သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၀)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၀)

"ဟာ အကိုရေ လာကြည့်ပါအုံး"
"ဟင် ဘယ်လို ဖြစ်တာတုန်း"
အလွန်မာကျောတဲ့ ကျောက်တုံးကြီးဟာ ဝါးပြီးသား ပီကေလိုလို ကျောက်ကျောတုံးကြီးလိုလိုနဲ့ ပျော့နေတာ တွေ့ရပါတယ် ။ သာမန်ကျောက်တွေထက် အမာဆင့်မြင့်တဲ့ ဒီကျောက်ကြီးတောင်မှ ဒဏ်မခံနိုင်တဲ့ ပစ္စည်းသုံးမျိုးရဲ့ အစွမ်းဟာ အံ့သြစရာပါပဲ ။
ကျနော်သိရသလောက် ပြောရမယ်ဆိုရင် အခုချိန်မှာ သံစားတဲ့ကျောက် အတုရလောက်ပြီထင်ပါရဲ့ ။ ဒါပေမယ် တပွဲတိုး အဆင့်ပဲ ရှိပါအုံးမယ် ။ ဘာ့ကြောင့်လည်းဆိုရင် ကြိုက်သလိုစမ်းပါ တခါစမ်းပြီးတာနဲ့ ငွေဘယ်လောက်စရံပေးပါဆိုပြီး တောင်းတဲ့ အဖွဲ့တွေ ပေါ်နေပါတယ် ။ ကျနော့်စိတ်ထင်တော့ ဒီလူတွေ နောက်တကြိမ်မရလောက်သေးပါဘူး ။
ကြံဖန်လိမ်မယ်ဆိုရင် ခင်ဗျားတို့ ငွေ သေချာပေါက်ပါမယ့် နည်းတွေ ရှိပါတယ် ။ ကျနော်သာလူလိမ်ဆိုရင် ပုံစံတူကျောက်တွေနဲ့ လိမ်မှာပါ ။ တခါစမ်းလိုက် စရံတောင်းလိုက် သေတ္တာထဲ ပြန်ထည့် နောက်တတုံးနောက် နောက်တခါစမ်း ဒီလို လုပ်မယ်ဆိုရင် ဝါရင့်တွေလည်း ခံရနိုင်ပါတယ် ။ ကောင်းတာကတော့ တခါထဲနဲ့ သုံးကြိမ်စမ်းပြီး အောင်မြင်ပြီ ဆိုမှ နောက်တတုံး အသစ်ထပ်လုပ်ခိုင်းတာ စိတ်ချရပါမယ် ။
အကြံပေးချင်တာက အဲဒီအတုလုပ်တဲ့ ပညာရှင်တွေကို မလိမ်ပါနဲ့ (စျေးနှုံးတွေ ဘာလုပ်ဖို့ ဆိုတာတွေ) ရိုးသားစွာပြော ပြီး ညှိနှိုင်းရင် ခင်ဗျားတို့ ပိုးဆိုးပက်စက် အလိမ်မခံရပါဘူး ။ ကိုယ့်ကို ကိုယ် ကျးလိုလို ဘာလိုလို သွားမလုပ်နဲ့ ။ အမြဲနှလုံးသွင်းထားရမှာက ပစ္စည်းရှာနေသူအားလုံးဟာ လူလိမ်တွေအတွက်တော့ ဖားတွေချည်းပါပဲ ။ ရိုက်ရလွယ်တဲ့ ဖားနဲ့ ရိုက်ရခက်တဲ့ ဖားပဲ ကွာပါတယ် ။
ဆက်ပြောပါမယ် ပစ္စည်းက ဖြစ်မလာပါဘူး ။ ဒါနဲ့ စမ်းသာထားပါကွာ ဆိုပြီး သူတို့ သုံးဖို့ ၅၀၀၀၀ ပေးခဲ့ပါတယ် (အင်မတန်ဆင်းရဲပါတယ် စိတ်ထားလည်း ကောင်းပါတယ် ) ။ ကျနော်နဲ့ ဆရာကြီးလည်း ရေပုပ်လေးယူပြီး ပြန်လာပါတယ် ။ အပြန်မှာ ဆရာကြီးတွေ့ထားတဲ့ ရေပုပ်တွင်းတွေဆီ သွားကြပါတယ် ။
ရွှေစက်တော်သွားတဲ့ လမ်းထဲ ဝင်သွားကြပါတယ် ။ နောက် ဘယ်ဖက်ခြမ်းထဲ တောင်ကျောလေးပေါ် တက်သွားရပါတယ် ။ ၁၅ မိနစ်လောက်မှာ တောင်ခါးပန်းကနေ ချောက်ထဲ ဆင်းရပါတယ် ။ အပုပ်နံ့တွေရနေပါပြီ ။ ချောက်ထဲမှာ ရေအိုင်လေးဖြစ်နေပါတယ် ။
အဲဒီရေအိုင်လေးဆီ စီးနေတဲ့ ရေစီးကြောင်းလေးဟာ ကျောက်ကြိုကျောက်ကြားက ထွက်လာတာပါ ။ အဲဒီစီးထွက်လာနေတဲ့ ရေထဲမှာ စိမ်ထားရင် ၁၀ စက္ကန့်လောက်ဆို ဝါလာပါတယ် ။ လက်နဲ့ ပွတ်လိုက်ရင် အနည်းငယ်အရောင်ဖျော့ပါတယ် ။
ရောက်မှတော့ မထူးပါဘူးဆိုပြီး နောက်ထပ်နေရာတွေပါ သွားကြည့်ပါတယ် ။ တနေရာကတော့ ကျောက်မီးသွေးလုပ်ကွက်တွေ ကြားထဲ ရောက်နေပါပြီ ။ ဆရာကြီးတောင် မျက်စိလည်နေပါတယ် ။ ဟိုတုန်းက ရုပ်ရှုပ်ရှက်ရှက် အပင်တွေ ခြုံတွေကြား သွားနေကြ ဆရာကြီးဟာ အခု ကျောက်မီးသွေးတူးပြီး သယ်ဖို့ ခြုံတွေရှင်း လမ်းတွေ ဖေါက်လိုက်တော့ ကွင်းပြင်ကျယ်ကြီး ဖြစ်သွားတဲ့ အနေအထားမှာ အတော်လေး ပြန်ပြီး ရှာယူရပါတယ် ။
ခဲရာခဲဆစ် လိုက်ရှာမှ တွေ့ပါတယ် ။ သူကလည်း ချောင်းရိုးထဲမှာပါပဲ ။ ဒါပေမယ့် အညာချောင်းတွေဆိုတော့ ရေမရှိတော့ပါဘူး အဲဒီနေရာလေးမှာပဲ စိုစွတ်နေပါတယ် ။ ကွာလတီက ဒုံချောင်းက ရေပုပ်ကို မမှီပါဘူး ။ အဂ္ဂိရပ်ဆရာများ အသုံးဝင်ပါတယ် ။ ကျန် ဂမ္ဘီရဆရာများ စိတ်ကူးမယဉ်စေလိုပါဘူး ။
အရောင်းအဝယ်မရှိပါဘူး ပွဲစားခြင်း လေနဲ့ ဝယ်နေကြတာပါ ။ ရန်ကုန်မှာတောင် အဝယ်ရှာမရပါဘူး သူများအပြောနဲ့ လမ်းမဆုံးကြပါနဲ့ဗျာ ။ စိမ်လိုက်တာနဲ့ အတွင်းသားအထိဝါရမယ်တို့ ငှက်မွှေးကို အဖြူကနေအနက် အနက်ကနေအဖြူ ပြောင်းရမယ်တို့ ပြောပါလိမ့်မယ် ။ တကယ်ဖြစ်နေလည်း မလွယ်ပါဘူး အဖြူကနေ နက်တာ နဲနဲဖြော့နေလို့ တို့ ဘာတို့ လျှောက်ပြောပါမယ် ။
လောလောဆယ် မှတ်ထားရမှာက ဂမ္ဘီရလောကမှာ 1804 ၊ တောက်တဲ့ ၊ ရေပုပ် ၊ ကျွန်းနက် ၊ ပြဒါးငုပ် ၊ ကြက်နက် ဒါတွေဟာ ဝယ်လက် မရှိသလောက်ပါပဲ ။ စရိတ်ကုန် ဇလုံပွန်း ပါပဲ ။ 1804 ရရင် အမေရိကန်သံရုံးကပဲ ဝယ်ပါတယ် သူတို့စစ်ဆေးပြီး အတည်ပြုမှ အစစ်ပါ မိမိကိုယ် မိမိ နားလည်ပြီဟု ထင်နေပါလျှင် မှားဖို့ များလို့ မလုပ်စေချင်တာပါ ။
ကျနော်တို့ နှစ်ယောက် ကျောင်းတော်ရာကို ပြန်လာကြပါတယ် ။ အဲဒီတဝှိက်မှာလည်း ဂမ္ဘီရသမားတွေ အများကြီးပါပဲ ။ တည်ချက်ကတော့ ကိုစိန်လင်းဆိုတဲ့ လူပဲ ဖြစ်ပါတယ် ။ ဒီဒေသကလူတွေအကြောင်း သူကောင်းကောင်းသိပါတယ် ။ သူကတော့ လူလိမ်မဟုတ်ပါဘူး ဒါပေမယ့် အားနည်းချက်က သူများပြောရင် ယုံတတ်တာပါပဲ ။
သူ့စကားကို လိုက်ယုံမိရင် ကိုယ်ပါ ဒုက္ခရောက်နိုင်ပါတယ် ။ အားမနာတမ်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကြပါ ။
ကျောင်းတော်ရာနားမှာ မရှိခဏ ဆိုတဲ့ ဘုန်းကြီးကျောင်းမှာလည်း ဒါမျိုးတွေ လုပ်ကြပါတယ် ။ ဘုန်းကြီးကိုယ်တိုင် လုပ်တာပါ ။ ကျုပ်က သိပ်နားမလည်းဘူး ဒကာကြီးတို့ ဘာသာ လုပ်ကြပါလို့ ပြောလေ့ရှိပါတယ် ။ တကယ်တော့ ဘုန်းကြီဟာ ခင်ဗျားတို့ထက် အဆပေါင်း များစွာ နားလည်တဲ့ ဂျင်ပေါ်ကထုံးပါ ။
သံဃာတပါးကို စော်ကားလိုစိတ်နဲ့ အကြောင်းမဲ့ ပြောနေခြင်း မဟုတ်ပါဘူး ။ ဓါတ်တွေ နတ်တွေ နဲ့ ရှုပ်ရှက်ခက်နေတဲ့ ကိုယ်တော်ဆိုတော့ ကိုယ့်ဘာသာ စဉ်းစားကြည့်ပါတော့ ။ ရှောင်ရန်ဆောင်ရန်များကို သတိပေးခြင်းမျှသာ ဖြစ်ပါတယ် ။
ဒါဆို ဒီလူတွေနဲ့ ဝေးဝေးနေပေါ့လို့ လွယ်လွယ်မတွေးပါနဲ့ ။ ဒီအလုပ် လုပ်မယ်ဆိုရင် ဒီလူမျိုးတွေနဲ့ ပါတ်သပ်မှ သဲလွန်စရတတ်တာပါ (သာမန်လူတွေက စိတ်မှ မဝင်စားတာ ဘယ်သိမလဲ) ။ ဒီအလုပ်ဟာ ဘိန်းစွဲတာထက် ဆိုးပါတယ် ။ မျှော်လင့်ချက်တွေနဲ့ အလွန်ပျော်စရာကောင်းတာကိုးဗျ ။
အဲဒီကျောင်းတော်ရာဒေသ အကြောင်း ပြောပြချင်ပါတယ် ။ စန္ဒကူးကျောင်းတော်ရာဟာ အလွန်ကျယ်ပြန့်တဲ့ ကျောင်းကြီးဖြစ်ပါတယ် ။ မင်းတုန်းမင်း လက်ထက်မှာ ကျောက်တိုင်တွေ စိုက်ထားပြီး လှူခဲ့တဲ့ မြေတွေက ရွာနီးချုပ်စပ်အကုန်ပါတယ်ဗျ ။ ကျောင်းဝန်းထဲမှာ ဘုရားဖူးတွေ တည်းဖို့ ဇရပ်ကြီးတွေ အများကြီး ရှိပါတယ် ။
သာမန်မြင်တွေ့နေကြဇရပ်တွေလို မဟုတ်ပါဘူး ။ ကျွန်းတိုင် အတုတ်ကြီးတွေနဲ့ ခြေတံရှည် နှစ်ထပ်ဇရပ်ကြီးတွေ ဖြစ်ပါတယ် ။ အောက်ထပ်မှာ အကာမပါပဲ ခြေတံရှည်ဖြစ်နေပါတယ် ၁၀'လောက် မြင့်ပါတယ် ။ အပေါ်ထပ်မှာတော့ ပျဉ်ချပ်တွေနဲ့ ကာထားပါတယ် ။ ရေဝင်အရပ်တွေက အိမ်တွေလို ဆောက်ထားတာပါ ။
ဘာလို့ ဒီလို ဆောက်ထားသလဲဆိုရင် ဘုရားဖူးချိန်မှာ ဧည့်သည်တွေက နွားလှည်းနဲ့ လာကြတာတဲ့ ။ အောက်ထပ်မှာ နွားတွေကို ထားပြီး အပေါ်ထပ်မှာ လူတွေနေပေါ့ ။ ဒီလိုစနစ်တကျ လုပ်ပေးခဲ့တာပါတဲ့ ။ အဲဒီဇရပ်တွေဟာ ယခုတိုင် အကောင်းအတိုင်း ရှေးမူမပျက် ကျန်တော့တာ အရှေ့မြောက်ဖျားက ဇရပ် ၄/၅ လုံးလောက်ပဲ ကျန်ပါတော့တယ် ။ ကျွန်းဇရပ်ကြီးတွေ ဖျက်ပြီး သစ်ခွဲရောင်းစားပစ်တယ်လို့ ဒေသခံတွေ ပြောကြပါတယ် ။ အခု တွေ့ရတဲ့ ဇရပ်တွေဟာ လက်ရှိ ဆရာတော် အလှူခံပြီး အသစ်ဆောက်ထားတာတွေပါ ။ မြင်နေကြ ဇရပ်အတိုင်း ဖြစ်နေပါပြီ ။
ကျောင်းတော်ရာရဲ့ ဘုရားဖူးငါးတွေ အကြောင်းပြောပြချင်ပါတယ် ( ဒေသခံ ရှေ့မှီနောက်မှီ အဖိုးတွေ ပြောပြတာပါ)
ယခင် ကျောင်းထိုင်ဆရာတော်ကြီးဟာ ကျောင်းတော်ရာဘုရားပွဲ ရာသီစတာနဲ့ မုန်းချောင်းကနေ ဧရာဝတီအထိ ဖောင်နဲ့သွားပြီး မေတ္တာသုတ်ရွတ်ဆိုပြီး ပြန်လာချိန်မှာ ဆရာတော်ကြီးရဲ့ ဖောင်နောက်ကနေ ငါးကြီးတွေ လိုက်ပါလာလေ့ ရှိပါတယ်လို့ ပြောပါတယ် ။
ဒါပေမယ့် လက်ရှိဆရာတော်လက်ထက်မှာ မလာတော့ပါဘူးတဲ့ ။ ရွာသားတွေပြောတာကတော့ ငါးစာကို အပြင်ကယူလာပြီး မကျွေးရတော့ပဲ ကံထရိုက်စနစ်နဲ့ ဝယ်ကျွေးခိုင်းတဲ့ အချိန်ကစပြီး မလာတော့တာလို့ ပြောပါတယ် ။ ယခင်က ရွာသားတွေဟာ ငါးစာကို မိမိတို့အိမ်တွေမှာ ကိုယ်တိုင်လုပ်ကြသလို လွတ်လပ်စွာ ကျွေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဇရပ်တွေဖျက်ပြီး သစ်ခွဲရောင်းစားလို့ ကျောင်းထိုင်နဲ့ ရွာ အဆင်မပြေမပြေ ဖြစ်နေချိန်မှာ ရှေးဟောင်းပစ္စည်းတွေ ရောင်းစားတယ်ဆိုပြီး တိုင်ကြတော့ လာစစ်ဆေးသူ တိုင်းမှူးက ဂေါပကလူကြီးတွေနဲ့ ကျောင်းထိုင်ကိုမေးပါသတဲ့
"ငရဲကြီး ဘယ်နှစ်ထပ်ရှိသလဲ သိကြလား"
"ရှစ်ထပ်ပါ ခင်ဗျ"
"အင်း အခု ကိုးထပ်ဖြစ်သွားပြီ "
"ဗျာ"
"ဘုရားပစ္စည်းစားသူတွေ အတွက် အသစ်တည်ထားတာ"
(တိုင်းမှူးပြောသလိုဆို အခု အဖေါ်တွေ ပိုများနေပြီ)
အဲဒီကိစ္စနဲ့ ပါတ်သပ်ပြီး ကျောင်းထိုင်က မကျေနပ်လို့ ကျောင်းပါတ်ချာလည်က ကတ္တရာလမ်း တဖက်ခြမ်းရှိ ရွာမြေတွေကို မင်းတုန်းမင်းလှူခဲ့တာမို့ ကျောင်းပိုင်ဆိုပြီး တရားစွဲလို့ အမှုဖြစ်နေလေရဲ့ ။ ကျောင်းထိုင်လည်း ရွာထဲက ဆွမ်းဟင်းမစားရဲတော့ပဲ ကျောင်းမှာသာ ချက်ခိုင်းပြီး ဘုန်းပေးပါသတဲ့( အဆိပ်ခတ်မှာ စိုးလို့တဲ့)မကြားဝံ့ မနာသာတွေပါဗျာ ၂၀၁၄ ထိအနေအထားပဲဗျ အခုတော့ ဘယ်လိုနေလဲမသိဘူး ။
ဒီရွာက အဆိုဝါသနာရှင် အများဆုံးရှိတဲ့ရွာပဲဗျ ။ သာရေးရှိရင် ညဖက်မှာ ကာရာအိုကေ သီဆိုဖို့ အလုအယက် စာရင်းပေးပြီး တုံကင်ယူကာ အလှည့်ကျသီဆိုလေ့ရှိပါတယ် ။ အဆိုတော် ဗညားဟန်က ဒီရွာသားပါတဲ့ ။ ရွာဘုရားပွဲမှာ အပျော်တမ်းသီဆိုနေတာ စိုးစန္ဒာထွန်းတွေ့သွားပြီး သဘောကျလို့ မြေတောင်မြောက်ပေးရာက အောင်မြင်သွားတော့ ရောဂါပိုဆိုးကုန်ပါရော ။
ကိုယ့်အလုပ်ကိစ္စကို ဆက်ပါအုံးမယ် ။ ရေပုပ်တွေဟာ လက်တွေ့ အဆင်မပြေပါဘူး ။ ကိုရွှေသီးက ဖုန်းဆက်ပါတယ် ဗိုလ်မှူးဆီက ၃၀ နဲ့ ခြောက်သိန်းတန် ဆိုင်ကယ်ရလိုက်တယ်တဲ့ ။ စိတ်မကောင်းစရာပါပဲ ။ ကျနော်လည်း ဗိုလ်မှူးဆီ ဖုန်းဆက်ပြီး အမှန်အတိုင်း ပြောပြလိုက်ပါတယ် ။ ရန်ကုန်ရောက်ရင် လာခဲ့အုံးတဲ့ ။ နောက်ပြီးမေးပါတယ်
"ကျောက်စိမ်းနက် အဝယ်ရှိလား"
"မန္တလေးမှာ ရှိပါတယ်"
"ငါက မကျွမ်းကျင်ဖူး မင်းပါလာမှရမယ်"
"ရတယ်ဗိုလ်မှူး လာခဲပါ့မယ် ဘယ်နေ့လာမလဲ"
"အခုသာ လာခဲ့တော့ကွာ "
"ဟုတ်ပြီ လာမယ် ဗိုလ်မှူး"
ဆရာကြီးနဲ့ ချက်ခြင်းပဲ မန်းကိုထွက်လာခဲ့ပါတယ် ။ ဖုန်းနဲ့ ချိန်းထားတဲ့ ဘုရားကြီးမှာ ဆုံပြီး ဦးပွားဂုံးအရှေ့ဖက်နားက ကျောက်ပွဲစား ကိုတင်မောင်ဆွေအိမ်ကို သွားပါတယ် ။ ပါလာတဲ့ကျောက်က ဖရဲသီးအသေးစားလောက်ရှိပါတယ် ။ ကျပ်ပြားဝိုင်းလောက် ကွမ်ထားရာမှာ သပိတ်ရောင်နက်မှောင် ပြောင်လက်နေပါတယ် ။
မီးနဲ့ ထိုး မှန်ဘီလူးနဲ့ကြည့် ရေဆေး အားလုံးစစ်ဆေးပြီးတော့ ပြောပါတယ်
"ပစ္စည်းကတော့ အဆင်ပြေတယ် စျေးစကားပဲ ပြောရမယ်"
"ခင်ဗျားပဲ စျေးပေးကြည့်ပါ"
ကိုတင်မောင်ဆွေ စျေးပြောဖို့ စဉ်းစားနေတုန်း လူတယောက်ဝင်လာပြီး ဖုန်းထဲက ဓါတ်ပုံကိုပြပါတယ် ။ ပွပြီလို့ ပြောလို့ ဘာလဲဗျ ပြလို့ရရင် ပြပါအုံးဆိုတော့ ဓါတ်ပုံပြပါတယ် သူ့ဓါတ်ပုံလည်း ကျနော် မြင်လိုက်ရော ပါးစပ်က ဟာကနဲ ဖြစ်သွားရပါတယ် ။
ဓါတ်ပုံက........!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)