အမေ ဒေါ်မြသီ(၂)
အမေဒေါ်မြသီ
(၂)
ဆေးရုံအုပ်ကြီးကလည်း တော်တော်လေး တိုက်တွန်းသည်။
“ ဒေါ်မြသီ၊ အားလုံးအတွက် အဆင်ပြေသွားမယ်၊
ခင်ဗျား အများကြီး စဉ်းစားမနေနဲ့တော့၊ မျိုးရိုးလည်း ပြတ်မှာ မပူရတော့ဘူး၊ လူကောင်း
သူကောင်းတွေနဲ့ တွေ့တာပဲ ”
တကယ်တော့ ထိုအခြေအနေသည် အားလုံးအတွက် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သာ တိုက်ဆိုင်မှုမရှိခဲ့ပါက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်၏ ကံကြမ္မာ ဘယ်သို့ရှိမည်ကို ဘယ်သူမှ ပြောနိုင်မည်မထင်။ အမေဒေါ်မြသီက စိတ်ဓာတ်ခိုင်မာသည်၊ ပြီးတော့ အသည်းမာသည်၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ပေးရန် အတော်လေး စဉ်းစားသည်။ ကိုးရက်ခန့် အကြိမ်ကြိမ်စဉ်းစား ပြီးမှ နှုတ်ကတိဖြင့် မွေးစားခွင့်ပြုလိုက်သည်။
“ သေသေချာချာ မွေးပေးပါ၊ ပညာတတ်အောင် သင်ပေးပါ၊
လူလားမြောက်အောင် တာဝန်ယူပေးပါ ”
စသည်ဖြင့်
အထပ်ထပ် ကတိတောင်းပြီးမှ မွေးစားခွင့် ပေးလိုက်သည်။
အမေဒေါ်သိန်းကြည်ကျတော့ ပို၍ပင် အကဲဆတ်သည်။
ကလေးလုံးဝမရနိုင်သည့် သူ့အတွက် ကျွန်တော်သည် ရတနာတစ်ပါးဖြစ်သွားသည်။ အမေဒေါ်မြသီတောင်းသော
ကတိများကို ပေးသည့်အပြင် “ သားဖြစ်သူကို တစ်သက်လုံးလာမတွေ့ရန်နှင့် ဘယ်တော့မှ မဆက်သွယ်ရန်
” ကိုပါ ကတိတောင်းလိုက်သည်။ အမေဒေါ်သိန်းကြည်က ကျွန်တော့်ကို သူမွေးထုတ်လိုက်ရသော သားအရင်းတစ်ယောက်ကဲ့သို့
လုံးဝ သဘောထားလိုက်သောကြောင့် ဖြစ်မည်ထင်သည်။ သူကျွန်တော့်ကို မွေးစားလိုက်ခြင်းအတွက်
အများကြီး ပေးဆပ်လိုက်ရတာတွေ ရှိသေးသည်။ မိုင်းသူဌေး သူ့ယောက်ျားနှင့် လင်ခန်း မယားခန်း
လုံးဝပြတ်သွားခဲ့ သည်။ မိုင်းသူဌေးက ကျွန်တော့်အား မွေးစားမှာကို လုံးဝ သဘောမတူ။ ကလေးပါလျှင်
မလာနှင့်တော့ဟု ရာဇသံပေးသည်။ အမေဒေါ်သိန်းကြည်ကလည်း ပြတ်ပြတ်သားသားပင်
“ နင်နဲ့ပြတ်ချင် ပြတ်၊ ကလေးကိုတော့ မခွဲနိုင်ဘူး
” ဆိုသောအခါ
“ အေး၊ အဲဒါဆို ငါ့မျက်စိအောက် မနေနဲ့တော့၊
တွေ့လို့ကတော့ နင်တို့ကို သတ်ပစ်မယ် ”
ဟု
ကြိမ်းသည်ဆိုသည်။ ဘာပဲပြောပြော အမေဒေါ်သိန်းကြည်ကတော့ ပြတ်ပြတ်သားသားပင် ကျွန်တော့ကို
မွေးစားကာ ရှမ်းပြည်ဘက်သို့ ခြေဦးပြန်မလှည့်တော့။
ကျွန်တော်တို့နှစ်ယောက်အတွက် မိခင်သုံးဦးဖြေရှင်းပုံသည်
အလွန်သေသပ်ပိရိသည်။ တစ်ယောက် က ဆေးရုံလာတက်ပြီး ကလေးမွေးသည်။ သားယောက်ျားလေးမွေးပြီး
ဆေးရုံပေါ်မှ ဆင်းသွားသည်။ ကျန်တစ်ယောက်ကလည်း ကလေးတစ်ယောက်ဖြင့် ဆေးရုံကဆင်းသွားသည်။
ထိုသို့ဖြင် ကိုတင်ထွန်းမှာ တောင်ကြီးမြို့ပေါ်က သနပ်ဖက်ကုန်သည်လင်မယား၏ သားဖြစ်သွားပြီး
ကျွန်တော်က အမေဒေါ်သိန်းကြည် ၏သား ဖြစ်လာခဲ့သည်။ အငယ်ဖြစ်သူ ကိုတင်ထွန်းမှာ တောင်ကြီးတွင်
ကြီးပြင်းရပြီး ကျွန်တော့်မှာတော့ မြန်မာပြည် တစ်နံတစ်လျား ပြေးပြေးလွှားလွှားဖြင့်
ကြီးပြင်းရသည်။ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းထဲတွင် ဟိုနေရာ သည်နေရာ လျှောက်ပြောင်းနေရသကဲ့သို့
ရန်ကုန်မြို့တွင်လည်း လမ်း ၅၀၊ ကြည့်မြင်တိုင်၊ ပုဇွန်တောင် စသည်ဖြင့် လျှောက်ပြောင်းနေခဲ့ရသည်။
အဖေမှဆက်နွယ်လာသော ရန်ဆူးရန်ငြှောင့်များကို ကြောက်၍လား၊ သူ့ခင်ပွန်းဟောင်း မိုင်းသူဌေးရန်ကို
ကြောက်၍လား၊ အမေဒေါ်မြသီက ပြန်လာခေါ်မှာကို ကြောက်၍လားမသိ။ တစ်ခုခုတော့ ဖြစ်ပါလိမ့်မည်။
ဘာ့ကြောင့်ပဲဖြစ်ဖြစ် ခြေရာဖျောက်ခြင်းတစ်မျိုးတော့ ဖြစ်မည်ထင်ပါသည်။
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
(၂၇.၈.၂၀၂၁ နံနက် ၁၀ နာရီ ၄၅ မိနစ်)
Comments
Post a Comment