မွေးစားအမေ ဒေါ်သိန်းကြည်



          ကျွန်တော်က မွေးစားအမေလို့သာ ပြောလိုက်ရ၊ ကင်ပွန်းတပ်လိုက်ရသည်။ တကယ်တော့ ကျွန်တော်အသက်(၂၀)ဝန်းကျင်အထိ ကျွန်တော်၏အမေအရင်းအဖြစ် သိထားရသူသာ ဖြစ်ပါသည်။ ထိုအချိန်ထိ အမေဒေါ်သိန်းကြည်သည် အမေအရင်းအဖြစ်ပင် ခံယူထားပါသည်။ ကျွန်တော်၏ မှတ်ပုံတင်၊ စစ်သားမှတ်တမ်း အားလုံးတွင် အဖေသည် ဦးစန်းမြင့်၊ အမေသည် ဒေါ်သိန်းကြည်ဟုပင် ပါရှိပါသည်။ တကယ်တော့ သူတို့သည် အဖေရင်း၊ အမေရင်း မဟုတ်ပါ။ မွေးစားအဖေနှင့် အမေသာ ဖြစ်ပါသည်။

          ကျွန်တော့်မွေးစားအမေက ကရင်မကြီးဖြစ်သည်။ အမေက တော်တော်လေး နှုတ်ဆိတ်သည်။ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ထဲက ယိုးဒယားဒက်ဆိုသည့် ရွာဇာတိဖြစ်သည်လောက်သာ သိရသည်။ ထို့ကြောင့် ကျွန်တော်တို့အမေနှင့် ပတ်သက်ပြီး အများကြီးတော့ မသိရပါ။ သူ့ဘဝ၊ သူ့ဇာတ်ကြောင်း မည်သူ့မျှ မပြောစဖူး။ သူ့အကြောင်းကို သူပြောပြသည်ထက် သူများပြောပြသည်များကိုသာ ဆက်စပ်ယူ ရခြင်း ဖြစ်သည်။ အမေက ငယ်ငယ်က တော်တော်လေး ချောသည်ဟု ဆိုသည်။ အရပ်အမောင်းကလည်း ရှိ၊ ပြုပြုပြင်ပြင်လည်းရှိ၍ ခေတ်သဘောအရ စန်းပွင့်သည်ဟု ဆိုပါသည်။ အတန်းပညာအရ လေးတန်းလောက်သာ တတ်သော်လည်း အင်္ဂလိပ်စကားကို ကောင်းစွာပြောဆိုနိုင်သဖြင့် လူရာဝင်သည်။ မျက်နှာပွင့်သည်။ ကန်ကြီးထောင့်မှ ရန်ကုန်တက်လာပြီး အလုပ်အကိုင်ရှာသည်။ အလုပ်အကိုင်ရှားပါး သဖြင့် တော်တော်လေးဆင်းဆင်းရဲရဲဖြင့် ဘဝကိုရုန်းကန်ခဲ့ရသည်ဟု ဆိုသည်။ ရန်ကုန်နေစဉ်မှာပင် ကံကောင်းထောက်မစွာဖြင့် ရှမ်းပြည်မြောက်ပိုင်း သီပေါမှ မိုင်းတွင်းသူဌေး၏ စကားပြန်အလုပ်ရခဲ့သည်ဟု ဆိုသည်။ မိုင်းသူဌေးရန်ကုန်ဆင်းလာတိုင်း သူက စကားပြန်လုပ်ပေးရပြီး နောက်တော့ အမေ့ကို သဘောကျကာ လက်ထပ်ခွင့်တောင်းသည်။ အမေကလည်း လက်ခံ၍ နှစ်ဦးသဘောတူလက်ထပ်ပြီး ရှမ်းပြည်မြောက်ပိုင်းကို လိုက်သွားခဲ့သည်။

          ကျွန်တော်တို့သိသမျှ အမေ့အကြောင်းက ဒါအကုန်ပဲဖြစ်သည်။ သူ့ပထမယောက်ျားကို မိုင်းသူဌေး ဟုလည်း ပြောကြသည်။ ကျောက်သူဌေးဟုလည်း ဆိုကြသည်။ အချို့က စော်ဘွားသားဟုပင် သာသာထိုးထိုးပြောကြသည်။ သို့သော် ကျွန်တော်စောစောကပြောသလို မိုင်းသူဌေးဖြစ်နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အမေသည် ခဲအကြောင်း နားလည်သောကြောင့်ဖြစ်သည်။ ကျွန်တော်တို့ ငယ်ငယ်က အမေနှင့်အဖေမှာ ကြည့်မြင်တိုင်ရှိ နယူးဘားမားပုံနှိပ်စက်တွင် အလုပ်လုပ်ကြသည်။ နယူးဘားမားတွင် ခဲစာလုံးစက် ပါရှိသဖြင့် ခဲစာလုံးများကိုထုတ်ရာ စက်မှထွက်လာသော ခဲစာလုံးများတွင် အနားစများ အပိုပါလာတတ်သည်။ အဖေနှင့်အမေမှာ ထိုခဲစာလုံးများကို ညီညာအောင် တံစဉ်းဖြင့် တိုက်စားပြီး သွေးရသည့်အလုပ်ကိုလုပ်ကြရသဖြင့် ခဲဆိပ်အန္တရာယ်ရှိသည်။ ကျွန်တော်တို့ အလုပ်ထဲ လိုက်သွားလျှင် ခဲများကို မကိုင်ရပါ။ ဝေးဝေးမှာ နေကြရသည်။ ခဲဆိပ်သင့်မှာ စိုးသောကြောင့် ဖြစ်သည်။

          ကျွန်တော်တို့သိတတ်သည်မှစ၍ အမေ့အကြောင်း အတိုချုပ်ပြောရလျှင် အမေက စည်းကမ်းကြီး သည်။ သူ့စည်းကမ်းထဲတွင် မဖြစ်မနေလိုက်နာရသည်မှာ ညအိပ်ချိန်ဖြစ်သည်။ ကျွန်တော်တို့ရပ်ကွက်မှာ ကလေးတွေက ညကိုးနာရီလောက်အထိ အပြင်မှာဆော့ကောင်းတုန်း၊ ကျွန်တော်က ညရှစ်နာရီထိုးလျှင် အိမ်ထဲရောက်ရပြီဖြစ်သည်။ ရေဒီယိုမှ ရှစ်နာရီတီးလုံးမောင်းသံကြားမှ အိမ်ထဲဝင်လျှင် တုတ်တစ်ချောင်းက အဆင်သင့်စောင့်နေပြီးသားဖြစ်သည်။

          ရပ်ကွက်က အမေ့ကို ချစ်လည်းချစ်ကြသလို၊ ကြောက်လည်း ကြောက်ကြသည်။ ငယ်စဉ်က အတော်လေး ဆင်းရဲသဖြင့် အလုပ်စုံလုပ်ခဲ့ဖူးသည်။ သူနာပြုလည်း လုပ်ခဲ့ဖူးသည်။ တယ်လီဖုန်း အော်ပရေတာလည်း လုပ်ခဲ့ဖူးသည်။ မေတ္တာစိတ်ကတော့ ကျွန်တော့်အပေါ်မှသာမဟုတ် လူတိုင်းအပေါ်မှာ ကြီးသည်။ အရပ်ထဲမှာ ကေးကအစ လူကြီးအဆုံး တစ်ယောက်ယောက်များ နေထိုင်မကောင်းလျှင် သူက ရှေးဦးသူနာပြုသည်။ လူတွေအပေါ်တင်မဟုတ်၊ တိရစ္ဆာန်များပေါ်တွင်လည်း ကြင်နာသည်။ ကျွန်တော်တို့ အရပ်ထဲရှိ ခွေးများကို နေ့စဉ် ထမင်းနှင့်ဟင်း နယ်ဖတ်ကျွေးသည်။ နယ်ဖတ်ရုံမဟုတ်၊ အပေါ့အငန်ပါ သူ့ပါးစပ်ထဲထည့်ပြီး မြည်းလိုက်သေးသည်။ ထမင်းဟင်းတွေက လမ်းထဲရှိ အိမ်တွေမှ အကြွင်းအကျန်များ ဖြစ်သည်။

          အမေက ကျွန်တော့်ကို မွေးစားဖြစ်သောအကြောင်းက စတော့မှ ကျွန်တော်တို့ အမေ့အကြောင်းကို ရေးရေးလေး သိခွင့်ရှိလာသည်။ အမေက ကျွန်တော်တို့ကို မွေးစားဖြစ်မည့်အချိန်တွင် တောင်ကြီးရှိ စပ်စံထွန်းဆေးရုံသို့ လာတက်သည်။ သူ့အနေဖြင့် သားအိမ်မကောင်း၍ ကျန်းမာရေးအတွက် သားအိမ် ထုတ်ရန် လာခြင်းဖြစ်သည်။  ထိုအချိန်တွင် ကျွန်တော်တို့ ညီအစ်ကိုကို မွေးထုတ်မည့် အမေဒေါ်မြသီ ကလည်း ဆေးရုံပေါ်တွင် ကလေးမွေးရန် ရောက်နေသည်။ ထိုနည်းတူ ကိုတင်ထွန်းကို မွေးစားမည့် အမျိုးသမီးကြီးကလည်း နေ့စေ့လစေ့ဖြင့် သားဦးကလေးမွေးရန် ဆေးရုံပေါ်ရောက်နေသည်။ သူတို့ သုံးယောက်မှာ တစ်ဆောင်တည်း၊ ပြီးတော့ ခုတင်ချင်း ကပ်လျက်၊ သုံးခုတင်ဆက်တိုက် ဖြစ်သည်။

          ဤတွင် အမေဒေါ်မြသီအကြောင်း အနည်းငယ်ပြောရန် လိုပါလိမ့်မည်။

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

(၃၀.၁၀.၂၀၁၇ နံနက် ၉း၂၃ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 5 - Polite Explanation and Apology)