လောကကို ပြောင်းလဲစေသည့် နီတိများ(၈)
လောကကို
နှုတ်မှုပညာကို
ဖြစ်စေ၊ လက်မှုပညာကို ဖြစ်စေ သေးငယ်၏ဟု မထင်မှတ်ရာ။
ကုန်စင်အောင်တတ်မြောက်ခဲ့သော်
မိမိတတ်မြောက်ထားသော အတတ်ပညာတစ်မျိုးမျိုးက အသက်မွေး ဝမ်းကျောင်းအတွက် အထောက်အပံ့ဖြစ်နိုင်၏။ ။
ယနေ့ခေတ်သည် ပညာခေတ် ဖြစ်သည်။ ပညာတတ်သူတို့
နေရယူတွင်ကျယ်နေသော ခေတ်ဖြစ် သည်။ ပညာကို အဓိပ္ပါယ်ဖွင့်ဆိုရမည်ဆိုလျှင် အဆိုးအကောင်း၊
အကျိုးအကြောင်းကို ဝေဖန်ချင့်ချိန်နိုင် သည့်အရာ ဖြစ်သည်။ ပညာကိုထပ်၍ ပိုင်းခြားရမည်ဆိုလျှင်
အသိပညာနှင့် အတတ်ပညာဟူ၍ (၂)မျိုး ခွဲခြားနိုင်သည်။
ထိုပညာ(၂)မျိုးစလုံးမှာပင် သင်ကြားခြင်း၊
သင်ယူခြင်း ရှိသည်။ အသိပညာဖြစ်စေ၊ အတတ် ပညာဖြစ်စေ ပညာရပ်တစ်ခုခုကို တစ်ဖက်ကမ်းခတ်အောင်
တတ်မြောက်ထားဖို့လိုသည်။ ပြိုင်ဆိုင်မှုတွေ သိပ်ကိုပြင်းထန်သော ယနေ့ခေတ်လိုအချိန်မျိုးတွင်
စားသုံးသူများထံမှ မိမိကုန်ပစ္စည်းကို အသံသဲ့သဲ့ ကြားရဖို့ မနည်းပင် ကြိုးစားနေရသော
အချိန်ဖြစ်သည်။ ကုန်ပစ္စည်းကောင်းရုံနှင့် မလုံလောက်တော့။ ကောင်းသထက်ကောင်းအောင် ကြိုးစားနေရသည်။
သစ်သထက် သစ်အောင် ကုန်ပစ္စည်းအသစ်အသစ် တွေကို ထုတ်လုပ်ပြိုင်ဆိုင်နေရသော အချိန်ဖြစ်သည်။
အပြိုင်အဆိုင် ပြေးလွှားရင်း ရပ်တည်နေရသောအချိန်ဖြစ်သည်။
ရှေ့ဆုံးမှာရောက်နေသော်လည်း အပြေးစံနှုန်းကို လျော့၍မရ၊ နောက်မှ ကပ်ပါလာသူအားလုံးက ကျော်တက်သွားဖို့ရန်
အားသွန်ကြိုးစားနေ ကြသောကြောင့် ဖြစ်သည်။ အောင်မြင်မှုတွင် ယစ်မူး၍ မရ။ အောင်မြင်မှုတွင်
ယစ်မူးလိုက်သည်နှင့် အားလုံး၏နောက်တွင် ရောက်သွားသူမှာ သင်ဖြစ်သွားမည်ဖြစ်သည်။ အောင်မြင်မှုတွင်
နစ်မျောမိသဖြင့် နောက်ကောက်ကျသွားသည့် ကုမ္ပဏီကြီးများ၊ ပြိုင်ပွဲမှ ထွက်ခွာသွားရသည့်
လုပ်ငန်းစုများ များစွာရှိသည်။
တစ်ချိန်က မိုဘိုင်းဖုန်းလောကတွင် ထိပ်ဆုံးတစ်နေရာမှာရှိနေသည့်
(Nokia) ဖုန်းကုမ္ပဏီကြီး (Microsoft) ကုမ္ပဏီကြီးလက်အောက်သို့ ထိုးအပ်လိုက်ရခြင်းမှာ
အောင်မြင်မှုရေစီးတွင်မျောရင်း ပြေးနှုန်း ကို လျော့ချမိလိုက်သောကြောင့် ဖြစ်သည်။ ပညာရပ်ဟူသည်
မည်သည့်အခါမျှ ဆုံးခန်းတိုင်သည် မရှိသော ကြောင့် အမြဲမပြတ်ပင် လေ့လာနေသင့်သည်။ သင်ယူနေသင့်သည်။
သို့မဟုတ် ပညာစုံမှ ပြိုင်ပွဲထဲဝင် မည်ဆိုပါလျှင် အားလုံး၏နောက်မှ လိုက်ရမည့်သူမှာ
သင်ဖြစ်သည်။ အတတ်ပညာသက်သက်ဖြင့် ရပ်တည် မည်ဆိုပါက အလုပ်သမားဝန်ထမ်းအဆင့်တွင် ရှိနေမည်သာဖြစ်သည်။
အသိပညာ၊ အတတ်ပညာတစ်ခုခုကို ထူးထူးချွန်ချွန်တတ်မြောက်ထားမည်ဆိုပါက
အသက်မွေး ဝမ်းကျောင်းမှုအတွက် စိတ်ပူစရာမလိုဘဲ ထိုက်တန်သည့်နေရာတစ်ခုတွင် ရပ်တည်နိုင်မည်
ဖြစ်သည်။ ထိုနေရာသည် အားလုံး၏ ထိပ်ဆုံးတွင် မဟုတ်သည်မှာလည်း သေချာသည်။ အားလုံး၏ ထိပ်ဆုံးတွင်
ရှိနေချင်သည်ဆိုပါက သင့်ဘက်မှ အစွမ်းကုန်ကြိုးစားအားထုတ်ရန်သာ လိုသည်။ ထိုသို့ အားထုတ်လျက်
နှင့်မှ ထိပ်ဆုံးသို့ မရောက်သေးဘူးဆိုလျှင် သင်၏အားထုတ်မှု မလုံလောက်သေးသောကြောင့်ဟုသာ
မှတ်ယူရမည်ဖြစ်သည်။ သို့မဟုတ် သင့်ထက် ကိုယ်စွမ်း၊ ဥာဏ်စွမ်း စိုက်ထုတ်နိုင်သူတွေ ရှေ့မှာရောက်
နေကြသည်ဟု ခံယူရမည် ဖြစ်သည်။
ယနေ့ခေတ်တွင် ကံကောင်းသူတို့ ထိပ်ဆုံးသို့
ရောက်နေကြသည်ဟု ပြောတတ်ကြသည်။ တကယ် တော့ ကံကောင်းခြင်းဆိုသည်က ကြိုးစားမှုနှင့် အခွင့်အရေးတိုက်ဆိုင်သွားချိန်တွင်
ဖြစ်ပေါ်လာသော အရာဖြစ်သည်။ ထိပ်ဆုံးရောက်နေကြသည့် ကံကောင်းသူတို့အကြောင်း သေချာစွာလေ့လာကြည့်မည်
ဆိုလျှင် ပေးဆပ်ခဲ့ရသည့်အချိန်က သင်တို့သတိမပြုမိသူများ ဖြစ်နေတတ်ကြသည်။ သင်တို့ သက်တောင့်
သက်သာဖြင့် ဘဝကိုဖြတ်သန်းနေရချိန်တွင် သူတို့အတွက် မနိုင်ဝန်ကိုထမ်းကာ မချိမဆန့် ခရီးဆက်နေရ
ချိန်များ ဖြစ်သည်။ လူတိုင်းတွင် နောက်ခံပုံပြင်များရှိတတ်ကြသည်။ ဆင်းရဲဒုက္ခရောက်ဖူးသူတိုင်း
အောင်မြင်သူ ဖြစ်မလာနိုင်သော်လည်း အောင်မြင်သူတိုင်းမှာတော့ ဆင်းရဲဒုက္ခရောက်ခဲ့ရသည့်
ပုံပြင်များ ရှိနေတတ်ကြသည်။
အခက်အခဲကြုံတွေ့နေချိန်တွင်
သင်မည်သို့ရင်ဆိုင်ဖြတ်သန်းသည်ဆိုသည်က အောင်မြင်သူနှင့် သာမန်လူကြား ကွဲပြားခြားနားသွားစေသည့်
အချက်ဖြစ်သည်။ အချိုးအကွေ့များလွန်းသည်ဆိုပြီး ဘဝကို တစ်ပွဲတိုးနည်းများဖြင့် သင်ဖြတ်သန်းခဲ့ပါသလား။
ထိုသို့ဆိုလျှင်တော့ ထိပ်ဆုံးသို့ သင်ရောက်နေပါ သော်လည်း အခိုက်အတန့်တစ်ခုမှာသာ ဖြစ်မည်။
ယနေ့အချိန်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ထိပ်ဆုံးရောက်နေသူများကို ကြည့်လိုက်ပါ။ အောက်ခြေ
ဘဝအစတွင် အုတ်မြစ်ခိုင်ခိုင် ချခဲ့သူများဖြစ် ကြောင်း သင်တွေ့ရမည်ဖြစ်သည်။
မြန်မာစကားတွင် ရှိသည်။ “ဝ” မရှိဘဲ
“ဝိ” လုပ်တယ် ဆိုသော စကားဖြစ်သည်။ “ဝ” မရှိဘဲ “ဝိ”လုပ်သူသည် လေထဲတိုက်အိမ်ဆောက်နေသူသာ
ဖြစ်သည်။ မည်မျှပင် ခမ်းနားကြီးကျယ်နေပါစေ အိပ်ယာနိုးသည်နှင့် ပျောက်ကွယ်သွားမည်မှာ
အသေအချာပင်ဖြစ်သည်။ “ဝိ” လုပ်နိုင်ဖို့အတွက် “ဝ” ရှိဖို့လိုသည်။ ဘဝကို အကောင်းဆုံး
ဆောက်တည်နိုင်ရန်အတွက် ပညာလိုသည်။ မိမိသည် အသိပညာရှင် လား၊ အတတ်ပညာရှင်လား ဆိုသည်ကိုတော့
အတိအကျသိထားဖို့လိုသည်။ သို့မဟုတ်လျှင် ပညာရှင် ယောင်ယောင် ဘဝဖြင့် အဆုံးသတ်သွားမှာ
သေချာသည်။
မိမိတတ်မြောက်ထားသည့် အသိပညာ၊ အတတ်ပညာကို
ချဲ့ထွင်နိုင်ဖို့လိုသည်။ ဆင့်ပွားနိုင်ဖို့ လိုသည်။ လက်ဆင့်ကမ်းနိုင်ဖို့လည်း လိုသည်။
ဖခင်လက်ထက်က ပညာသည် သားလက်ထက်တွင် ပျောက်ကွယ်ကာ မျိုးဆက်မပြတ်သင့်ပေ။ တချို့တိုင်းရင်းဆေးနည်းများသည်
အဖိုးလက်ထက်မှ မြေးလက်ထက်၊ မြစ်လက်ထက်ထိတိုင် စီးဆင်းဆဲဖြစ်သည်။ သို့သော် အနည်းစုဖြစ်သည်။
တချို့တွေက ခေတ်မမှီတော့ဆိုကာ ပစ်ပယ်လိုက်ကြသည်။ တချို့ပညာရပ်တွေကတော့ လျှို့ဝှက်လွန်း၍
ကွယ်ပျောက် သွားခြင်းဖြစ်သည်။ ထို့ကြောင့် တတ်သိသည့် ပညာရှင်များမှ ဖော်ထုတ်သင့်သည်။
ခေတ်မမှီတော့ဆိုကာ ပစ်ပယ်လိုက်မည့်အစား မည်သည့်နည်းဖြင့် ခေတ်မှီစေမည်ဟုဆိုကာ တီထွင်ကြံဆသင့်သည်။
မိမိ၏ ကိုယ်ပိုင်လုပ်ငန်းကို အဆင့်မှီစေရန်
ချဲ့ထွင်စဉ်းစားခြင်းမရှိဘဲ သူတပါးအလုပ်တွင်၊ အိမ်နီးချင်းနိုင်ငံများတွင် ဝန်ထမ်းအဖြစ်
သွားရောက်လုပ်ကိုင်နေသူများကြောင့် ရိုးရာလက်မှုအတတ်များ၊ ရိုးရာပညာရပ်များ၊ ဆေးနည်းများ
ကွယ်ပျောက်သွားခဲ့ရခြင်းဖြစ်သည်။ ကိုရီးယားလူမျိုးတို့၏ ရိုးရာ ကင်မ်ချီကို တရုတ်တို့က
တုပကာ ကင်မ်ချီထုတ်ပြီး အလွန်နည်းပါးသောဈေးနှုန်းဖြင့် ကိုရီးယားသို့ တင်သွင်းသည်။
သို့သော် မည်သည့်ဓာတုပစ္စည်းများဖြင့် လုပ်ထားသည်မသိသော တရုတ်ကင်မ်ချီကို ကိုရီးယားတို့
မစားကြ။ ရိုးရာကင်မ်ချီကိုသာ စားကြသည်ဟု သိရသည်။ အတုကို ခိုး၍ရသော်လည်း အစစ်ကို ခိုး၍မရဆိုသော
စကားကို သတိရမိသည်။
ထို့ကြောင့် ကျွန်တော်တို့အားလုံး တတ်သိထားသည့်
ပညာများကို မေ့လျော့မပစ်ဘဲ၊ ကွယ်ဝှက် မထားဘဲ လက်ဆင့်ကမ်းခဲ့ကြမည်ဆိုလျှင် အလုပ်သမား
ဝန်ထမ်းဘဝမှသည် ကိုယ်ပိုင်လုပ်ငန်းရှင်များ ဖြစ်လာကြပေလိမ့်မည်။ ဝန်ထမ်းဟူသည် မိမိလုပ်အားကို
ရောင်းစားရသူဖြစ်သည်။ အားမထုတ်နိုင်သည့် တစ်နေ့တွင် လုပ်ငန်းခွင်က စွန့်ပယ်ပစ်လိုက်မှာပဲ
ဖြစ်သည်။ လုပ်ငန်းရှင်ဆိုသည်က ဝန်ထမ်းလို ကိုယ်အားထုတ်စရာမလို၊ စဉ်းစားကာ အကြံဥာဏ်ထုတ်ရန်သာ
လိုသည်။ ကျွန်တော်တို့တတွေက စဉ်းစားရမည်ကို သေမလောက်ကြောက်သည်။ ထို့ကြောင့် သူတစ်ပါးခိုင်းသည့်ဘဝတွင်
ဝန်ထမ်းအဖြစ် လုပ်နေရသည်ကို ပျော်မွေ့နေကြသူများဖြစ်သည်။
အတတ်ပညာတစ်ခုကို အခြေခံကာ လုပ်ငန်းတစ်ခု
ထောင်လိုက်ပြီဆိုပါစို့။ ဆွေမျိုးအသိုက် အဝန်းထဲမှ တခြားသွားရန် မလိုဘဲ အလုပ်ရှိလာကြမည်ဖြစ်သည်။
၎င်းတို့အထဲမှ ဆက်စပ်ရာလုပ်ငန်းများ တပိုင်တနိုင်ထောင်လိုက်ကြခြင်းဖြင့် ကြီးမားသည့် လုပ်ငန်းစုတစ်ခုကို
ထူထောင်မိမည်ဖြစ်သည်။ တရုတ်တို့ စီးပွားရေးချဲ့ထွင်ကြသည်မှာ ဤနည်းနှင့် အစပြုခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ကျွန်တော်တို့အားလုံး တတ်သိထားသည့်
ပညာကိုအခြေခံကာ လုပ်ငန်းလုပ်ကြ မည်ဆိုလျှင်၊ ထိုလုပ်ငန်းကိုလည်း ခေတ်နှင့်အညီတိုးတက်အောင်
မပြတ်ကြံဆနေကြမည်ဆိုလျှင် ဖွံ့ဖြိုးဆဲ နိုင်ငံအဖြစ်မှ ကုန်းရုန်းထနေရသည့်နိုင်ငံသည်
တစ်ချိန်တွင် အိမ်နီးချင်းနိုင်ငံများနှင့် ရင်ဘောင်တန်းနိုင် ပေလိမ့်မည်။ ထိုကာလသည်
ဝေးသလား၊ နီးသလားဆိုသည်ကမူ ယနေ့သင်မည်သို့ လုပ်ကိုင်ဆောင်ရွက် နေသလဲ ဆိုသည်ကို ကြည့်၍
ဆုံးဖြတ်နိုင်လောက်ပေသည်။ ကျွန်တော်တို့ အားလုံး ပြိုင်တူတွန်းကြမည် ဆိုပါလျှင်…။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
***** ***** *****
Comments
Post a Comment