သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၂)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၄၂)
ဒီနေ့ ဂမ္ဘီရလောကမှာ နာမည်ကြီးနေတဲ့ ပါဝါစုံ ဘီလူးရုပ်ကြီးပဲ ဖြစ်ပါတယ် ။ နှင်းဆီပန်းတွေ ပွင့်နေတာ တွေ့ရသလို မှန်ခံပြီး ဓါတ်ပုံရိုက်ထားတဲ့ ပုံပဲဖြစ်ပါတယ် ။ ပါဝါစုံဆိုတာ ကြေးနက်အစစ်ကို ပြောတာပါ ။ ကြေးနက်အစစ်ဆိုတာ ရှင်းပြပါရစေ ။
ဓါတ်မီး ငြိမ်းရပါမယ်
ဖယောင်းမီးထွန်းထားရင်လည်း ငြိမ်းရပါ့မယ်
ဆန်စေ့တွေကို ဆွဲကပ်ရပါမယ်
ဆန်က ပြန်ကွာပြီး ခြေလို့ရနေရပါမယ်
ကပ်ပြီးသားဆန်ဟာ အခြားဆန်အသစ်ကို ပြန်ဆွဲရပါမယ်
ပန်းအဖူးတွေ ယူသွားရင် ပွင့်လာရပါမယ်
ငှက်ပြောသီးအစိမ်းယူသွားရင် မှည့်ရပါမယ်
ခြစ်ကြည့်ရင် မူလအသားအတိုင်း ပြန်ဖြစ်ရပါမယ်
အနားမှာရှိတဲ့ လျှပ်စစ်အားလုံး စွမ်းရည်မဲ့သွားပါမယ်
နေပူမှာ ချထားရင် အရိပ်မထွက်ပါဘူး
ရေထဲကိုထည့်ကြည့်ရင် ရေပေါ်မှာ သူ့စွမ်းအင်ရှိသလောက် ပေါ်ရပါမယ် ( တဝက်ပေါ် သုံးပုံတစ်ပုံပေါ် အစရှိသဖြင့်ပေါ့)
ဒါတွေက အများသူငါ သိထားတဲ့ အချက်တွေပါ ။ အခြားအချက်တွေကိုတော့ ဆရာစား ချန်ထားပါတယ် ။ အဲဒီပစ္စည်းဟာ မြန်မာ ပြည်မှာတော့ အလေးချိန်နဲ့ စျေးစကားပြောပါတယ် ။ အများအားဖြင့် တစ်ကျပ်သားကို $4 သန်းစျေးပေးလေ့ရှိပါတယ် ။ အလေးချိန်များသွားရင်တော့ မရတော့ပါဘူး ။
အဲဒီဘီလူးရုပ်ကြီးကို ဓါတ်ပုံရိုက်ရင် မပေါ်ရပါဘူး ။ မှန်ထောင်ပြီး မှန်ထဲကပုံကို ရိုက်ပြမှ ရပါမယ် ( ပစ္စည်း အမှန်ဆိုရင် ရိုက်မရပါဘူး) ဒါနဲ့ ဘီလူးရုပ်က ဘယ်မှာလည်း ဆိုတော့ နေပြည်တော်မှာတဲ့ ။
နေပြည်တော်မှာ ဂမ္ဘီရသမားတွေ ခြေခြင်းလိမ်နေတာ ဘာလို့ ဒီဖက်ကို ဆင်းလာရတာလည်း ဆိုတော့ အဝယ်အမှန်မတွေ့ရသေးဖူးတဲ့ ။ ဘယ်စျေးလဲဆိုတော့ မြန်မာငွေနဲ့ မတွက်တတ်တော့လို့ ဒေါ်လာနဲ့ပဲ ပြောပါ့မယ် ။
US $ 22 ဘီလီယံတဲ့ ။ ကဲ ဘယ်သူဝယ်နိုင်မလဲ ? သေချာတာကတော့ မြန်မာတွေ ဘယ်သူမှ မဝယ်နိုင်သလို ဘယ်လို အသုံးချရမလဲဆိုတာလည်း ဆိုတာကို မသိသလို အသုံးချနည်းပညာလည်း မရှိပါဘူး ။
နိုင်ငံခြားသားတွေ ဝယ်ယူတာက ဓါတ်မီးကို မီတာ ဘယ်လောက်ကထိ ပြတ်တောက်နိုင်သလဲ ( ဝေးဝေးဖြတ်နိုင်လေ စျေးကောင်းလေ) သူ့အချိုးအတိုင်း ဓါတ်မီး ၁၀' က ပြတ်ရင် ၃' ပါတ်ချာလည်က ဖယောင်းတိုင်မီးများငြိမ်းရပါမယ် ၃' အကွာက မှန်ကွဲရပါတယ် ၃' အကွာက ဆန်ကပ်ရပါမယ် (ဆန် ဆန်ခြင်း ၁'၆" က ပြန်ကပ်ရပါမယ်) ။
ဒါတွေဟာ အကြောင်းမဲ့ ဖြစ်တဲ့ စွမ်းအင်တွေ မဟုတ်ပါဘူး ။ သိပ္ပံနည်းကျ စွမ်းရည်တွေပါ ။ ပညာရှင်အစစ်နဲ့ တွေ့ကြုံရင်းနှီးခဲ့ရပြီး နှစ်ပေါက်အောင် အတူသွား အတူစား နေခဲ့ရလို့ ဒီလောကရဲ့ အတွင်းရေးတွေ သိခဲ့ရပါတယ် ။
ကျနော်တို့ ငယ်စဉ်က ကျောင်းစာတွေမှာ သင်ခဲ့ရတဲ့ အယ်လ်ဖာ ၊ ဘီတာ ၊ သီတာ ၊ ဂမ္မာ အစရှိတဲ့ ရေးလ် တွေအကြောင်း မှတ်မိမှာပါ ။ အဲဒီ ရောင်ခြည်တွေဟာ သူ့ဂုဏ်သတ္တိနဲ့သူ စွမ်းရည်တွေရှိပါတယ် ။
ကျနော်မိတ်ဆွေက တခုခြင်းဆီရဲ့ အစွမ်းတွေကို ခွဲမပြောခဲ့လို့ ကျနော်လဲ အသေးစိတ်မသိပါဘူး ။ ဥပမာ ဆန်ကို ဆွဲယူတာ ဘယ်ရောင်ခြည်ကြောင့် ဆိုတာမျိုး ၊ ခြစ်လိုက်ရင် ပြန်သွားတာ ဘယ်ရောင်ခြည်ကြောင့်ဆိုတာမျိုးတွေ ခွဲမသိပါဘူး ။
ရောင်ခြည်လေးမျိုးရဲ့ အစွမ်းအသီးသီးကြောင့် ဖြစ်ပေါ်လာရတဲ့ ပါဝါတွေကို ပါဝါစုံရင် စုံသလောက် စျေးကောင်းပေးဝယ်ကြတာပါ ။ ခြစ်ပိတ်သက်သက် ဆိုပါစို့ သူ့ရဲ့ ပြန်ပိတ်သွားတဲ့ အချိန်အပေါ် မူတည်ပြီး စျေးအမျိုးမျိုးကွဲပါတယ် ။ သူဟာ သံကို ကြောက်ပါတယ် သူ့နားမှာ သံထားရင် ရောင်ခြည်က ကန်ထုတ်ပါတယ် ။ ပင်အပ်လေးတွေ ထားကြည့်ပါ ကန်ထွက်လာပါတယ် ။ ခြစ်ပိတ်ကို မကြာခဏစမ်းနေရင် စွမ်းရည်လျော့လျော့လာတတ်ပါတယ် ။
ပထမတခါ ဆယ်မိနစ်နဲ့ ပိတ်ရင် နောက်ဆို ၁၅ မိနစ် ၂၀ မိနစ်နဲ့ အချိန်ကြာလာပြီး စျေးကျသွားပါမယ် ။ ဘာကြောင့်လည်း ဆိုတော့ သံကြောင့်ရလာတဲ့ ဒဏ်ရာကို ရောင်ခြည်က ပြန်ကုပေးနေရလို့ပါ ။ သံနဲ့ ခြစ်ပြီး စမ်းရင် နိုင်ငံခြားသားတွေ အင်မတန်စိတ်ဆိုးကြပါတယ် အလွန် အဖိုးတန်တဲ့ ရောင်ခြည်တွေ အလဟဿဖြစ်ကုန်လို့ပါ ။
နောက်တချက် ဆန်ကပ်တာ ပါ ။ ဆန်ကို ဘာလို့ ပြေးကပ်စေသလဲဆိုရင်ရောင်ခြည်တမျိုးဟာ ဆန်ထဲမှာ ပါတဲ့ ဝတ်ဆံအမာလေးရဲ့ ဓါတ်ကို အင်မတန် နှစ်သက်ပါတယ် ။ ဒါကြောင့် ဆန်ကို သူ့နားမှာ ချပေးတာနဲ့ အားရှိသလောက် လှမ်းဆွဲပြီး ဝတ်ဆံကို ခြေဖျက်စားသောက်ပါတယ် ။
ဝတ်ဆံတောင် ကြေမွအောင် အခြေခံရမှတော့ အပြင်ကဆန်သားတွေလည်း ပုံစံမပျက် ကြေနေပါပြီ ။ လက်နဲ့ ခြေလိုက်တာနဲ့ ကြေသွားပါမယ် ။ လက်အိတ်နဲ့သာ ကိုင်ရပါမယ် ဒီပစ္စည်းတွေအနား သွားမိသူတွေ နား နှာခေါင်း နဲ့ မျက်စိတွေက သွေးတွေထွက်တာ ဒီရောင်ခြည်ကြောင့် အဓိကပါ ။ ဆန်ကပ်မီးအိမ် ဝယ်တာ ဒီအတွက်ပါ ။
မြန်မာတွေဆိုရင် ပိုဆိုးပါတယ် ဆန်ကို မွေးကတည်းက စားလာကြောင့် အဲဒီဓါတ်တွေ ပြည့်နေတဲ့ ကျနော်တို့ ခန္ဓာကိုယ်ကိုအထဲက အဲဒီဓါတ်တွေကို ရောင်ခြည်က ဆွဲစုတ်နေလို့ ဖြစ်ရတာပါ ( အစောင့်ရှိလို့ ဖြစ်တာ ဘာညာ ဆိုတာ မဟုတ်ပါဘူး)
ပန်းအဖူးယူသွားရင် ပွင့်ပြီး ငှက်ပျောသီး အစိမ်းယူသွားရင် မှည့်ပါတယ် ။ ရောင်ခြည်ရဲ့ စွမ်းရည်တွေပါပဲ ။
မှန်ကွဲသွားတာလည်း ဒီသဘောပါပဲ ။ သူ့ရဲ့ ဂုဏ်သတ္တိကြောင့် ကွဲသွားတဲ့ မှန်ဟာ လူရိုက်ခွဲသလို မဟုတ်ပါဘူး အဓိကဖိရာမရှိပဲနဲ့ မျက်နှာပြင်တခုလုံး ပင့်ကူအိမ်လို အက်သွားတာပါ ။
လျှပ်စစ် ဖျက်တာ အဓိက ရောင်ခြည်ပါပဲ ။ သူတကယ် စွမ်းရည်ပြည့်ရင် အရုပ်အကြီး အသေးအပေါ် မူမတည်ပဲ ဒီလျှပ်စစ် ဖျက်နိုင်တဲ့ အကွာအဝေးအပေါ် စင်တီမီတာနဲ့ တွက်ပြီး စျေးပေးဝယ်တာပါ ။ အဲဒါကို မြန်မာတွေက အလေးချိန်နဲ့ ရောင်းတော့ ပြန်တွက်ရတာပါ ။ အလေးချိန်များရင် စျေးကျတယ် ဆိုတာ ဒါပါပဲ ။
အရေးကြီးတဲ့ အရိပ်မထွက်ဖူးဆိုတဲ့ ကိစ္စဟာ တကယ်မထွက်ပါဘူး ။ ဘာလို့ မထွက်သလဲဆိုရင် နေရောင်ခြည်ကို ဖမ်းယူခြေဖျက်နေလို့ တဖက်မှာ အရိပ်မပေါ်နိုင်တာပါ ။ ဒါပေမယ့် အကန့်အသတ်မဲ့ နေရောင်ခြည်ကို ချေဖျက်နေရင်း သူ့ရဲ့ပါဝါတွေလည်း ဆုံးရှုံးကြရပါတယ် ။ ကြာရင် မစွမ်းတော့ပဲ ပဲကြီးလှော်နဲ့သာ လဲစားရပါ့မယ် ။
ရေပေါ် ပေါ်တယ်ဆိုတာလည်း ဒီရောင်ခြည်တွေက တွန်းကန်ပင့်တင်အားပေးလို့ ဖြစ်ရတာပါ ။ ဒါအကြမ်းဖျင်းပါပဲ ။ ဒီပစ္စည်းတွေကို ဘာလုပ်မှာလည်း ? ဒီစျေးတွေက တကယ်ပေးတာလား? ရှေးမြန်မာတွေ ဘယ်လိုလုပ်ခဲ့သလဲ?
ဒီမေးခွန်းတွေအတွက် သိပ္ပံနည်းကျ ဆက်စပ်ပြီး သဘာဝကျကျ ဖြေပြပါမယ် ။ fb ပေါ်ကနေ ရေးပြရတာ ကျနော်ဟာ သဘာဝယုတ္တိမကျပဲ ငါ့စကားရ နွားရ ပေါကြောင်ကြောင် ဂမ္ဘီရသမားအဆင့် မဟုတ်ပါဘူး ဆိုတာ သိစေချင်လို့ပါ ။ ဒါလောက်သိထားသူ ငါးယောက်မပြည့်ပါဘူး ကျနော်လည်း ဆရာစား ချန်ထားပါတယ် ။
ကဲ ဒီပစ္စည်းတွေ ဒီစျေး နဲ့ ဘာလုပ်ဖို့ ဝယ်နေတာလည်း ၊ ရှေးမြန်မာတွေ ဘယ်လိုလုပ်ခဲ့သလဲ ဆိုတော့ ..........!
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment