အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)
အမေဒေါ်သိန်းကြည်၏ ချစ်ပုံ(၁)
အမေဒေါ်သိန်းကြည်က ကျွန်တော့်ကို တော်တော်လေးချစ်သည်ဆိုသည်မှာ ပြောစရာပင်မလိုဟု ထင်ပါသည်။ မိုင်းသူဌေးကတော်ဘဝက သွားလေရာ ရာတန်အထပ်လိုက်၊ အုပ်လိုက်သုံးစွဲနိုင်ခဲ့သော အမေဒေါ်သိန်းကြည်မှာ ကျွန်တော့်ကိုမွေးစားပြီးမှ ဘဝကို တော်တော်လေးချို့ချို့ငဲ့ငဲ့ ရုန်းကန်ခဲ့ရသည်။ ထိုမျှလောက် ကျွန်တော့်အပေါ် အချစ်ကြီးသည်။ ကျွန်တော့်ကို ဆုံးမရာတွင် အကျိုးသင့် အကြောင်းသင့် ပြောပြပြီး ဆုံးမတတ်သလို တစ်ခါတစ်ရံကျတော့လည်း တော်တော်လေးပြင်းထန်သည်။ များသောအားဖြင့် အမေ၏ဆုံးမမှုမှာ နည်းနည်းလေးတော့ကြမ်းသည်။ ထိုသို့ပြင်းပြင်းထန်ထန် ဆုံးမခံလိုက်ရတိုင်း မကြာခဏဆိုသလို “ ငါ့အမေအရင်းမှ ဟုတ်ရဲ့လား ”ဟု တွေးမိသည်အထိ ဖြစ်ခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ တစ်ခါတလေ အမေ့ကိုပြောဖြစ်သည်။
“ ကျွန်တော်က အမေ့သားအရင်း မဟုတ်လို့ ကျွန်တော့်ကို ဒီလောက်နှိပ်စက်နေရတာလား ” ဟု။
အမေက ထိုအခါမျိုးဆိုလျှင် မထီတထီ ပုံစံမျိုးဖြင့်
“ ငါ့သားသာ မဟုတ်ရင်တော့ မင်းဘာဖြစ်ဖြစ် ပစ်ထားလိုက်မှာပဲ ”
ဟု ဆိုတတ်သည်။
တစ်ခါက အရပ်ထဲ ငှက်လိုက်ပစ်တာ မိသား၍ ကျွန်တော့ကို အပြစ်ပေးပုံမှာ ပညာသားပါပါနှင့် တော်တော်လေးရက်စက်သည်။ လှိုင်မြစ်ကမ်းသွားပြီး ကျောက်စရစ်ခဲများကို ရေပုံးအကြီးတစ်ပုံးနှင့် သွားကောက်ရသည်။ ပြီးတော့မှ ငှက်ပစ်သော လောက်လေးခွကိုပေးပြီး ကောက်ထားသော ကျောက်စရစ်ခဲ များဖြင့် နေလုံးကြီးကိုမော့ကြည့်၍ တစ်နေကုန်ပစ်ရသည်။ နေလုံးကြီးကိုကြည့်၍ သူ့ဆီရောက်အောင် ချိန်ပစ်ခိုင်းသည်။ တစ်ခါကလည်း ချောင်းထဲမြောင်းထဲ ငါးလျှောက်ဖမ်းနေ၍ အိမ်ရှေ့တွင် ထမီဝတ်ကာ တစ်နေကုန် ဒူးထောက်နေရသည့် အပြစ်လည်း ပေးဖူးသည်။
ကျွန်တော်တို့နေသည်က ကြည့်မြင်တိုင် ဆင်မလိုက်ဝက်သတ်ရုံအနီးက သရက်တော(၂)လမ်းဖြစ်ရာ ဝက်သတ်ရုံနှင့်နီးသဖြင့် စရိုက်ကြမ်းကြမ်းလူများကို နေ့စဉ်တွေ့မြင်နေရပြီး သူတို့၏အပြုအမူများကို နေ့စဉ် တွေ့မြင်နေရသည်ဖြစ်ရာ အမူအကျင့်နှင့် အလေ့အထများကို အတုမြင်အတတ်သင်ဖြစ်နေသည်။ လူတိုင်းနီးပါး ဝက်သတ်ဓားငယ်လေးများနှင့် တစ်နေ့တစ်နေ့ အလုပ်ပြီးသည်နှင့် အရက်သောက်လိုက်၊ ဆဲလိုက် ဆိုလိုက်နှင့် ရှိနေတတ်ရာ ကျွန်တော်တို့ကိုပါ အဆိုပါ အကျင့်များ ကူးစက်လာပြီး အလကားနေ အလကား ဆဲတတ် ဆိုတတ်လာသည်။ အတတ်ပညာ အစုံတတ်သည်။ အရက်သောက်တတ်လာသည်။
အမေက အထူးသဖြင့် ဆဲတာ ဆိုတာ မကြိုက်။ ဆဲတာကလည်း သာမန်ဆဲတတ်တာမျိုးမဟုတ်။ အဲဒီခေတ်က ရပ်ကွက်ထဲက လူပေလူတေကြီးများကို အတုယူ၍ ဆဲဆိုတတ်ခြင်းဖြစ်ရာ တော်တော်လေး တစ်တစ်ခွခွနိုင်သည်။ အမေက ပထမတော့ ကောင်းကောင်းမွန်မွန်ပြောပါသည်။ ကျွန်တော်ကလည်း ဝသီဖြစ်နေသဖြင့် အကျင့်မဖျောက်နိုင်ဘဲ ဆဲနေဆိုနေမိသည်။ တစ်ခါတော့ အမေသည် ကျွန်တော်၏ အဆဲကို အစွဲချွတ်ရန် တော်တော်လေး ပညာပေးလိုက်သည်။ ထိုပညာပေးမှုကြောင့်လည်း ကျွန်တော် အိမ်မှ ထွက်ပြေးဖြစ်သွားသည်။
အဲဒီတုန်းက ကျွန်တော့်အသက် ၁၀ နှစ်သားပဲ ရှိသေးသည်။ ငယ်ပင်ငယ်သော်လည်း အတော်ပင် အဆဲသန်သဖြင့် ရိုက်နှက်ဆုံးမသည်။ မနာခံတော့ လူကိုချုပ်ပြီး ပါးစပ်ကို အပ်နှင့်ပေါက်သည်။ နာပင် နာသော်ငြားလည်း ကျွန်တော်က ဆဲတာဆိုတာ မရပ်။ မအေနှမ အကုန်လုံးတုတ်ပြီး ဆဲတတ်သည်။ နောက်ဆုံးတော့ အမေက ကျွန်တော့်ကို ရေစည်ပိုင်းထဲနှစ်ပြီး အဆဲချွတ်တော့သည်။ ကျွန်တော့်အမေက ဗလကောင်းသည်။ အရပ်ကလည်း ခပ်မြင်မြင့်၊ ဗလကလည်းကောင်း ဆိုတော့ ဆယ်နှစ်သားကျွန်တော့်ကို အသာလေး ကိုင်မြှောက်နိုင်သည်။
ထိုနေ့က ကျွန်တော့်ကို ခြေနှစ်ချောင်းကကိုင်ပြီး ဇောက်ထိုးဆွဲကာ ရေစည်ပိုင်းထဲသို့နှစ်သည်။ နိုင်ငံခြားရုပ်ရှင်ကားများထဲမှ ဇာတ်လိုက်ကို ရေနှစ်နှိပ်စက်ပုံ နှိပ်စက်နည်းမျိုးဖြစ်သည်။ တစ်ကြိမ်ရေထဲနှစ်၍ ပြန်ဆွဲထုတ်ပြီး
“ နောက်ဆဲဦးမလား၊ ဖြေစမ်း ”
ဟု မေးသည်။ ကျွန်တော်က “ မဖြေဘူး ” ဟု ဖြေသည်။ နောက်တစ်ကြိမ် ထပ်ပြီး ရေထဲနှစ်ပြန်သည်။ ပြီးတော့ ရေထဲမှ ဆွဲထုတ်ပြီး
“ နောက် ဆဲဦးမလား ”
မေးပြန်သည်။ ကျွန်တော်ကလည်း “ မဆဲဘူး ” ဟု တစ်လုံးမျှမပြော။ သို့နှင့် ရေထဲနှစ်လိုက်၊ ပြန်ဆွဲထုတ်လိုက်၊ မေးလိုက်၊ ပြန်ဖြေလိုက်နှင့် ဘယ်နှကြိမ်မှန်းမသိ အနှစ်ခံရသောအခါ ကျွန်တော့်မှာ ခံနိုင်ရည် မရှိတော့။ ကြောက်လည်း ကြောက်လာသည်။ ရေကလည်း မွန်းလှသည်။ အမေကလည်း သူလိုချင်သည့် အဖြေ မရမချင်း ဆက်လုပ်နေမည့်သဘောရှိသည်။ နောက်ဆုံးတော့
“ ကျွန်တော် နောက်မဆဲတော့ပါဘူး ”
ဟု ဖြေလိုက်ရသည်။ ဒီတော့မှ ကျွန်တော့်ကို အောက်သို့ချပေးသည်။ နှစ်ယောက်သား မောနေကြပြီး ကျွန်တော့်မှာ သူ့မမြင်ကွယ်ရာသို့သွားပြီး
“ အမေက ငါ့ကို မချစ်တော့ဘူး၊ မချစ်လို့ဘဲ ငါ့ကို ခုလို သေလောက်အောင် လုပ်တာ ”
ဟု အတွေးတွေ ဝင်လာသည်။ တစ်ဆက်တည်းမှာပင်
“ ငါတော့ အိမ်မှာ မနေတော့ဘူး၊ ထွက်ပြေးမယ် ”
ဆိုပြီး အိမ်က ထွက်ပြေးတော့သည်။ ထိုသို့ထွက်ပြေးခဲ့စဉ်က ကျွန်တော် လေးတန်းပဲ ရှိသေးသည်။ ပြေးမယ့် ပြေးတော့လည်း အမေ့ရွာဖြစ်သည့် ကန်ကြီးထောင့်ကို ဖြစ်သည်။ အမေနှင့် တစ်ခါပဲ ရောက်ဖူးသည်။ အိမ်မှထွက်ပြီး သင်္ဘောဆိပ်ကိုပြေး၊ မေးမြန်းပြီး သင်္ဘောဖြင့် အမေ့ရွာသို့ ပြေးခဲ့သည်။ အမေ့ရွာတွင် အမေ့အစ်ကိုတစ်ယောက် ရှိသည်။ အိမ်ကနေ ကံကြီးထောင့် ဦးလေးအိမ်ကိုသွားတာ သုံးရက်ကြာသည်။ ကံအားလျော်စွာ တန်းရောက်သွားခဲ့သည်။
အိမ်က ထွက်ပြေးလာကတည်းက “ငါ အိမ်က ထွက်ပြေးလာတာမှားပြီထင်တယ် ” ဟု သတိတရား ရလာသည်။ ပြန်တွေးနေမိသည်မှာ “ငါတော့ မှားပြီ၊ အမေက ငါ့ကိုချစ်လို့ ဆုံးမတာပဲ၊ ငါ လိမ္မာအောင် ဆုံးမတာပဲ ” ဟု ဖြစ်သည်။ တစ်ခါ တစ်ဖက်ကလည်း စိတ်နာချင်ပြန်သည်။ ရေတွေမွန်းပြီး အသက်ရှူမဝသော တဒင်္ဂ အချိန်လေးကို သွား သတိရပြီး “ အမေက ငါ့ကို တကယ်မချစ်ပါဘူး၊ မချစ်လို့သာ ဒီလောက်ရက်စက်တာ ” ဟု ပြန်တွေးမိပြန်သည်။ နောက်သုံးရက်ကြာတော့ အမေလိုက်လာသည်။ ဦးလေးက
“ဟေ့ကောင် စိုးဝင်း၊ ဟိုမှာ မင်းအမေလိုက်လာတယ် ”
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
Comments
Post a Comment