အမေ ဒေါ်မြသီ(၁)
အမေ ဒေါ်မြသီ(၁)
အမေဒေါ်မြသီကတော့ အမေဒေါ်သိန်းကြည်နှင့် မတူပါ။ အမေနှစ်ယောက်စလုံး ထက်သည်မှာ မှန်သော်လည်း အမေဒေါ်မြသီက ခေတ်ပညာတတ်သည်။ နိုင်ငံရေးအမြင်ရှိသည်။ နိုင်ငံရေးလည်းလုပ် သည်။ ကျွန်တော်တို့ကို မွေးစားရန်ပေးလိုက်ခြင်းကိုက နိုင်ငံရေးကြောင့်လည်း ပါသည်။ ကျွန်တော့်အဖေ နှင့် အမေအရင်းသည် နိုင်ငံရေးလုပ်သည်။ နိုင်ငံလွတ်လပ်ရေးအတွက်လည်း ရှမ်းပြည်တောင်ပိုင်းမှ ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သလို နိုင်ငံလွတ်လပ်ရေး ရပြီးသော အခါတွင်လည်း ရှမ်းပြည်နယ် ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေးတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ပါဝင်ခဲ့သူများဖြစ်သည်။
လွတ်လပ်ရေး မရခင်ကတည်းက ခေတ်မီတိုးတက်သော
အမြင်ရှိသည့် ရှမ်းတိုင်းရင်းသားလူငယ် များ အပါအဝင် ပအိုဝ်း၊ အင်းတိုင်းရင်းသား လူငယ်များသည်
ပဒေသရာဇ်စနစ် ချုပ်ငြိမ်းရေးအတွက် တိုးတိုးတိတ်တိတ် လှုပ်ရှားခဲ့ကြသည်။ အဖေဦးချမ်းသာက
အင်းသား၊ လွိုင်လင်ဇာတိဖြစ်ပြီး ဆွေမျိုးသားချင်းအားလုံးက အင်းထဲမှာပဲ ရှိသည်။ အမေက
ကယား၊ ရှမ်းကယားအနွယ် လွိုင်ကော်သူ ဖြစ်သည်။ အဖေ့ဘက်တွင် ညီအစ်ကို မောင်နှမ ခုနစ်ယောက်ရှိပြီး
အမေ့ဘက်က လေးယောက်ရှိသည်။
အမေဒေါ်မြသီက မုဆိုးမတစ်ဦးဖြစ်သည်။ အဖေနှင့်တွေ့သည့်အချိန်တွင်
ပထမအိမ်ထောင်နှင့် ရသော ကလေးသုံးယောက်ကျန်ခဲ့သည်။ တာဝန်ကျရာ တောင်ကြီးတွင် နေရစဉ် ကလေးများကို
အမျိုးများ ရှိရာ လွိုင်ကော်သို့ ပို့ထားသည့်အချိန်ဖြစ်သည်။ ထိုအချိန်တွင် အဖေနှင့်အမေတို့
နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်အဖြစ် လက်တွဲရင်း ပေါင်းမိကြခြင်းဖြစ်သည်။ အဖေ့ဘက်မှ အမျိုးများက
အမေနှင့် ထက်ထပ်သည်ကို လုံးဝ သဘောမတူခဲ့ကြ။
အဖေရော အမေပါ နိုင်ငံရေးလုပ်သော်လည်း အမေက
မြေပေါ်နိုင်ငံရေးသမားဖြစ်ပြီး အဖေ ကတော့ ပဒေသရာဇ် ရှမ်းစော်ဘွားများရန်မှ ရှောင်တိမ်းနိုင်အောင်
မြေအောက်တော်လှန်ရေး လုပ်သည်။ အဖေနှင့်အမေ လက်ထပ်ပြီး သိပ်မကြာခင်မှာပင် တိုင်းရေးပြည်ရေးမှာ
အနည်းငယ်ရှုပ်ထွေးလာသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံအခြေအနေသည် အချင်းချင်းမညီညွတ်မှုများ၊
မပြေလည်မှုများဖြင့် စခဲ့သည်။ ကွန်မြူနစ်များက လွတ်လပ်ရေးမရခင်ကတည်းကပင် တောခိုသွားခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် အားလုံးတက်ညီလက်ညီဖြင့် အတူတကွတော်လှန်ခဲ့ကြသော လူငယ်
နိုင်ငံရေးသမားများအားလုံး ညီညွတ်မှု ပြိုကွဲခဲ့ရသည်။ သူတို့၏ ပဒေသရာဇ်တော်လှန်ရေးမှာ
အချိန်တော်တော်လေး စောနေသေး သည်။ ထို့ကြောင့် ကျွန်တော့်အဖေ ဦးချမ်းသာမှာလည်း ရှမ်းစော်ဘွားများ၏
အသက်အန္တရာယ်ပေးမှုကို ရှောင်တိမ်းနေရသည်။
အမှန်မှာတော့ အဖေတို့နှစ်ယောက်မှာ အိမ်ထောင်သာ
ကျသွားသည်။ သတ်သတ်မှတ်မှတ် လင်ရယ် မယားရယ်ဟူ၍ အေးအေးချမ်းချမ်းနေရသည်ဟု မရှိခဲ့ပါ။
အမေက ထိုအချိန်မှာ တောင်ကြီးမှာပဲ ကျောင်းဆရာမအဖြစ် တာဝန်ကျနေသည်။ အဖေကတော့ တော်လှန်ရေးကိစ္စတွေနှင့်
ဟိုသွားလိုက်၊ ဒီသွားလိုက်နှင့် ရှိနေသည်။
အမေနှင့်အဖေ အိမ်ထောင်ကျအပြီး တစ်နှစ်အကြာမှာပင် ကျွန်တော်တို့ညီအစ်ကိုကို တောင်ကြီး စဝ်စံထွန်းဆေးရုံတွင် မွေးသည်။ ထိုစဉ်က စဝ်စံထွန်းဆေးရုံဟု မခေါ်သေး။ တောင်ကြီးဆေးရုံဟုသာ ခေါ်သေးသည်။ အမေက ကျွန်တော်တို့ကို မွေးဖွားရန် ဆေးရုံပေါ်ရောက်နေချိန်တွင် အဖေက ပွန်းချောင်း မှာ စော်ဘွားလက်ပါးစေတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့သည်။ မွေးခါနီးဆဲဆဲ အမေ့ထံ သတင်းရောက်ခဲ့ သော်လည်း အမေက အပြုံးမပျက် ကျွန်တော်တို့နှစ်ယောက်ကို မွေးထုတ်ပေးခဲ့သည်။ ကျွန်တော့် ခြေသလုံးတွင် စာနီအမှတ်အသားကလေး ပါသဖြင့် အကြီးဟု မှတ်သားခဲ့သည်။ အသည်းမာသော အမေ့အနေဖြင့် သားနှစ်ယောက်ကို (၁၅)မိနစ်ခြား မွေးထုတ်ပေးခဲ့သလို အမေ့ထံပါးမှ အဝေးသွားစေရန် အကြောင်းတွေ ပေါ်လာသည်။
ပထမအကြောင်းမှာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်၏
အသက်ရှင်ရပ်တည်ရေးနှင့် ဆိုင်သည်။ ကျွန်တော်တို့၏အဖေ ဦးချမ်းသာတစ်ယောက် စော်ဘွားလက်ပါးစေများ၏
လက်ချက်ဖြင့် သေဆုံးပြီး နောက်ပိုင်း ကျူပင်ခုတ် ကျူငုတ်မကျန်စေရဆိုသည့်အတိုင်း သူ၏သွေးဖြစ်သော
ကျွန်တော်တို့ကို တစ်ပါတည်း လက်စတုံးလိုက်မှာကို စိုးရိမ်နေရသည်။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ
အမေ့ခမျာ ထိုကိစ္စကို တွေးပူနေရသည်။ နောက်တစ်ချက်မှာ အမေ၏ စီးပွားရေးအခြေအနေဖြစ်သည်။
အမေသည် သာမန် မူလတန်းပြ ကျောင်းဆရာမတစ်ယောက်သာဖြစ်သည်။ ရှေ့မှာ ကလေးသုံးယောက်ကလည်း
ရှိသေးသည်။ အမေ့ဝင်ငွေနှင့် ကလေးငါးယောက်ကို ကောင်းစွာကျွေးမွေးနိုင်ပါမည်လား၊ သို့တည်းမဟုတ်
ပြင်းပြင်းထန်ထန် ရုန်းကန်နေရမည်လား၊ အခက်အခဲများစွာ တွေ့နိုင်သည်။
ထို့ထက်အရေးကြီးသည်မှာ ဒေါ်မြသီအနေဖြင့် နိုင်ငံရေးဇရှိသူဖြစ်သဖြင့်
နိုင်ငံရေးကို ဆက်လုပ်ရာ တွင် ကလေးနှစ်ယောက်ကြောင့် ရှေ့မတိုးနိုင်သည့် အခြေအနေများကို
ရင်ဆိုင်နိုင်ပါ့မလား ဆိုသော တွေးစရာအကြောင်းများက ရှိသေးသည်။ နောက်တစ်ကြောင်းကလည်း
အမေနှင့် ယူသည်ကို သဘောမတူ ကြသော အဖေ့ဘက်က အမျိုးများထံမှ အကူအညီမတောင်းလိုသော အမေ၏
မာနစိတ်ကလည်း ရှိနေဟန် တူသည်။
ထိုအခြေအနေများအပြင် ဆေးရုံပေါ်မှာ ကံဆုံစွာ
ဖြစ်ပျက်နေသော အဖြစ်အပျက်နှစ်ခုကလည်း ဒေါ်မြသီအတွက် စဉ်းစားစရာ ဖြစ်နေသည်။ ပထမအဖြစ်အပျက်မှာ
ကိုတင်ထွန်း၏ မွေးစားမိဘများ ဖြစ်လာမည့် ဦးမြထွန်းနှင့် ဒေါ်တင်အေးတို့တွင် ပြဿနာတစ်ခုဖြစ်သွားသည်။
ကလေးမီးဖွားရန်လာသော ဒေါ်တင်အေးက ကလေးတော့ မွေးလိုက်ပါသည်။ ကံမကောင်း အကြောင်းမလှ၍ ထိုကလေးမှာ
အသက်ပါမလာခဲ့ပါ။ သူတို့နှစ်ယောက်မှာ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း ယခုမှ သားဦးကိုယ်ဝန်ရသည်။
ရသည့်ကိုယ်ဝန်က အဖတ်မတင်တော့ တော်တော်လေး စိတ်ဓာတ်ကျသွားကြ သည်။ ငိုကြီးချက်မ ဖြစ်နေကြသည်။
ထိုအချိန်တွင် ကုတင်နီးချင်း ဒေါ်မြသီ၏ ကလေးနှစ်ယောက်ကို အခြေအနေအရ စွန့်ခွာရန် ဖြစ်လာသောအခါ
သူတို့လင်မယားနှစ်ယောက်က မျှော်လင့်တကြီးဖြစ်လာ သည်။ အကယ်၍ သူတို့သာ မွေးစားခွင့်ရမည်ဆိုလျှင်
သားအရင်းတစ်ယောက်လို ပြုစုပျိုးထောင်ပေးမည် ဆိုပြီး ခွင့်ပြုဖို့ တောင်းခံသည်။
တစ်ဆက်တည်းမှာပင် အမေဒေါ်သိန်းကြည်ကလည်း ကျွန်တော်တို့
ညီအစ်ကိုနှစ်ယောက်ကို စိတ်ဝင်စားလာပြန်သည်။ သူကတော့ ကလေးမရနိုင်တော့သော ရောဂါကြောင့်
သားအိမ်ထုတ်လိုက်ရ သည်။ သူ့တစ်သက် ဘယ်တော့မှ ကလေးမရနိုင်တော့။ မိန်းမသားတစ်ယောက်အနေဖြင့်
ထိုသို့သော အခြေအနေမျိုးတွင် ကြံ့ကြံ့ခံနိုင်ရေးမှာလည်း တော်တော်ခက်သည်။ စိတ်ဓာတ်ခုင်မာဖို့လိုသည်။
အမေ ဒေါ်သိန်းကြည်အနေဖြင့် သူ့ဘဝတစ်လျှောက် ကလေးဘယ်လိုမှ မရနိုင်သည်ကို သားအိမ်ထုတ်လိုက်ရ
ကတည်းက လက်ခံထားပြီးဖြစ်သည်။ သို့သော် သည်လိုအချိန်မျိုးတွင် ကျွန်တော်တို့ ညီအစ်ကို
နှစ်ယောက်၏ ကံကြမ္မာကြောင့် သူလည်း သားသည်မအေ ဖြစ်ခွင့်ရှိလာရန် အခွင့်အရေးများ ရှိလာသည်။
သဘာဝတရားကြီးအရဖြစ်တည်နေသော မိန်းမဗီဇပေါ်လာသည်။ သူလည်း သားတစ်ယောက် မွေးချင် သည်၊ ပိုင်ဆိုင်ချင်လာသည်။
ထို့ကြောင့် သူကလည်း သားတစ်ယောက်မွေးစားပါရစေဟု တောင်းဆိုလာ သည်။
ဆေးရုံအုပ်ကြီးကလည်း တော်တော်လေးတိုက်တွန်းသည်။
" ဒေါ်မြသီ၊ အားလုံးအတွက် အဆင်ပြေသွားမယ်၊
ခင်ဗျား အများကြီး စဉ်းစားမနေနဲ့တော့၊ မျိုးရိုးလည်း ပြတ်မှာ မပူရတော့ဘူ၊ လူကောင်းသူကောင်းတွေနဲ့
တွေ့တာပဲ "
လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၁.၁၁.၂၀၁၇ နံနက် ၁၁း၅၇ မိနစ်) Zawgyi One
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
(၁.၁၁.၂၀၁၇ နံနက် ၁၁း၅၇ မိနစ်)
Comments
Post a Comment