နိဒါန်း(၂)
နိဒါန်း(၂)
မိသားစုနှင့် ပတ်သက်သော နောက်ထပ်အခန်းတစ်ခန်းမှာ
ရိုးရှင်းသော မိသားစုဘဝ တည်ဆောက်ခြင်း အခန်းဖြစ်ပါသည်။ ညီအစ်ကို မောင်နှမ၊ မိသားစုဘဝဆိုသည်ရှိသလို
ဇနီးမယား၊ သားသမီးဟူသော မိသားစုဘဝနှင့် ပတ်သက်၍ တင်ပြထားသောအခန်း ဖြစ်ပါသည်။ ကျွန်တော့်ကိုယ်ပိုင်
မိသားစုဘဝလေးအကြောင်းကို အရိုးရှင်းဆုံးတင်ပြပေးထားသလို ကျွန်တော်တို့၏ မိသားစုဘဝကလည်း
အရိုးရှင်းဆုံး ဖြစ်နေသည်ကို ဖတ်ရှုကြရလိမ့်မည်။
ကျွန်တော့်ဇနီးဖြစ်သူက တစ်ခါတစ်ရံ ရယ်ရွှန်းဖတ်ရွှန်းပြောတတ်သည့်
စကားတစ်ခွန်းရှိပါသည်။
" ကိုစိုးဝင်းက တာဝန်ကျေပြီး ဝတ္တရားမကျေဘူး … "
ဟူ၍
ဖြစ်ပါသည်။ အလုပ်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သော်လည်း မိသားစုဝတ္တရားများကို
မကျေဟု သူကဆိုခြင်းဖြစ်ပါသည်။ တကယ်ကော ကျွန်တော့်အနေဖြင့် မိသားစုဝတ္တရား မကျေခဲ့တာ
လားဟု တွေးတောစရာဖြစ်ပါသည်။ တကယ်ပဲ မကျေခဲ့ဘူးဆိုရင်တောင်မှ ထိုမကျေခဲ့သော အခြေအနေကို
ကျွန်တော့်ဇနီးဖြစ်သူက ကျေကျေနပ်နပ်ကြီး လက်ခံပေးခဲ့သူ ပါရမီရှင်တစ်ဦးဖြစ်သည်ဟု ဆိုရပါမည်။
သမီးရည်းစားဘဝတွင်လည်းကောင်း၊ နှစ်ကိုယ်တည်းရှိနေစဉ်
အိမ်ထောင်သည်ဘဝတွင် လည်းကောင်း၊ သားတစ်ယောက်၊ သမီးတစ်ယောက်ရရှိပြီး တစ်ယောက်တည်း ပြုစုပျိုးထောင်ရချိန်တွင်
လည်းကောင်း တစ်ချက်မှ မညည်းမညူခဲ့သော သူ့အနေဖြင့် သမီးရည်းစားဘဝမှသည် အိမ်ထောင်သည်
ဘဝအထိ ပြောင်းလဲလာမှု၊ သားသမီးများ ပွားစီးလာမှု၊ သားသမီးများအရေး၊ အိမ်ထောင့်အရေး တာဝန်
ယူမှု၊ တာဝန်နှင့် ဝတ္တရားတို့နှင့် ပတ်သက်သော ခံယူချက်၊ ရပ်တည်ချက်နှင့် မိသားစုဘဝ တည်ဆောက်မှု
များတွင် အထူးသဖြင့် ရိုးရှင်းပြီးအေးချမ်းသော မိသားစုဘဝအတွက် ကြိုးပမ်းခဲ့ရပုံများတွင်
သူ၏ သဘောထားများကို တွေ့ရမည်ဖြစ်ပါသည်။
မိသားစုအရေးနှင့်ပတ်သက်သော နောက်ထပ်တစ်ခန်းမှာ
" ဆန်းကြယ်သော သံယောဇဉ် " အခန်း ဖြစ်ပါသည်။ ကြီးခါမှ တွေ့ခဲ့ရသော ညီအစ်ကိုနှစ်ယောက်ကြားက
သံယောဇဉ်မှသည် မိသားစုများအကြား အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ ခံစားချက်များနှင့်
ခံယူချက်များ၊ ရိုးသားပွင့်လင်းမှုများကို ထင်သာမြင်သာစေပါသည်။ ပြီးတော့ ညီအစ်ကိုနှစ်ယောက်ကြားက
ဆက်သွယ်မှုသည် သာမန်ထက် ထူးကဲသော အမြွှာတို့၏ စိတ်ချင်းဆက်သွယ်မှု အခြေအနေနှင့် အဖြစ်အပျက်များ
အကြောင်းကိုလည်း ဤအခန်းတွင် ဖတ်ရှုကြရပါမည်။
ကျွန်တော့်ကျန်းမာရေး ချို့ယွင်းလာသည့်အခါ ညီအစ်ကိုနှစ်ယောက်ကြားက ဆက်နွှယ်မှုသည် ခံစားချက် ပြင်းထန်လွန်းလှသည်။ တစ်ယောက်အတွက် တစ်ယောက်အသက်ပေးရဖို့ ဝန်မလေးသော အခြေအနေမျိုးကို ကျွန်တော်တို့တွေ့ကြုံရသည့်အခါ လောကသည် ကျွန်တော်တို့ကို ပြက်ရယ်ပြုလွန်း နိုင်လှသည်ဟုပင် တွေးထင်မိသည်အထိ ဖြစ်ရသည်။ ကျွန်တော်၏ အသက်ကိုကယ်ရန် ညီဖြစ်သူ၏ ကြိုးပမ်းမှုသည် မည်မျှ အရာထင်ခဲ့ပါသနည်း။ ကျွန်တော်တို့ နှလုံးသားတွင် ကြီးစွာသော နှောင်ဖွဲ့မှုတွေ ဖြစ်စေပါသည်။ ဤအပိုင်းတွင် ကျန်းမာရေးချို့ယွင်းသဖြင့် ဆေးရုံတက်ရသည်မှအစ တိုင်းပြည်နှင့် လူမျိုး အတွက် တာဝန်ယူထားရသည်များမှ ဘေးတွင်ရောက်နေပြီး မချင့်မရဲဖြစ်ရမှုများ၊ ခံစားရမှုများကို ဖော်ပြ ပေးထားပါသည်။ ဘဝတစ်လျှောက် တာဝန်ယူခဲ့ရမှုများကို ပြန်လည်ဆင်ခြင်ထားမှုများပါဝင်ပြီး နိုင်ငံတော်နှင့် နိုင်ငံတော်အကြီးအကဲများ၏ ဆန္ဒနှင့် တာဝန်ပေးအပ်မှုကို ကျေပွန်အောင် ဆုံးခန်းတိုင် အောင် မထမ်းဆောင်နိုင်တော့သည့် လက်ရှိအနေအထား၊ အနာဂတ်နိုင်ငံတော်အတွက် ကျွန်တော် မတတ်နိုင်တော့သော အခြေအနေများကို လက်ခံထားရသည့် တစ်သီးပုဂ္ဂလခံစားချက်များကို ဖော်ပြထား ပါသည်။
ကျွန်တော်သည် တပ်မတော်သားဘဝကို ခုံခုံမင်မင်
ရှိလွန်းလှသဖြင့် တပ်မတော်ထဲကို ဝင်ခဲ့သည်။ အစိမ်းရောင် စစ်ဝတ်စုံကိုဝတ်၊ ကျောပိုးအိတ်ကို
လွယ်၊ ရှေ့တန်းကို ထွက်ကာ ရန်သူနှင့် တိုက်ပွဲဝင် ရသောဘဝကို သဘောကျခဲ့သည့်အလျောက် ဗိုလ်သင်တန်းလျှောက်ခဲ့သည်။
ဗိုလ်သင်တန်း မတက်ခင် ကပင် တက္ကသိုလ်အရန်တပ်ရင်းတွင် တပ်သားအဖြစ်ဝင်ခဲ့သေးသည်။ ကျွန်တော်တို့ခေတ်က
တပ်မတော်သားတစ်ယောက်ဖြစ်ဖို့ ဖြေဆိုခဲ့ရသည့် စာမေးပွဲ၊ တက်ခွင့်ရရန် ကြိုးပမ်းရမှု စသည်များသည်
ယနေ့ခေတ်နှင့် အတော်ကလေး ကွာခြားသည်။
တပ်မတော် ဗိုလ်သင်တန်း တက်ရသည့်အခါ၌လည်း သွေးချွေးရင်း၍ ကြိုးပမ်းရပုံများသည်လည်း
မတူခြားနားမှုများ ရှိနေသေးသည်။ စာသင်ကြားရမှု ပုံစံ၊ လက်တွေ့လေ့လာရမှု အနေအထား၊ ထိုခေတ်
ထိုအခါအလျောက် ဗိုလ်လောင်းတို့၏ ဘဝသည် အသက်အရွယ်ရလာပြီဖြစ်သော ကျွန်တော်တို့ ပြန်တွေးမိသည်လျှင်ပင်
ငယ်မူငယ်သွေး ပေါ်ချင်လာသည်။ ကျွန်တော်သည် စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁၂)ကို
တက်ခဲ့သည်။ အပတ်စဉ်(၁၂)သည် အခြားအပတ်စဉ်များထက် နည်းနည်းကလေး ဆိုးချင်သည့် ဇ ရှိသည်။
သို့သော် ကျွန်တော်တို့ အပတ်စဉ်ကနေ၍ တပ်မှူးကြီးများစွာ ပေါ်ထွက်ခဲ့သည်။ တပ်မတော်တွင်
နေရာတူတူတန်တန်ရခဲ့သော တပ်မတော် ခေါင်းဆောင်ငယ်များ ထွက်ခဲ့သည်။ တိုင်းပြည်မှပေးအပ်သော
အရပ်ဘက်တာဝန်များကို ထမ်းဆောင်နေရသူများလည်း များစွာ ပေါ်ထွက်ခဲ့ သည်။ ဗိုလ်သင်တန်းတက်ခါစက
အားလုံးနီးပါး
" ငါတစ်နေ့ ဗိုလ်ချုပ်ကြီး ဖြစ်ရမယ်
"
ဟု
မှန်းထားခဲ့ကြပြီး စစ်သင်တန်းလေးနှစ်ကာလကို ပင်ပင်ပန်းပန်း ဖြတ်ကျော်ခဲ့ကြရသည်မှာ ယခုလို
ပြန်ပြောင်းပြောပြရာတွင် အတော်ကလေး လွမ်းလွမ်းဆွေးဆွေး ဖြစ်မိသည်။
တစ်ဖန် ဗိုလ်သင်တန်းဆင်း၍ တာဝန်ကျရာ တပ်အသီးသီးကို
သွားရောက်တာဝန်ထမ်းဆောင်ရင်း တွေ့ကြုံရသော တိုက်ပွဲများအကြား အသက်မသေဘဲ ကျန်ခဲ့ရသော
အခြေအနေများသည် ဘဝ၏ တစ်ဆစ်ချိုး အကွေ့အပြောင်းများဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ သာမန်
အရာရှိငယ်မှသည် တပ်မမှူး၊ ဗိုလ်မှူးချုပ်ဘဝအထိ ဖြတ်သန်းခဲ့ရာတွင် စောစောပိုင်း ခေါင်းဆောင်ငယ်ကာလက
ကွန်မြူနစ်များနှင့် ရင်ဆိုင်ခဲ့ရခြင်း၊ အရာရှိကြီးဘဝရောက်သည်တွင် တိုင်းပြည်၏ အပြောင်းအလဲနှင့်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ လုပ်ကိုင်ရခြင်းများ စသည့်
တာဝန်တွေ ပိုလာသည်။
တပ်မမှူးဘဝတွင် အထင်ကရနှင့် အမှတ်ရဆုံးမှာ ပြည်-တောင်တွင်း-ပုဂံ ရထားလမ်း ဖောက်လုပ် ခြင်း ဖြစ်သည်။ ထိုရထားလမ်းဖောက်လုပ်ခြင်းသည် ဘဝတက်လမ်းအတွက် ကြီးစွာသော အထောက်အကူ ဖြစ်မည်ကို မတွက်ဆခဲ့သော်လည်း ထိုလုပ်ရပ်သည် ကံဇာတ်ဆရာ၏ ဆန်းကြယ်သောအဖွဲ့အနွဲ့တွင် အရေးပါသော အခန်းတစ်ခန်းအဖြစ် ဖော်ပြရမည်ဖြစ်ပါသည်။ မီးရထားလမ်းဖောက်လုပ်ရေးတွင် ကျွန်တော့် အား မမြင်ရသောအားများက နောက်ကွယ်မှ ပံ့ပိုးပေးသောဖြစ်ရပ်များသည် ဒဏ္ဍာရီဆန်ဆန် ဇာတ်ကွက် တစ်ကွက်အဖြစ် တွေ့ရပါလိမ့်မည်။
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
(၂၁.၁၀.၂၀၁၇ ညနေ ၄း၅၈ မိနစ်)
Comments
Post a Comment