သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၁)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၁)
ကျနော်မြင်လိုက်ရတာက ခေါင်းပေါင်းနဲ့ ဘာနဲ့ ညောင်နီပင်ရဲ့ အရွက်တွေ ကိုင်ထားတဲ့ ကိုရွှေသီးကို မြင်လိုက်ရလို့ပါပဲ ။ အပင်ကိုလည်း ခုတ်ပြထားတာ ရဲပတောင်းလိုက်နေပါ့ ။ အရွက်ကို အနီးကပ်ဓါတ်ပုံရိုက်ပြထားတာက ကျနော်တို့ ဖြန့်ထားတဲ့ ဓါတ်ပုံကြီးပါ ( ပုံပေါင်းများစွာ ကူးထားလို့ သိနေပါတယ်) ။ ဒါနဲ့ မေးလိုက်ပါတယ်
"ညောင်နီပင်လားဗျ "
"သိပါတယ် ဒါပေမယ့် အရွက်နဲ့ အပင်က တပင်ထဲလား မေးကြည့်ပါအုံး"
"တပင်ထဲပေါ့ဗျ"
"သေချာအောင်မေးပါအုံး အရွက်လွဲသွားရင်မရဘူးဗျ အနီစီးထွက်တဲ့ အပင်တွေ အများကြီး ရှိတယ်"
"ဒါက သေချာပါတယ် ဒီလူတွေက တောခေါင်ခေါင်က လူတွေပါ "
"သတိတော့ထားပါဗျာ ငွေမလွန်မိစေနဲ့ "
"မကျွံပါဘူးဗျာ ကျောက်လောကထက် ပိုမလိမ်နိုင်ပါဘူး"
"ဟုတ်ပါပြီဗျာ ကျနော်တို့ ကျောက်ကလေး စျေးပြောပါအုံး"
"အေးဗျ မီးထိုးကြည့်တော့ အမဲထဲမှာ အစိမ်းမတွေ့ရဘူး "
"ဟုတ်တယ်ဗျ မဲပြောင်နေတာပဲ တွေ့ရတယ်"
"အေးဗျ အစိမ်းရောင် သမ်းနေရင် ထောင်ကြီးပိုင်းပဲ အခုအနေအထားကတော့ ၁၅၀ လောက်ပဲ ရမယ်"
"ကဲ ဗိုလ်မှူး ၁၅၀ တဲ့"
"နည်းတယ်ဗျ ရန်ကုန်မှာတောင် ၁၇၀ တန်ကားနဲ့ လဲနေတာ"
"ဘယ်လောက်လိုချင်လည်းဗျ "
"၂၅၀ တော့ ထားပါဗျာ"
"များတယ်ဗျ လျော့အုံး"
"ကဲပါ ကိုတင်မောင်ဆွေပဲ ပေးနိုင်တဲ့ စျေးကုန်ပေးကြည့်ပါ"
"ကဲ ၁၉၀ ပေးမယ်"
ဗိုလ်မှူးနဲ့ သူ့မိတ်ဆွေ အပြင်ထွက်တိုင်ပင်ပါတယ် ။ ခဏနေတော့ ပြန်လာပြီး
"ကဲဗျာ ၂၀၀ တော့ ပေးဗျာ ၁၉၀ ဆိုတော့ ဘူပိတ်နေတယ်"
"အေးဗျာ ယူလိုက်မယ် ခဏစောင့် ကျနော် ငွေသွားယူအုံးမယ်"
ခဏနေတော့ ပြန်လာပြီး ငွေပေးပါတယ် ။ ပြီးတော့ ကိုမျိုး ဒါလေးတချက်ကြည့်ပေးပါဆိုပြီး သူ့ကားနား ခေါ်သွားပါတယ် ။ နောက်ပြီး ကျနော့်ကို ငါးသိန်းပေးပါတယ် ၁၉၀ ဆစ်ရရင် ၁၀ ပေးမလို့တဲ့ အခုတော့ ငါးသိန်းပဲ ယူသွားပါအုံးတဲ့ ။ ကျနော်လည်း အဆင်ပြေပါတယ်ဆိုပြီး ယူခဲ့တာပေါ့ ။
ငွေတွေ စစ်ဆေးပြီး ပြည့်စုံတာနဲ့ ယူပြီးပြန်လာပါတယ် ။ ပြန်လာကြတဲ့ လမ်းမှာ ကျွဲဆယ်ကန် မန်းမြို့တော်မှာ လက်ဖက်ရည်ဆိုင်ရောက်တော့ ဝင်ကြပါတယ် ။ ဗိုလ်မှူးက ပြောပါတယ်
"ကဲ ငါ့ညီ ငါတို့လည်း ငွေပြတ်နေတုန်း ရောင်းရလို့ အဆင်ပြေတယ် ကျေးဇူးလည်းတင်တယ် ဒီက ငါ့မိတ်ဆွေနဲ့ စပ်တူ ပိုင်တာကွ ဒီတော့ ငါ့ညီကို ပွဲခ ဘယ်လောက်ပေးရမလဲ ပြော ဟဲ ဟဲ ဂမ္ဘီရ နှုံးတော့ မလုပ်နဲ့နော်"
(ဂမ္ဘီရနှုံးက ၂၀% လေ)
"ဗိုလ်မှူးကိုကူညီတာပါ ကိုတင်မောင်ဆွေလည်း ငါးသိန်းပေးလိုက်ပါတယ် "
"ဟာမင်းကလည်း သူပေးတာ တကဏ္ဍလေကွာ အကိုတို့လည်း ပေးရမှာပေါ့ "
"ဒီလိုလုပ်ပါ ၁၀ သိန်းယူလိုက်ဗျာ အဆင်ပြေမလား"
(ဗိုလ်မှူးမိတ်ဆွေက ဝင်ပြောတာပါ)
"ရပါတယ် ကျနော်က ငါးသိန်းလည်း ရပြီးသားပါ ဗိုလ်မှူးတို့ အဆင်ပြေသလောက်ပဲပေးပါ"
"အေးကွာ ဒါဆိုလည်း ၁၀ သိန်းယူလိုက် တို့က ရန်ကုန်သွားမှာ မင်းတို့က ဘယ်ပြန်မှာလည်း "
"ကျောင်းတော်ရာ ပြန်မှာ ဗိုလ်မှူး ပစ္စည်းတွေ ကျန်နေသေးတယ်"
"အေးကွာ ဒါဆိုလည်း သွားမယ်နော်"
"ဟုတ်ကဲ့ ဗိုလ်မှူး"
ဗိုလ်မှူးတို့ ပြန်တော့ ဆရာကြီးကို တဝက်ခွဲပေးတာ ငါးသိန်းပဲ ယူပါတယ် ။ သူ့မိန်းမက ငွေတိုးပေးတာတဲ့ မင်းပဲ ပိုယူတဲ့ အိမ်ပို့လိုက်အုံးတဲ့ ပြောပါတယ် ။ ဦးမိုးဆီ သတင်း လှမ်းပို့တော့ ကောင်းတယ် ဒါဆို ကျုပ်ငွေစရာ မလိုသေးဖူးပေါ့တဲ့ ။ မလိုပါဘူး အခု ကျုပ်က ဘော့စ် ဖြစ်နေပြီ ငွေပြန်လွှဲပေးရမလားလို့ မေးနေတာ ဆိုတော့ ရီနေလေရဲ့ ။
ကျောင်းတော်ရာပြန်ရောက်လာပါတယ် ။ ခရီးရောက်မဆိုက်မှာပဲ ဒရယ်ဖိုဆိုလား အဲဒီရွာဖက်သွားရမယ်တဲ့ ။ ငှက်ပျောမတက် လာစမ်းပေးပါ မှန်ရင် အရောင်းအဝယ်လုပ်ပေး မမှန်ရင် စရိတ်လျော်ပါ့မယ်တဲ့ ။
မုန်းချောင်း အရှေ့ဖက် သွားရမှာပါ ။ စရိတ်လျော်မယ်ဆိုတာ မယုံပါနဲ့ တကယ်လျော်သူ နည်းပါတယ် ။ ဒီတော့ သေချာအောင် ဒီလိုလုပ်ပါတယ် ။ စရိတ်မရော်ပါနဲ့ ဆိုင်ကယ်ဆီဖိုး ၃၀၀၀ ကျပ်အတွက် ဖုန်းဘေလ် အရင်ထည့်ပေးပါဆိုတော့ ပေးပါတယ် ။
ဆရာကြီးက "မင်းကလည်း ၁၅ သိန်းရလာတာပဲ ၃၀၀၀ ကို ကပ်နေသေးတယ်"
"မဆိုင်ဘူး ဆရာကြီး ခေါ်တိုင်းသွားနေရင် စျေးပေါတယ်"
"ပစ္စည်းရှာမှတော့ သွားရမှပေါ့ ဟ"
"ဆရာကြီးရေ ဒီလောက မှာ မှားလို့ကုန်သူ ၁ ယောက်ဆိုရင် သွားလို့ကုန်သူ ၁၀ ယောက်ရှိတယ် ဆရာကြီး ခေါ်တိုင်းမသွားရဘူး"
"အေး ဒါလည်း ဟုတ်တယ်နော် တို့တောင် သွားလို့ အတော်ကုန်နေပြီ နောက်က စပွန်ဆာ ရှိတာရယ် ဆိုင်ကယ်နဲ့ ဆိုတော့ ဆီဖိုးပဲ ကုန်တာကြောင့် ဒီလောက် သွားနိုင်တာပဲ "
"ဒါပေါ့ဆရာကြီးရာ မသောက်မစားဆိုတော့ စရိတ်ကျဉ်းတာပေါ့ သူများမိုင် ၁၀၀ ဆို ကျနော် မိုင် ၅၀၀ သွားလို့ရတယ်"
"ဒါတော့ ဟုတ်တယ်ကွ မင်းက အရက်မပြောနဲ့ ဆေးလိပ် ကွမ်းယာတောင် မလုပ်ဖူးဆိုတော့ အတော်သက်သာတယ်"
"ဟုတ်တယ် ဆရာကြီး ကဲ သွားကြစို့"
ဆိုင်ကယ်နဲ့ မုန်းချောင်းဆီကို သွားကြရပါတယ် ။ မုန်းချောင်း အစပ်ရောက်တော့ အလွန်ကျယ်တဲ့ မုန်းချောင်းကို အလွန်ရှည် ၊ အလွန်ကျဉ်း ၊ အလွန်မြင့် ပြီး အလွန်သေးတဲ့ လက်မောင်းလောက် တိုင်တွေနဲ့ ချောင်းကူးတံတားကို တွေ့ရပါတယ် ။
တဖက်ကလာနေရင် ကျန်တဖက်က စောင့်နေရပါတယ် (ရှောင်တိမ်းလို့မှ မရတာလေ) ကျနော်တို့ အလှည့်စောင့်နေတော့ စိတ်မြန်တဲ့ ဆရာကြီးက ထိပ်ဆုံးက ပေါ့ ။ သူ့နောက်က ကျနော် ကျနော်နောက်က ဆိုင်ကယ်စျေးသည် မိန်းမကြီး ကဲ ကိုယ့်အလှဲ့ရောက်တော့ ရှေ့ဆုံးက ဆရာကြီးက ခပ်တည်တည်ပဲ ဆိုင်ကယ် ပေါ်တက် စက်နှိုးပါရော ။ နောက်က စျေးသည်က စီးမရဘူး တွန်းသွားရမှာလို့ ပြောပါတယ် ။ ဆရာကြီးလည်း သမင်လည်ပြန် ဂျိုကြည့်ကြည့်ပြီး ဆင်းတွန်းပါရော ။
တံတားက တိုင်အသေးတွေကို ခပ်ကျဲကျဲ စိုက်ထားတဲ့ ယာယီတံတား အကာမပါ အခင်းကျဲဆိုတော့ နွဲ့တဲ့ နွဲ့တဲ့ နဲ့ အတော်လေး ယိမ်းထိုး လာနေပါတယ် ။ ဆရာကြီးလည်း ရှေ့ဆုံးကနေ ဟန်တန်ပန်တန် သွားနေရင်း တဝက်လောက် မရောက်တယောက်မှာ ရပ်နေပါရော ကျနော်က
"ဆရာကြီး သွားလေ"
"တံတားက အရမ်းလှုပ်နေလို့"
"အမလေးတော် ဒါနဲ့များ စောစောက စီးသွားမလေး ဘာလေး ပြောနေသေး အံ့သြပါ့"
(စျေးသည်မကြီးက ပြောတာလေ သူက အချိန်မှီ စျေးရောင်းရမှာကိုး)
ခဏနေမှ ဖြေးဖြေးခြင်း သွားရပါတယ် ။ ဒရီးဒရိုင်နဲ့ ရောက်သွားပါရော ။ တဖက်ကမ်းမှာ ဆက်သွားရပါတယ် ။ တနာရီလောက် စီးမှ ရောက်ကြပါတယ် ။ အင်မတန်ကြီးတဲ့ ပျဉ်ထောင်အိမ်ကြီးဆီ သွားကြပါတယ် ။
ဒီအိမ်မှာ နွားထားတာကို သဘောကျစရာအဖြစ် တွေ့ခဲ့ရပါတယ် ။ ခြင်ထောင်ဇာတွေနဲ့ အလုံကာထားပါတယ် အဲဒီထဲ နွားရောက်တာနဲ့ မှတ် ခြင် ယင် တို့ ရန်က လုံခြုံပါပြီ ။
ဘုရားခန်းမှာ အင်မတန် လက်ရာမြောက်တဲ့ သစ်ကနက်သား ခြင်္သေ့ ရုပ် တွေ့ရပါတယ် ။ ( သစ်ကနက်သား စစ် မစစ် ကျနော် မခွဲတတ်ပါဘူး) ။ ငှက်ပျောမတက်က ရေနဂါး အသေလေးပါ ။ တင်ကြည့်တော့ တနာရီအထိ မတက်ပါဘူး ။ ကဲ ဘယ်မှာ ရောင်းမလဲဆိုတော့ မကွေးမှာ ရောင်းမယ်တဲ့ ။
သူတို့က ငွေတင်ပြီး မခေါ်နိုင်ပါဘူး ။ ကျနော် ဖုန်းဆက်မေးတော့ မကွေးကို နောက်သုံးရက်မှာ လာကြမယ့် အဖွဲ့က စစ်ဆေးပြီး ငွေစိုက်တင်ပေးမယ်တဲ့ ။ ဒါနဲ့ နောက်သုံးရက်မှာ ကျောင်းတော်ရာကို လာခဲ့ဖို့ မှာခဲ့ရပါတယ် ။
ပြန်လာတော့ မုန်းချောင်းတံတားမှာ ပြဿနာ တက်ပါပြီ ။ တံတားထိပ်ရောက်တော့ ဆရာကြီးက ပြောပါတယ်
"ဒီ့ပြင်လမ်း မရှိဘူးလား"
"မသိဖူးလေ ဆရာကြီး ဘာဖြစ်လို့လဲ"
"ကူးရမှာ ခေါင်းမူးလို့ "
"ကဲ ဒါဆို အောက်က လှေပေါက်စနဲ့ လူချည်းပဲ လာခဲ့လိုက် ကျနော် ၂ ခါ သယ်ပါ့မယ်"
ဆရာကြီးကို လှေပေါက်စနဲ့ ကူးခိုင်းပြီး ၂ ခါသယ်ဖို့ လုပ်ပေမယ့် ကူသူရှိလို့ တခါတည်းနဲ့ ရောက်ခဲ့ပါတယ် ။ ကျောင်းတော်ရာမှာ ပစ္စည်းတခုက video ဖိုင် သက်သေနဲ့ စောင့်နေပါတယ် ။ စျေးကလည်း ခေါင်ခိုက်နေသလို ပစ္စည်း အစွမ်းကလည်း အံ့ဘနန်းပါပဲ ။ ဒီပစ္စည်းကတော့ ........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment