ငယ်ငယ်တုန်းက ကြည့်မြင်တိုင်
ကျွန်တော်ငယ်ငယ်တုန်းက ကြည့်မြင်တိုင် ပိတောက်လမ်းတွင် နေခဲ့သည်။ အဖေနှင့် အမေက အောက်ကြည့်မြင်တိုင် လမ်းမကြီးပေါ်ရှိ နယူးဘားမား ခဲစာလုံးစက် (ယခုကြာငါးခိုင် သင်္ကန်းတိုက်နေရာ) တွင် အလုပ်လုပ်ကြသဖြင့် နယူးဘားမား ခဲသူဌေးက ခဲစာလုံးစက်အပေါ်ထပ်တွင် နေခွင့်ပေးထားသည်။ ပိတောက်ပင်လမ်းထဲ ခဲစာလုံးစက်မှာ အရောင်းဆိုင်၏နောက် ကပ်လျက် နှစ်ထပ်သစ်သားအိမ်ကလေးတွင် ရှိသည်။ ပိတောက်ပင်လမ်းက ခပ်ကျဉ်းကျဉ်းလေးသာ ဖြစ်သည်။ ယခုခေတ်နှင့်ပြောရလျှင် ကားနှစ်စီး ရှောင်သာရုံကလေးပဲ လမ်းကကျယ်သည်။ နောင်တွင် ကျွန်တော်၏ ပါရမီဖြည့်ဘက် ဇနီးဖြစ်လာမည့် မလေးတို့အိမ်က လမ်းအလယ်လောက်တွင် ရှိသည်။ တစ်လမ်းလုံးမှာ ဓာတ်တိုင် လေးတိုင်သာရှိပြီး လျှပ်စစ်မီးလည်း မရှိကြ။ ညညဆိုလျှင် ငွေတတ်နိုင်၍ အစိုးရမီးသွယ်နိုင်သော အိမ်များမှလွဲ၍ အိမ်တိုင်း နီးပါး မှန်အိမ်ကလေးတွေ ထွန်းကြရသည်။
ကျွန်တော်တို့နေထိုင်ရာ
ပိတောက်ပင်အထက်လမ်းသည် ဗမာလူမျိုးတွေပဲများပြီး လူရည် တော်တော်ကလေး သန့်သည်။ ပြီးတော့
လူစုံတက်စုံ ရှိသည်။ အစိုးရဝန်ထမ်းလည်းရှိသလို ကုန်သည်၊ ပွဲစားလည်း ရှိသည်။ ပြီးတော့
လူမိုက်ဆန်ဆန် လူငယ်များလည်း ရှိသည်။ ထိုစဉ်က ကြည့်မြင်တိုင်နယ်မြေတွင် အနုပညာသည် တော်တော်များများနေထိုင်ကြပြီး
မလေးတို့အိမ်ရှေ့တည့်တည့် အိမ်တွင် ဂီတနက်သန် ကိုစောညိမ်းနေသည်။ စစ်တပ်စကားနှင့် ပြောရလျှင်
ပိတောက်ပင်လမ်းသည် အညိုရောင်နယ်မြေဖြစ်သည်။ သို့သော် စည်းလုံးမှုကတော့ အပြည့်ရှိသည်။
ရပ်ရေးရွာရေး ကိစ္စများတွင် တစ်လမ်းလုံး အိမ်ပေါက်စေ့ထွက်ကြသည်။ ဇန်နဝါရီလဆိုလျှင် ဆွမ်းကြီးလောင်းပွဲရှိရာ
ထိုရက်မျိုးဆိုလျှင် ကျွန်တော်တို့အဖို့ ပွဲတော်ကြီးတစ်ခုဖြစ်သည်။ ပိတောက်ပင်လမ်းသာမက
ကြည့်မြင်တိုင်တစ်ခုလုံး လမ်းတိုင်း စတုဒိသာကျွေးသည်။ ကျွန်တော်အပါအဝင် ပိတောက်ပင်လမ်းရှိ
ကလေးတစ်သိုက်မှာ တစ်လမ်းဝင် တစ်လမ်းထွက် စားလိုက်ကြ၊ သောက်လိုက်ကြ။ ပြီးတော့ ဆော့ကြ၊
ကစားကြ။ ဆာလျှင် မဏ္ဍပ်တစ်ခုပြီးတစ်ခု ပြန်ဝင်ပြီးစားကြနှင့် ပျော်စရာကောင်းသော အချိန်များဖြစ်သည်။
ထိုနည်းတူပင် သင်္ကြန်ဆိုလျှင်လည်း မဏ္ဍပ်က ပိတောက်ပင်လမ်းထိပ် တည့်တည့်တွင်ဖြစ်ရာ ကျွန်တော်တို့အိမ်နှင့်
ကပ်နေသောကြောင့် နေ့ရောညပါ ဆူညံနေတတ်သည်။ အက အလှ ပြိုင်ပွဲများနှင့် သင်္ကြန်သံချပ်ကားများ
လည်း ဝင်လိုက် ထွက်လိုက် ရှိခဲ့သည်။
တခြားရက်များဆိုလျှင်တော့
ညနေကျောင်းဆင်း အိမ်ပြန်ပြီးနောက်ပိုင်း အိမ်အလုပ်ကူလုပ်ရသည်။ ပြီးတော့မှ အပြင်ထွက်
ကစားရသည်။ ကျွန်တော်တို့တွေ ညဦးပိုင်းကစားသည့်အခါ အမေက ညရှစ်နာရီထိုးလျှင် အိမ်ပေါ်ပြန်ရောက်ရန်
ကန့်သတ်ပေးထားသောကြောင့် အချိန်တော်တော်ကြာကြာ တော့ မကစားရပါ။ ကစားပွဲဖြစ်ရန် လူစုရတာကိုက
တစ်နာရီလောက် ကြာတတ်သောကြောင့် ကျွန်တော်အလွန်ဆုံးဆော့ရလှ တစ်နာရီပဲ ဖြစ်သည်။ ကစားတာကလည်း
ဝေးဝေးလံလံ မဟုတ်ပါ။ မလေးတို့အိမ်ရှေ့မှာပဲ ဖြစ်သည်။ သူတို့အိမ်ရှေ့တွင် ဓာတ်တိုင်ရှိသောကြောင့်
အလင်းရောင်ရှိသည်။ ထိုအလင်းရောင်အောက်တွင်
ထုပ်ဆီးတိုးတမ်းတို့၊ ဂေါ်လီပစ်တမ်းတို့၊ စါတ်ကပါစိ နံကပါစီတို့ ကစားကြသည်။ ကျွန်တော်ကတော့
ကစားစရာ အားလုံးကို ဝင်ပါ ကစားလေ့ရှိသည်။ ကလေးတွေ ကစားရင်း ငြင်းကြ ခုံကြ ဆူညံကြနှင့်
ရှိနေပြီး အာအားလုံးကို သည်းခံပြီး ထိန်းပေးသည်ကတော့ မလေး၏အဒေါ် အပျိုကြီးတစ်ယောက် ဖြစ်သည်။
အိမ်ရှေ့တွင် ကွပ်ပျစ်ကလေးချထားပြီး လမ်းမီးရောင်ဖြင့် စာအုပ်တစ်အုပ်၊ မဂ္ဂဇင်းတစ်စောင်ဖတ်ကာ
ကျွန်တော်တို့ ကလေးအုပ်စုကို ထိမ်းပေးသည်။
မလေးတို့အိမ်တွင်
ကြီးတော်သုံးယောက်ရှိရာ ညတိုင်းညတိုင်း အိမ်ရှေ့ထွက်ပြီးစောင့်ပေးသော ကြီးတော်မှာ ကျွန်တော်နှင့်
အလွန်းသင့်သည်။ အကြောင်းမှာ ထိုကြီးတော် စာဖတ်သောကြောင့် ဖြစ်သည်။ သူတို့အိမ်မှာ သတင်းစာရှိသည်။
မဂ္ဂဇင်းရှိသည်။ ကျွန်တော့်အဖို့ စာဖတ်ဝါသနာပါသဖြင့် သတင်းစာနှင့် မဂ္ဂဇင်းများကို သူတို့ထံမှာ
သွားသွားဖတ်ရသည်။
ပိတောက်ပင်လမ်းတွင်
ကျွန်တော် ငါးတန်းအထိပဲ နေလိုက်ရသည်။ နောက်တော့ သရက်တော(၂) လမ်းကို ပြောင်းရသည်။ နယူးဘားမားသူဌေးက
နောက်ထပ်လူသစ်တစ်ယောက်ကိုခေါ်ပြီး နေစရာပေးချင် သောကြောင့် ကျွန်တော်တို့ မိသားစုကို
အိမ်ပြောင်းခိုင်းခြင်းဖြစ်သည်။ သို့သော် အလုပ်တော့ ဖြုတ်မပစ်ခဲ့။ နေစရာသာ မပေးတော့ခြင်းဖြစ်သည်။
သရက်တော(၂)လမ်းက ကြည့်မြင်တိုင်ထဲတွင် ရှိသော်လည်း ဆင်မလိုက် ဝက်သတ်ရုံဘက် ပိုပြီးနီးသည်။
ပြီးတော့ လူကြမ်းစိတ်ကြမ်းတွေ ပေါသည်။
ဟိုတုန်းက ဆင်မလိုက်
ကျွန်တော်တို့ငယ်ငယ်က ဆင်မလိုက်မှာ လူကြမ်းစိတ်ကြမ်းများ ရှိသည်ဆိုသော်လည်း အလကား သက်သက်မဲ့တော့ ရန်ဖြစ်မနေပါချေ။ ကြည့်လိုက်လျှင်တော့ ဓားမတိုနှင့် လူကြမ်းကြီးများဖြစ်သော်လည်း သဘောကောင်းကြသည်။ တစ်နေ့တစ်နေ့ ဝက်သတ်နေရ၍ စိတ်မာထန်နေနိုင်ကြသော်လည်း စိတ်ရင်း ကောင်းကြသည်။ ကျွန်တော့်မှာ ငယ်စဉ်က ဝက်သွေးသိပ်ကြိုက်သည်။ သူတို့အခေါ်အရ ဝက်သွေးကို ပေအိဟု ခေါ်သည်။ ဝက်သတ်၍ရလာသော သွေးများကို ရေမြောင်းထဲတွင် ခံထားပြီး ကျိုကာရောင်းသည်။ ကျွန်တော့်ဆိုလျှင် ဝယ်မစားရ။ ကောင်လေးဖို့ဆိုပြီး ကြုံတိုင်းပေးကြသည်။ ပြီးတော့ ကျွန်တော်တို့ ရပ်ကွက်က တောရွာကလေးတစ်ရွာလို ဖြစ်နေပြီး တစ်အိမ်နှင့်တစ်အိမ် ရင်းနှီးခင်မင်ကြသည်။ သူခိုးသူဝှက် လည်း ကင်းသည်။ ကျွန်တော်တို့အိမ်ဆိုလျှင် ဘယ်တော့မှ တံခါးမပိတ်၊ အိမ်ရှေ့ပေါက်ကော၊ နောက်ဖေးပေါက်ပါ အမြဲလိုလို ဖွင့်ထားသည်။ ဝင်းတံခါးသာ ပိတ်ထားတတ်ကြသည်။ ဝင်းတံခါး ပိတ်ထားသည်ဆိုသော်လည်း ချိတ်ကလေး ဖြုတ်လိုက်ရုံနှင့် အလွယ်တကူ ဖွင့်လို့ရသည်။
(မှတ်ချက်။ ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)
လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint
(၂၉.၁၀.၂၀၁၇ နေ့လည် ၁၂း၂၁ မိနစ်)
Comments
Post a Comment