နိဒါန်း(၃)


နိဒါန်း(၃)

          " တပ်မတော်သားဘဝ " အခန်းကို စစ်တက္ကသိုလ် စတက်သည်မှ တပ်မ(၆၆) တပ်မမှူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ကရင်နယ်မြေ ထိထစခန်းတွင် အခြေချပြီး ရန်သူနှင့် သူတစ်လှည့် ကိုယ်တစ်လှည့် နပန်းလုံးနေရသည့် ကာလအထိ ဖော်ပြထားပါသည်။ ထိုကာလသည် တပ်မတော်တွင် တာဝန် ထမ်းဆောင်စဉ် အကြမ်းတမ်းဆုံး ကာလများထဲက တစ်ခုအပါအဝင်ဖြစ်သည်။

          ဘဝဆိုသည်မှာ အလှည့်အပြောင်းများစွာရှိသည်။ တစ်ခါတစ်ရံ မထင်မှတ်သော အကြောင်းအရာ များသည် မထင်မှတ်သည့်ထောင့်မှ ပေါ်ထွက်လာပြီး ကောင်းကျိုးပေးသလို ဆိုးကျိုးကိုလည်း ပေးနိုင်သည်။ ကျွန်တော့်ဘဝတွင် မထင်မှတ်သော အကြောင်းအရာများ မကြာခဏ ကြုံတွေ့ခဲ့ရဖူးပါသည်။ သို့သော် အဆိုးကိုမျှော်လင့်ရင်း မထင်မှတ်သော အကောင်းဘက် ပြောင်းလဲမှုကိုတော့ တစ်ကြိမ် ကြီးကြီးကျယ်ကျယ် ကြုံတွေ့ရသည်။ ထိုတစ်ကြိမ်မှာ တပ်မမှူးဘဝမှ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဘဝသို့ ပြောင်းလဲ တာဝန်ထမ်းဆောင်ရသည့်အချိန် ဖြစ်သည်။

          ဘုမသိ ဘမသိဖြင့် ရှေ့တန်းမှ ပြန်လာရပြီး ဘာမှန်းညာမှန်းမသိဘဲ လုံခြုံရေးအစောင့်နှင့် အဝိုင်းခံရသည်။ တစ်ဖန် ကိုယ့်အခြေအနေ သိပ်မဟန်သလိုဖြစ်လာသဖြင့် အခြားသူများက ရှောင်ဖယ်စ ပြုလာချိန်တွင် ဖြစ်ရပ်မှာ ဘာမှမဟုတ်ဘဲ ပုံမှန်တာဝန်တစ်ခုအပေးခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ တစ်ဖန် စိတ်ပူပင်မှုတွေလျော့ပါးပြီး စိတ်လွတ်ကိုယ်လွတ်ရှိနေချိန်မှ တိုင်းပြည်အခြေအနေသည် ရုတ်တရက် ပြောင်းကာ တာဝန်ကြီးတစ်ခု အပေးခံရသည်။ တစ်ခါ ထိုပေးအပ်သော တာဝန်သည် စစ်သားတစ်ယောက် အနေဖြင့် စစ်တိုက်ရန်သာမဟုတ်ဘဲ အရပ်ဘက်တာဝန်များကို ပူးတွဲထမ်းဆေင်ရခြင်းဖြစ်သည်။

          တိုင်းမှူးဆိုသည်မှာ စစ်ဘက်တာဝန်ထက် အရပ်ဘက်တာဝန်က ပိုများသည်။ နိုင်ငံရေး သဘောဆန်သလို အုပ်ချုပ်ရေးပိုင်းက ပိုများသည်။ ဒေသဆိုင်ရာ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်ပြီး ဒေသတွင်းရှိ ပြည်သူလူထု၏ စားဝတ်နေရေးနှင့် ဒေသဖွံ့ဖြိုးရေးကို တာဝန်ယူရသည်။ ပြည်သူလူထု အကျိုးပြုလုပ်ငန်းနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်ဖူးသော်လည်း ယခုလို မိမိအပေါ်တာဝန်လုံးလုံးကျရောက်သည် မဟုတ်ပါ။ ပြီးတော့ ကျွန်တော် တာဝန်ယူရသည့် စစ်တိုင်းက ကျယ်သည်။ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တစ်ခုလုံး ပါသည်။ ထိုဒေသနှစ်ခုစလုံးအတွက် ကျွန်တော့်တွင် တာဝန်ရှိသည်။

          တိုင်းပြည်က ယုံကြည်၍ ပေးအပ်သောတာဝန်ကို ကျွန်တော်ကျေပွန်အောင်၊ ထမ်းဆောင်နိုင် အောင် အစွမ်းကုန် ကြိုးပမ်းခဲ့ရသည်။ ထိုစဉ်က ဒေသတွင်း တည်ဆောက်နေသော သဖန်းဆိပ် ဆည်ကြီးသည် ဒေသအတွက် အရေးပါသလို၊ အရေးပါသည့်အလျောက် အကျိုးရှိစွာ အသုံးချနိုင်ရေး အတွက် ကျွန်တော်တို့တတွေ နေ့မအား၊ ညမအား ကြိုးပမ်းခဲ့ရသည်။ ဆည်ကြီး မပြီးခင်ကတည်းကပင် ဆည်ရေသောက် စနစ်တွေ အရန်သင့်ဖြစ်ရန် လယ်သမားများကို လောဆော်ရသည်။ ဆည်ရေသွား မည့်မြောင်းတွေကို မှန်ကန်စွာ တည်ဆောက်နိုင်ရန်နှင့် ရေရှည်အသုံးပြုနိုင်ရန် ကြီးကြပ်ရသည်။ သဖန်းဆိပ်ဆည်မှ ဝက်လက်လယ်မြေတွေအထိ ကန်သင်းရိုးပေါ် ကားမောင်းလာလျှင် တစ်နာရီသာ ကြာသော်လည်း ထိုနေရာရှိလယ်ကို ရေရောက်ရန်မှာ ဆည်မှ ရေလွှတ်အပြီး တစ်ပတ်ကြာသည်။ ကြားတစ်လျှောက်ရှိ လယ်မြေများကို တစ်ကွက်ပြီးတစ်ကွက်မှန်ကန်စွာ ဖြတ်သန်းနိုင်အောင် စီမံရသည်။

          ထိုနည်းတူပင် တခြားသော စီးပွားရေးကဏ္ဍများကိုလည်း တိုးတက်အောင် လုပ်ကြရသည်။ လမ်းတံတားကွန်ရက်တွေ ဆက်သွယ်ရသည်။ ဒေသတွင်းတိုးတက်မှု၏ အခြေခံဖြစ်သော ပညာရေး အပိုင်းကိုလည်း ဦးစားပေးလုပ်ငန်းအဖြစ် ဇောက်ချလုပ်ကိုင်ရသည်။ တစ်ဖန် ချင်းဒေသနှင့် နာဂဒေသတို့၏ ခေတ်နောက်ကျမှုအနေအထားကို မြှင့်တင်ပေးရန် ကြိုးပမ်းရသေးသည်။ ထိုထိုသော လုပ်ငန်းတာဝန်များ အကြားပိနေသည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးခေါင်းဆောင်တစ်ဦး၏ သရုပ်သကန်အနေအထားကို ဤအပိုင်း " ဒေသတွင်း ခေါင်းဆောင် " အခန်းတွင် အသေးစိတ်ဖော်ပြထားပါသည်။

          ကျွန်တော့်ဘဝအလှည့်အပြောင်းများတွင် ထူးခြားဆန်းကြယ်မှုများသည် တစ်ဘဝလုံးအဆုံးသတ် သည်အထိ ရှိနေသည်။ တိုင်းမှူးကဲ့သို့သော ဒေသဆိုင်ရာခေါင်းဆောင်မှသည် စစ်ဘက်တာဝန်တစ်ရပ်ကို ပြောင်းလဲထမ်းဆောင်ရပြန်သည်။ လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့မှူးတာဝန်ဖြစ်သည်။ စစ်ဖက်ရာထူး အနေဖြင့်လည်း တစ်ဆင့်တိုးလာသည်။ ဗိုလ်ချုပ်ဘဝမှ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးဖြစ်လာသည်။ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့မှူးတာဝန်သည် တပ်မတော်အတွက် အရေးကြီးသည့်တာဝန်တစ်ရပ် ဖြစ်သည်။ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုံကို လက်ရုံးတပ်များနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရသည်။ မိမိကိုယ်ပိုင် သန္ဓေတပ်များ ရှိသလို တွဲဖက်အရန်တပ်များလည်း ရှိသေးသည်။ တာဝန်ကြီးသလို လုပ်ငန်း လည်း များသည်။ သို့သော် တိုင်းမှူးလောက်တော့ အလုပ်မရှုပ်၊ မများ။ ပြီးတော့ တိုင်းမှူးလို ပြဿနာ ပေါင်းစုံ ဝန်းရံနေသည်လည်း မဟုတ်။

          အမှန်တကယ်ပြောရလျှင် နေ့မအား၊ ညမနား အလုပ်လုပ်နေရာမှ အလုပ်မရှိ အကိုင်မရှိလို ဖြစ်သွားသော ကျွန်တော့်အတွက် တော်တော်ကလေး နေတတ်ထိုင်တတ်အောင် ကြိုးစားရသော ကာလလည်းဖြစ်သည်။  တစ်ခါ ထိုမှတစ်ဆင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း၏ ဒုတိယဥက္ကဌတာဝန်ကို ယူရသောအခါ ကျွန်တော်၏အလုပ်မှာ အနည်းငယ် တိုးတက်လာသည်။ သို့သော် တိုင်းမှူးတာဝန်လောက်တော့ မများသေး။ တာဝန်လည်း မကြီးသေး။ သို့သော် တိုင်းမှူးဘဝက ရခဲ့သော လုပ်ပိုင်ခွင့်နှင့် အာဏာချင်းကတော့ ကွာခြားသွားသည်။ တပ်မတော်တာဝန်၊ ပြည်ခိုင်ဖြိုးတာဝန်များပါ ယူထားရသော်လည်း လုပ်ပိုင်ခွင့်ရော၊ လုပ်ရပုံလုပ်ရနည်းများလည်း ကွာခြားသွားသည်။ သည်ဘက်တွင် စစ်ဘက်တာဝန်နှင့် နိုင်ငံရေးတာဝန်များဖြစ်လာသည်။ နိုင်ငံတော်က ရည်မှန်းထားသော လမ်းကြောင်းကို အကောင်အထည်ဖော်ရာတွင် အနာဂတ်ကာလ ပြည်ခိုင်ဖြိုးအသင်းကြီး၏ အရေးပါမှု အခြေခံအုတ်မြစ များ တည်ဆောက်ရန် တာဝန်များ တစ်စိတ်တစ်ပိုင်း ပါဝင်လာသည်။ ထိုဘဝများအကြား ကျွန်တော်၏ ခံယူချက်နှင့် ကြိုးပမ်းမှုများ၊ ပေးအပ်သောတာဝန် ကျေပွန်အောင်ဆောင်ရွက်မှုများကို အသေးစိတ် ဖော်ပြထားသည်မှာ " နိုင်ငံရေးသမားတစ်ပိုင်း၊ စစ်သားတစ်ပိုင်း " အခန်း ဖြစ်ပါသည်။

          အထူးသဖြင့် နိုင်ငံရေးသမားဘဝပုံစံ အခြေခံ၍ လှုပ်ရှားရပုံများကို တွေ့ရပါမည်။ တစ်ဆက်တည်းမှာပင် နာယကအဖွဲ့ အတွင်းရေးမှူး(၂)၊ အတွင်းရေးမှူး(၁) တာဝန်များကိုပါ ဆက်တိုက် ဆိုသလို ပြောင်းလဲတာဝန်ယူရပြီး နိုင်ငံရေးနယ်ပယ်ထဲ မသိမသာ ကူးပြောင်းလာခဲ့သည်မှာလည်း ဤအပိုင်း၊ ဤကဏ္ဍတွင် ဖြစ်ပါသည်။  သည်ကာလအပိုင်းအခြားအတွင် ကျွန်တော့်အတွက် အမြတ်ထွက် သည်မှာ လူထုပါသော နိုင်ငံရေးတည်ဆောက်ခြင်း အတွေ့အကြုံများနှင့် နိုင်ငံတည်ဆောက်ရေးတွင် နည်းပညာများ မည်ကဲ့သို့အသုံးချမည်ဆိုသည့် အဖြေများဖြစ်သည်။ နောင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူရ သည့်အခါ ဤကာလ၏ အတွေ့အကြုံများသည် မည်သို့မည်ပုံ ခရီးရောက်စေသည်ကို တွေ့မြင်ရပါမည်။

          တပ်မတော်တွင် မည်သည့်နေရာတွင်ဖြစ်စေ၊ မည်သည့်တာဝန်ကိုဖြစ်စေ ထမ်းဆောင်ရင်း ကြုံတွေ့လာရသည့် ပဋိပက္ခများ၊ ရင်ဆိုင်ဖြေရှင်းရသည့် အခက်အခဲများ၊ အမှတ်မထင် ဖြစ်ပျက်ခဲ့သည့် မပြေလည်မှုများ၊ အဓိကရုဏ်းများ၊ ရုန်းရင်းဆန်ခတ်မှုများနှင့် ပတ်သက်၍လည်း " ကြုံရဆုံရ အရေးအခင်း များ " အဖြစ် သီးခြားအခန်းတစ်ခန်းအဖြစ် ဖော်ပြထားပါသည်။ ကိုယ်တိုင်ပါဝင်ဖြေရှင်းပေးခဲ့ သော ကိစ္စပေါင်းများစွာတွင် ရိုးသားမှု၊ ပွင့်လင်းမှုသည် မည်မျှ အရေးပါသည်ကို သတိထားတင်ပြထားပါ သည်။

          ကျွန်တော် တပ်မတော်သားဘဝတွင် တစ်ကိုယ်ရေ ဖြေရှင်းခဲ့ရသော အမှုကိစ္စပေါင်းများစွာရှိသလို နိုင်ငံနှင့်ချီ၍ ဖြစ်ပျက်ခဲ့သော ကိစ္စများလည်း များစွာရှိပါသည်။ ထင်သာမြင်သာရှိပြီး တိုင်းပြည်အတွက် အရေးပါသောကိစ္စမှာ (၁၉၈၈) အရေးအခင်းကြီး ဖြစ်ပါသည်။ တပ်မတော် ဝင်မပါလျှင် တိုင်းပြည်ပျက်မည့် အနေအထားဖြစ်ပါသည်။ (၁၉၈၈) အရေးအခင်းတွင် ရန်ကုန်မြို့တော်ခန်းမကို ဆူပူဆန္ဒပြသူများလက်မှ ပြန်လည်သိမ်းယူရာတွင် အဓိကတာဝန်ယူခဲ့ရပြီး တပ်မတော်မှ နိုင်ငံတော်အာဏာ ရယူပြီးနောက်တွင် လည်း ရန်ကုန်မြို့ လုံခြုံရေးကို တစ်စိတ်တစ်ဒေသ တာဝန်ယူခဲ့ရသေးသည်။

          ဤအခန်းတွင် အခက်ခဲဆုံး အချိန်တွင်ပင် ခက်ခဲသော လုပ်ရပ်များကို တာဝန်အရ လုပ်ယူရသည့် အတွေ့အကြုံများကို အရင်းအတိုင်း ဖောက်သည်ချထားပါသည်။ ထိုနည်းတူပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီပဲယင်း ရုန်းရင်းဆန်ခတ်မှုတွင်လည်း တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ယောက် အပေါ် တပ်မတော်၏ သဘောထား၊ တပ်မတော်သားတစ်ယောက်၏ သဘောထားနှင့် နိုင်ငံရေးအရ အင်အားပြိုင်ဆိုင်မှု၊ အဆိုပါပြိုင်ဆိုင်မှုများကြားထဲမှ အခွင့်အရေးသမားတို့၏ တောမီးလောင် တောကြောင် လက်ခမောင်းခတ်မှု၊ တစ်စိတ်ကို တစ်အိတ် ပုံကြီးချဲ့မှုတို့ကြားက မြေဇာပင်ဖြစ်ရမှု စသည်များကိုလည်း စဉ်းစားချင့်ချိန်နိုင်ရန် ဖော်ပြထားပါသည်။

          တပ်နှင့်ပြည်သူအကြား၊ အရပ်ဘက်အဖွဲ့အစ်ညးတွေအကြား အမြင်မကြည်လင်မှုများ၊ ပဋိပက္ခ များသည် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် အကြာခဏဆိုသလို ပေါ်ပေါက်လာတတ်ရာ အဆင့်ဆင့်သော တာဝန်များ ထမ်းဆောင်ရင်း ရင်ဆိုင်ဖြေရှင်းရမှု အမျိုးမျိုးကို ဗဟုသုတအဖြစ်နှင့်ရော၊ မှတ်ဖွယ်ရာအဖြစ်နှင့်ပါ လေ့လာနိုင်ရန် အရင်းအတိုင်း သီးခြားအခန်းတစ်ခန်းအနေဖြင့် တင်ပြပေးထားပါ သည်။

          အမှန်တကယ် မမျှော်မှန်းခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို အမှတ်မထင် တာဝန်ပေးအပ်ခြင်း ခံရသည့်အခါ ကြုံတွေ့လာရသည့်အခြေအနေများ အထူးသဖြင့် တိုင်းမှူးအဖြစ် တာဝန်ပေးစဉ်ကထက်ပိုပြီး တာဝန်ကြီးလေးသည့် အနေအထားများကို အသေးစိတ် တင်ပြထားသည့် အခန်းမှာ " ခေတ်သစ်နိုင်ငံတော် တည်ဆောက်ရေး အုတ်မြစ်ချခြင်း " အခန်း ဖြစ်ပါသည်။

          ကျွန်တော်၏တာဝန်မှာ တာဝန်ပေးအပ်ခြင်းခံရကတည်းက နိုင်ငံတော်၏ လမ်းပြမြေပုံအတိုင်း ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များ အဆင်ပြေစေရန်အတွက် နိုင်ငံရေးတာဝန်တွေ ပါဝင်သကဲ့သို့ နိုင်ငံတော်အုပ်ချုပ်ရေးအတွက် လိုအပ်ချက်ပေါင်းများစွာကို အစိုးရအဖွဲ့ခေါင်းဆောင်တစ်ယောက်အနေဖြင့် တာဝန်ယူရန် ဖြစ်ပါသည်။ ဝန်ကြီးချုပ်တာဝန်ယူနေသည့်ကာလတွင် ဖြစ်ပေါ်တည်ရှိနေသော နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာကြီး(၃)ရပ်ကို အနာဂတ်နိုင်ငံတော်အတွက် အဆင်သင့်ဖြစ်နေစေရန် တစ်ဆင့်ချင်းတည်ဆောက်သွားရန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံး တာဝန်ဖြစ်နေသည်။

          အမယ်ဘုတ်ရဲ့ သူ့ချည်ခင်လို ရှုပ်ထွေးမှုတွေ ပြည့်နှက်နေသော အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်တို့ကို အခြေခံမှစပြီး ပြုပြင်ပြောင်းလဲဖို့ လိုအပ်သည်ကို သိသော်လည်း ထိုကဲ့သို့ ပြောင်းလဲရေး အတွက် စလိုက်သည်နှင့်မဆုံးနိုင်သောအစကို ဆွဲမိသကဲ့သို့သာမက အတွင်းအပြင်ရန်လိုမှုများနှင့်ပါ ရင်ဆိုင်ရခြင်းအပါအဝင် အခက်အခဲပေါင်းစုံနှင့် ထိပ်တိုက်ရင်ဆိုင်ရခြင်း၊ စန္ဒဂုတ်မင်းစစ်တိုက်သကဲ့သို့ တစ်စစီ၊ တစ်မျှင်စီ၊ တစ်ဖဲ့စီ ထုတ်၍ ဖြေရှင်းရခြင်းများကို အသေးစိတ်ဖော်ပြပေးထားပါသည်။

          ထို့ပြင် အစိုးရအဖွဲ့ခေါင်းဆောင်တစ်ယောက် (Head of Government) အနေနှင့် နိုင်ငံ့ ခေါင်းဆောင် (Head of State) နှင့် ပြည်သူလူထုအကြား တစ်ဦးလိုအပ်ချက်တစ်ဦး ပေါင်းကူးဆက်စပ် ပေးရသော သဘာဝကိုလည်း ပေါ်လွင်အောင်တင်ပြပေးထားပါသေးသည်။ ထို့အပြင် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင်လည်း အုပ်ချုပ်ရေးအာဏာသက်ရောက်စေရေး ကြိုးပမ်းရမှုများ၊ တရားဥပဒေ စိုးမိုးရေးတွင်လည်း (de facto government) ၏ အလေ့အကျင့်များမှသည် ဒီမိုကရေစီအစိုးရ၏ အလေ့အကျင့်များအတိုင်း ကူးပြောင်းသွားနိုင်ရေးအတွက် အစီအမံများဆောင်ရွက်ရခြင်းတို့ကိုပါ တာဝန်ယူ ထားရသေးသည်။ တစ်ဖက်က အုပ်ချုပ်ရေးအာဏာကို ပီပြင်အောင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်ရသကဲ့သို့ တစ်ဖက်ကလည်း နိုင်ငံရေးအရ အခြေအနေကောင်းများကို တည်ဆောက်နိုင်ရန် ပြည်ခိုင်ဖြိုးအသင်း ဒုတိယဥက္ကဌအဖြစ် တာဝန်ယူထားရသေးသည့် ဘဝနှစ်ခုကို ဟန်ချက်ညီအောင် ထိမ်းသိမ်းဆောင်ရွက်ရပုံကို မခြွင်းမချန် ဖော်ပြပေးထားပါသည်။

          ဤစာအုပ်ကို ကျွန်တော်၏ ဘဝမှတ်တမ်း အမှတ်တရသဘော တစ်ခုတည်းသာ မဟုတ်ဘဲ ဖြတ်သန်းလာရသောဘဝနှင့် ပတ်ဝန်းကျင်၊ လူတစ်ယောက်နှင့် တိုင်းပြည်တစ်ပြည်၏ နိုင်ငံရေးဘဝနှင့် ကံကြမ္မာ အလှည့်အပြောင်း၊ ခေတ်စနစ်ပြောင်းလဲရန် လိုလားခြင်းနှင့် ထိုလိုလားမှုအတွက် ရင်ဆိုင်ဖြေရှင်း ရသည်များ၊ ကြိုးပမ်းရသည်များ၊ ဆူးကြားမှာ သီးရသော ဘူးခါးသီးကဲ့သို့ ရပ်တည်ရပုံများကို လေ့လာနိုင် ရန် ဖြစ်ပါသည်။ ထို့အပြင် လူတစ်ယောက်၏ ဘဝ၊ နိုင်ငံတစ်ခု၏ အနာဂတ်ပုံဖော်တည်ဆောက်ရာတွင် အမှားကို အမှား၊ အမှန်ကို အမှန် လက်ခံနိုင်ရန်နှင့် ဆင်ခြင်သုံးသပ်နိုင်စေရန် ရည်ရွယ်ပါသည်။

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

(၂၇.၁၀.၂၀၁၇ နံနက် ၁၁း၅၅ မိနစ်)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်