်