ပျားကလေးပဲ ဖြစ်ချင်တယ်
"ရခဲမှ ရတနာ သိဖို့ခဲယဉ်းတာ သိရမှပညာ"။
ထိုစကားစုလေးသည် လွန်စွာရိုးရှင်းပါသည်။ ရိုးရှင်းသလောက် အဓိပ္ပါယ်ပြည့်လွန်းသော စာစုလေးလည်းဖြစ်သည်။
လူတို့သည် လွယ်လွယ်ရသည့် အရာကို တန်ဖိုးထားဖို့ ခဲယဉ်းသည်။ ရှားပါးသည့်အရာကိုသာ အလေးထားသည်။
အလွယ်တကူ သိလိုက်ရသည့်အရာကို ပညာဟု မသတ်မှတ်ကြ။ ထို့ကြောင့်ပင် ဂါထာပေး တေးဖြစ် ဆိုသော
စကားတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ရခဲသည့် ရှားပါးသည့် အရာဖြစ်စေဦး မိမိအားစိုက်ထုတ်ထားရသည့်
အရာမဟုတ်သရွေ့ တစ်ပါးသူ တန်ဖိုးထားသည့် အရာကို လေးစားတန်ဖိုးထားနိုင်ဖို့ ခဲယဉ်းလေသည်။
အတ္တအချိုးအစားများများ ရောနှောနေသည့် လူအများ၏ သဘာဝပင် ဖြစ်သည်။ လုပ်အားတန်ဖိုးဆိုသည့်
ပုံဟောင်းတစ်ပုဒ်ကို ဖတ်ဖူးသူ များလိမ့်မည်
ထင်ပါသည်။ လုပ်အားတန်ဖိုးသိစေချင်သည့် သူကြွယ်တစ်ဦးက သူ့သားလုပ်အားခ အဖြစ်ရလာသည်ဟု
ပြောသော ဒင်္ဂါးပြားကို မီးဖိုထဲသို့ နေ့စဉ်ပစ်ထည့်သည်။ ညနေတိုင်းပင် ဖြစ်သည်။ တစ်နေ့တွင်တော့
သူပစ်ထည့်လိုက်သည့် ဒင်္ဂါးပြားကို မီးဖိုထဲရှိ ပြာပူများကို ယက်ဖယ်ပြီး ပြန်ယူသည့် သားဖြစ်သူကို
တွေ့သည်နှင့် သူ့နှုတ်ဖျားမှ ထွက်လာသည့် စကားမှာ …
" ငါ့သား လုပ်အားတန်ဖိုးကို တကယ်သိပြီ
…"
ဟူ၍ ဖြစ်သည်။ အမှန်တကယ်လည်း ထိုနေ့သည်
သူကြွယ်သား ပထမဆုံး အလုပ်လုပ်ခဲ့သည့်နေ့ ဖြစ်သည်။ ရဖို့ခဲယဉ်းသည့် အရာများမှာပင် ကိုယ်တိုင်ကြိုးစားခဲ့ရသည်ကိုသာ
တန်ဖိုးထားတတ်သည့် လူအများ၏ ပြယုဂ်တစ်ခုလည်းဖြစ်သည်။
ယနေ့ခေတ်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။
မူလီလေးတစ်လုံး ကြပ်လိုက်ရသည်ကိုသာ မြင်သည်။ ပိုက်လေးတစ်ခု တပ်လိုက်ရသည်ကိုသာ မြင်သည်။
ပညာကို မမြင်ကြတော့။ ထိုသို့ ကြပ်ရမည့် မူလီ၊ တပ်ရမည့် ပိုက်တို့အကြောင်း သိရန်ပညာသင်ခဲ့ရသည့်
အချိန်၊ ငွေနှင့် ကြိုးပမ်းအားထုတ်ခဲ့ရခြင်းကို မသိမြင်ကြတော့တာ သေချာသည်။ ထို့ကြောင့်ပင်
ဒေါ်နယ်ထရမ့်က…
" လူအတော်များများဟာ အောင်မြင်သူတွေကို
ကြည့်တဲ့အခါ အောင်မြင်မှုကိုသာ မြင်ပြီး ကျန်တာဘာမှ မမြင်ကြတော့ဘူး…"
ဟု ဆိုခဲ့ခြင်းဖြစ်သည်။ ကိုယ်တိုင်မဟုတ်သဖြင့်
ကြိုးစားအားထုတ်ခဲ့ရသည့် အချင်းအရာတို့ကို တန်ဖိုးမထားတတ်ကြသည်မှာ လူအများစုဖြစ်သည်။ ထို့ကြောင့် တချို့သူတို့က ပညာကို
အလွယ်တကူ မပေးတော့ခြင်း ဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ကို အထူးပြုသင်ကြားသည့်
ဆရာမကြီးတစ်ဦး၏ သင်တန်းတစ်ခုတွင် သင်တန်းကြေးသွင်းကာ တက်ကြသည့် သင်တန်းသားအားလုံး
သင်တန်းချိန်မှန်ကြသည်။ ဌာနဆိုင်ရာမှကြီးမှူးဖွင့်လှစ်သည့် သင်တန်းအပတ်စဉ်တစ်ခုတွင်
ထိုဆရာမကြီးသည်ပင် သင်တန်းမှာသင်ကြားသည့် သင်ရိုးညွှန်းတန်းအတိုင်း သင်ကြားသည်။ သို့သော်
သင်တန်းအပတ်စဉ်အတွင်း သင်တန်းမှန်သည့် သင်တန်းသားမှာ လက်ငါးချောင်းပင် မပြည့်ချင်ဟု
ဆရာမကြီးက ပြောပြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဆရာမကြီးက ထိုသင်တန်းကို မေတ္တာရိက သင်ကြားပေးခြင်းဖြစ်၍
ဌာနဆိုင်ရာမှ သင်တန်းသားများအား ပေးသွင်းခိုင်းသည့် သင်တန်းကြေးမှာ မပြောပလောက်သည့်
ပမာဏ ဖြစ်နေသောကြောင့် ဖြစ်သည်။ လူတို့၏ သဘောမှာ လွယ်လွယ်နှင့် အဖိုးနည်းနည်းပေးကာ
ရလျှင် တန်ဖိုးမထားတတ်ကြခြင်း ဖြစ်သည်။
ကျွန်တော်သည် လုပ်ငန်းနှင့် ဆက်စပ်နေသည့်
ပညာရပ်များကို အခွင့်ကြုံသည်နှင့် လေ့လာနေသူဖြစ်သည်။ ထို့ကြောင့် အလုပ်ရုံဆွေးနွေးပွဲများ၊
သင်တန်းများကိုလည်း အခွင့်သင့်သည်နှင့် တက်ဖြစ်သည်က များသည်။ လေးစားအားကျရသည့် ဆရာလည်း
များစွာရှိသည်။ တချို့ဆရာ၊ ဆရာမလေးများက ကျွန်တော့်ထက် ဆယ်နှစ်နီးပါး ငယ်ကြသည်။ သို့သော်
ပညာရပ်နယ်ပယ်တွင် ဆယ်ဆမက ကြီးမားကြသူများ ဖြစ်သည်။ ထို့ကြောင့် ရိုးသားစွာပြောရလျှင်
လေးစားအားကျသည့် ဆရာများထံမှ သဘောကျနှစ်သက်သည်များကို ပုံတူကူးပါသည်။ တချို့ဆရာများက တစ်ဆင့်ကြားဖြင့်
လေးစားမိသူများ ဖြစ်သည်။
" ကိုယ်ပေးမှ ရမယ့်သူတွေအတွက်
သင်တန်းလာတာပါ…"
ထိုစကားကို ပြောခဲ့သူသည် ကျွန်တော့်ထက်
ဆယ်နှစ်နီးပါး ငယ်ပါသည်။ တစ်ဆင့်ကြားဖြင့် လေးစားမိသည့် သင်တန်းဆရာတစ်ဦး ဖြစ်သည်။
ဆရာကြီး (ဦး)အောင်သင်း စကားကို ငှားသုံးရမည်ဆိုလျှင် ကျွန်တော်ကြည်ညိုမိသည့် ဆရာတစ်ဦးလည်း
ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာလေးသည် ထိုအချိန်ကကျန်းမာရေးမကောင်းရုံမက မိုင်ရာချီဝေးသည့်
ဒေသမှ ခရီးရောက်မဆိုက် သင်တန်းသို့ သင်တန်းချိန်အတိုင်း ဝင်လာခဲ့ခြင်းဖြစ်သည်။ လပြတ်သင်တန်းဖြစ်၍
တစ်ရက်ပျက် သော်လည်း သင်ရိုးကို မထိခိုက်စေလောက်သည့် သင်တန်းတစ်ခုလည်း ဖြစ်သည်။
နောက်တစ်ဦးမှာ ပျားနှင့် ပိတုန်း၏
တန်ဖိုးကို သိလာစေသည့် ဆရာဖြစ်သည်။ ပန်းဝတ်ရည်ကို ပိတုန်းတွေလည်း ယူနိုင်သလောက်ယူသည်။
လောကကြီးကို ပြန်၍ အကျိုးပြုရန် မေ့နေသည်။ ပျားကတော့ ပန်းဝတ်ရည်ကို သယ်နိုင်သလောက်
သယ်သည်။ လောကလူအများအတွက် ချိုမြိန်သည့် ပျားရည်ကိုလည်းပေးသည်။ လောကကိုအလှဆင်သည့် ပန်းတွေကိုလည်း
ပွင့်စေသူ ဖြစ်သည်။ ထိုအချိန်မှ စကာ ကျွန်တော်လည်း ပျားတစ်ကောင်ဖြစ်လိုသည့် ဆန္ဒ ကိန်းအောင်းလာခဲ့ပါသည်။
လုပ်ငန်းစုကြီးတစ်ခုတွင် (၆)နှစ်ခန့်မျှ
ကျွန်တော် အလုပ်ဝင်ခဲ့ပါသည်။ ထိုကာလအတွင်း အလုပ်နှင့်ပတ်သက်သည့် သိသင့်သိထိုက်သမျှကို
လေ့လာသည်။ သင်ယူသည်။ အလုပ်ချိန်လွတ်သည့် အချိန်များတွင် သင်တန်းများလည်း တက်သည်။ ထိုလုပ်ငန်းစုကြီးမှ
နောက်လုပ်ငန်းစုတစ်ခုသို့ ပြောင်းသည့်အခါ လူငယ်လူသစ်လေးများနှင့် တွေ့သည်။ အများစုမှာ
လုပ်ငန်းအတွေ့အကြုံမရှိသူများ ဖြစ်သည်။ တချို့မှာ ရက်တိုသင်တန်းလေးများတက်ကာ သင်တန်းဆင်းလက်မှတ်ကိုင်ထားသူများ
ဖြစ်သည်။ ရက်တိုသင်တန်းဟူသည် ပညာရပ်နယ်ပယ်တစ်ခုကို လေ့လာရန် နည်းပေးလမ်းပြခြင်းသာ ဖြစ်သည်။
ဆက်လက်လေ့လာရန်မှာ သင်တန်းသား၏ တာဝန်ဖြစ်သည်။ ကျွန်တော် အလုပ်ဝင်ရသည့် ဌာနရှိ လူငယ်လေးများမှာ
သင်တန်းဆင်းလက်မှတ် ရသည်နှင့် ပညာစုံပြီဟု ထင်နေသူများဖြစ်သည်။
အခြေအနေအရ ထိုသူများကို သင်တန်းပေးရန်
ဖြစ်လာပါသည်။ တက်ခဲ့ရသည့် သင်တန်းများ၏ အားသာချက်များ၊ လေ့လာခဲ့သည့် ပညာရပ်များ၊ လက်တွေ့ဆည်းပူးထားသည့်
အတွေ့အကြုံများမှ ထုတ်နှုတ်ကာ လုပ်ငန်းခွင်ချောမွေ့အဆင်ပြေစေရေးအတွက် သင်တန်းပေးပါသည်။
အလုပ်ချိန် မထိခိုက်စေရန်အတွက် တစ်ပတ်တစ်ရက် နားချိန်ထဲမှ ဖဲ့ကာ မနက်ဆိုင်း၊ နေ့ဆိုင်း၊
ညဆိုင်းများ အဆင်ပြေမည့်အချိန်ရွေးကာ သင်တန်းပေးပါသည်။ တစ်ပတ်၊ နှစ်ပတ် လူစုံပါသည်။
နောက်အပတ်များတွင် နေမကောင်းလို့ ဆိုသော စကားဖြင့် ပျက်ကွက်မှုများ ရှိလာသည်။ ကျွန်တော်တို့လူမျိုး
ချမ်းသာသည်မှာ ဆင်ခြေများလားဟု တွေးမိသည်အထိ ဆင်ခြေအမျိုးမျိုးဖြင့် ပျက်လာကြသည်။
သင်တန်းဆရာမတစ်ဦးပြောခဲ့ဖူးသည့် စကားကို
ပြန်၍ အမှတ်ရမိသည်အထိ ဖြစ်သည်။ အလကားပေးလို့ တန်ဖိုးမထားတာ ဆိုသော စကားဖြစ်သည်။ ဆရာလုပ်ချင်လွန်း၍
သင်တန်းပေးနေခြင်း မဟုတ်ပါ။ ကိုယ်ပေးမှ ရမယ့်သူများဟု ထင်မြင်မိသောကြောင့် သင်တန်းပေးနေခြင်း ဖြစ်သည်။ လုပ်ငန်းခွင်တွင် အကြီးအကဲမရှိချိန်များ၌
ကိုယ်တိုင်ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်းတို့ တိုးတက်စေလို၍ သင်ယူလေ့လာဖူးသည်များမှ အသိပညာများကို
ပြန်လည်ဝေမျှနေခြင်းသာ ဖြစ်ပါသည်။
ပြောရမည်ဆိုလျှင် ကျွန်တော်ပျားလေးတစ်ကောင်ပဲ
ဖြစ်ချင်ပါသည်။
လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၂၆.၉.၂၀၁၆ ည ၈း၀၈ မိနစ်)
https://web.facebook.com/authorhtooaungwint
Comments
Post a Comment