လက်လျှော့တော့မလို့လား

လက်လျှော့တော့မလို့လား

        ဒဏ်တွေများလာသည့် တစ်နေ့မှာ လက်မြှောက်အရှုံးပေးစိတ် ဝင်လာတတ်သည်မှာ လူတိုင်းပင် ဖြစ်သည်။ အကောင်းဆုံး ကြိုးစားလိုက်မည်၊ အကောင်းဆုံးရယူလိုက်မည် ဆိုသော စိတ်သည် သူလိုကိုယ်လိုဘဝလေး ရရင် တော်ပါပြီ ဟူသော အညံ့ခံစိတ်အဖြစ် ပြောင်းလာတော့သည်။ လုံးဝ မှားပါသည်။

        ကိုယ်လိုချင်တာကို အကြိမ်ကြိမ် တောင်းဆိုပါ၊ ကိုယ်လိုအပ်တာကို အကြိမ်ကြိမ် ကြိုးစားပါ။ ကြိုးစားလျှင် ရမည်မှန်းလည်း သိသည်။ သို့သော် လက်လျော့ရသည်က အကျင့်ဖြစ်နေသဖြင့် လက်လျော့နေကြခြင်းသာ ဖြစ်ပါသည်။ ဥပမာ လက်ဖက်ရည်ဆိုင်ထိုင်သည့်အခါ လူများနေသည့်အချိန်တွင် မှာရခက်ခဲတတ်ပါသည်။ မှာရခက်သဖြင့် လက်ဖက်ရည်ဆိုင်မှ ထပြန်ခဲ့သူသည် တစ်ရာမှာ တစ်ယောက် ရှိချင်မှ ရှိပါလိမ့်မည်။ ရှိခဲ့လျှင်တောင် သင် မပါဘူးဆိုတာကတော့ သေချာပါသည်။
        လက်ဖက်ရည်တစ်ခွက်အတွက်ပင် ဇွဲနဘဲဖြင့် အားထုတ်မှာခဲ့ဖူးသည့်၊ စောင့်ဆိုင်းဖူးသည့် သင်က ဘဝတိုးတက်ရေးအတွက် အားလျော့နောက်ဆုတ်မည့်အဖြစ်ကို မြင်နေရသည့် ကျွန်တော်က ရယ်မောချင်ပါသည်။
        မိတ်ဆွေကောင်းတစ်ဦးအဖြစ် သတိပေးလက်တို့ချင်သည်မှာ အားလျော့အရှုံးပေးတော့မည်ပြင်တိုင်း လက်ဖက်ရည်တစ်ခွက်မှာသည့် ဇွဲမျိုးဖြင့် အနည်းဆုံး ကြိုးစားကြည့်ပါ။ လက်လွှတ်စပယ် အရှုံးမပေးပါနှင့်ဟု သတိပေးရင်း...။
ထူးအောင်ဝင့်
(၁၂.၁.၂၀၂၂)

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်