ဗီဇနှင့် ပတ်ဝန်းကျင်(၂)

ဗီဇနှင့် ပတ်ဝန်းကျင်(၂)

    အမေဒေါ်မြသီက ဆေးလိပ်သောက်တတ်သည်။ သို့သော် သူ့ဆေးလိပ်ပြာကို ဘေးသို့ မကျစေရ၊ ပန်းကန်ပြားတစ်ခုထဲတွင် ပြာကို အသေအချာ ခြွေချသည်။ ညဝတ်အင်္ကျီကို နှစ်ရက်ပဲဝတ်သည်။ နှစ်ရက်ဝတ်ပြီးလျှင် နေ့လယ်နေ့ခင်လျှော်ပြီး ညကျတော့ ထိုအင်္ကျီကိုပင် ပြန်ဝတ်သည်။ ပစ္စည်းတွေကို နေရာတကျထားပြီး သုံးချင် ယူသုံး၊ ပြီးလျှင် ထားနေကျနေရာ ပြန်ထားမှ သဘောကျသည်။ အမေဒေါ်မြသီက စည်းကမ်းကြီးတာတင် မဟုတ်၊ အကွက်ပါ စေ့သည်။ အရာရာတိုင်းတွင် စေ့စပ်သေချာသည်။ ခြံထဲ သစ်ရွက်တွေ ကြွေကျ၍ တံမြက်စည်းလှည်းတာတောင်မှ သစ်ရွက်အမှိုက်တွေကို သည်အတိုင်း လွှင့်မပစ်တတ်။ မြေကြီးမှာ ကျင်းကလေးတူးပြီးတော့ မြှုပ်သည်။ သစ်ရွက်မြေဆွေးရအောင် လုပ်သည်။ ကျွန်တော့်အကျင့် တော်တော်များများသည် အမေဒေါ်မြသီထံမှ လာသည်ဟု ပြောလို့ရသည်။ အမေဒေါ်မြသီက စေ့စပ်သည်၊ တိကျသည်၊ စည်းကမ်းကြီးသည်သာမက ကြိုတင်ပြင်ဆင်မှု အားကောင်းသည်။ ဘယ်လောက်ကြိုတင်ပြင်ဆင်မှု ကောင်းသလဲဆိုလျှင် မလေးပင် အောချရသည်။

            တစ်ခါက အမေဒေါ်မြသီ အရိုးရောဂါ ဖြစ်သောကြောင့် ရန်ကုန်အရိုးဆေးရုံသို့ လာတက်သည်။ အမှန်တော့ သေလောက်သည့်ရောဂါ မဟုတ်ဘဲ ဖြစ်တတ်သော သဘာဝရှိသည့် ရောဂါ တစ်မျိုးဖြစ်၍ ခွဲစိတ်ကုသလိုက်လျှင် လူကောင်းပကတိ ဖြစ်သွားနိုင်သည်။ အသက်အန္တရာယ် ဆုံးရှုံးစရာမရှိ။ သို့သော် အမေဒေါ်ြမသီက ‘ လူ့ကံဆိုတာ မပြောနိုင်ဘူး၊ ခွဲစိတ်ရင်းသေသွားခဲ့ရင် ’ ဆိုပြီး မလေးကို ဆေးရုံကိုခေါ်ပြီး သူယူလာသည့် ပစ္စည်းတွေပြသည်။ သေတ္တာသေးသေးကလေးမှာ အဝတ်အစားက သုံးစုံ၊ ပိုက်ဆံက ဘယ်လောက်ပါတယ်၊ ပိတ်အဖြူက ၁၀ ကိုက် စသည်ဖြင့် ပါတာလေးတွေ ထုတ်ပြသည်။ မလေးက ပိတ်ဖြူစတွေ တွေ့သည်၊ ‘ အမေ၊ ပိတ်ဖြူစတွေက ဘာလုပ်ဖို့လဲ ’ မေးတော့ ‘ သူသေရင် ထုပ်ဖို့ ’ ဟု ဆိုသည်။ မတော်တဆ ဆေးကုရင်း သေသွားခဲ့သည်ရှိသော် အလောင်းကိုထုပ်ဖို့ တစ်ခါတည်း ပြင်ဆင်လာခြင်း ဖြစ်သည်။

            မလေး၏ အဆိုအရေးသာသည့်အချက်က အမေဒေါ်သိန်းကြည် နောက်ထပ်မွေးစားသော ကလေးတစ်ယောက်၏ အပြုအမူများ ဖြစ်သည်။ အမေဒေါ်သိန်းကြည်က ကျွန်တော့်ကို လက်လွှတ်လိုက်ရလျှင် ဟူသောအတွေးနှင့် နောက်ထပ် မိန်းကလေးတစ်ယောက်ကို ထပ်မွေးစားလိုက်သည်။ အဖေကရော၊ ကျွန်တော်ကပါ ကန့်ကွက်နေသည့်ကြားမှ ဘယ်လိုစိတ်သဘောရသွားသည်မသိ ထပ်ပြီးမွေးစားလိုက်သည်။ ထိုမိန်းကလေးကိုလည်း ကျွန်တော့်လိုပင် အမေက စည်းနှင့်ကမ်းနှင့်နေတတ်အောင်၊ လူတစ်လုံး သူတစ်လုံးဖြစ်အောင် ကြိုးစားပေးခဲ့သည်။ သို့သော် မူလဗီဇကိုက အခြေခံမကောင်း၍လားမသိ၊ အမေဖြစ်စေချင်သလို ဖြစ်မလာခဲ့။ ကျောင်းမှန်မှန်မတက်ခဲ့။ အတန်းပညာကုန်အောင် မသင်ခဲ့။ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အိမ်ထောင်က ကျသွားသေးသည်။ နောက်ဆုံးတော့ ဆရာမနိုင် နှစ်ဆောင်ပြိုင် အမေကိုယ်တိုင် လက်လျှော့လိုက်ရသည်အထိ ဖြစ်သွားသည်။

            ထိုအချက်က အမေ့ရင်ကို ထိစေခဲ့သည်။ နောက်ဆုံးတော့ အမေကိုယ်တိုင် ဗီဇနှင့်ပတ်ဝန်းကျင်မှာ ဗီဇက အရေးကြီးသည်ဆိုသည့်အချက်ကို မလေးနှင့်အပြိုင် မငြင်းတော့။ ကျွန်တော်ကတော့ ဒီကိစ္စမှာ ကြားနေရသည်။ နှစ်ယောက်စလုံးကို အမှတ်တွေ အပြည့်ပေးရသည်။ “ ဗီဇဘယ်လောက်ကောင်းကောင်း ဆုံးမပဲ့ပြင်သူ မကောင်းရင်လဲ အခုလိုဖြစ်မလာနိုင်ပါဘူး ” ဟုဆိုပြီး ကျေးညီနောင်ပုံပြင်ကို ကိုးကားပြီးပြောပြရသည်။ ကိုတင်ထွန်းနှင့် ကျွန်တော်မှာ အစစအရာရာတူသည်။ စရိုက်လည်းတူသည်။ ကျွန်တော်လည်း စိတ်တို၊ စိတ်ဆိုးတတ်သည်။ သူလည်း စိတ်တို၊ စိတ်ဆိုးတတ်သည်။ သို့သော် သူစိတ်တို၊ စိတ်ဆိုးတာကို ဘယ်တုံးကမျှ မမြင်ဘူးကြ။ ကျွန်တော် စိတ်တို၊ စိတ်ဆိုးတာကျတော့ အားလုံးနီးပါး သိကြသည်။ ကွာခြားချက်မှာ သူနေခဲ့ရသော ပတ်ဝန်းကျင်က ပြုပြင်ပေးလိုက်သလို ကျင်လည်ရသော ပတ်ဝန်းကျင်ချင်းကလည်း ကွာခြားသောကြောင့် ဖြစ်သည်။

ကိုတင်ထွန်း ကြီးပြင်းခဲ့ရသည့် ပတ်ဝန်းကျင်နှင့် ကျွန်တော် ကြီးပြင်းရသည့် ပတ်ဝန်းကျင်ချင်း ကွာခြားသလို ကျွန်တော် ကျင်လည်ရသည့် ပတ်ဝန်းကျင်နှင့် ကိုတင်ထွန်း ကျင်လည်ရသည့် ပတ်ဝန်းကျင်ချင်းလည်း ကွာခြားသည်။ အမေ၏ ဆုံးမသွန်သင်မှုကို ရခဲ့လင့်ကစား ပတ်ဝန်းကျင်၏ သွန်သင်မှုကို ကျွန်တော်က အပြည့်အဝ မရခဲ့ခြင်း၊ ပညာတတ်များကို အုပ်ချုပ်ရသော ကိုတင်ထွန်းနှင့် မ-တစ်ထောင်သားများကို အုပ်ချုပ်ရသော ကျွန်တော်၏ အနေအထားတို့သည် ကိုတင်ထွန်းနှင့် ကျွန်တော့်အကြား ကွာခြားသွားစေသော အချက်များ ဖြစ်သည်။

ထို့ကြောင့် လူတစ်ယောက်၏ဘဝ အကောင်းအဆိုးကို ဗီဇကဦးဆောင်ပြီး ပတ်ဝန်းကျင်က ဒုတိယနေရာတွင် ရှိသည်ဟုပဲ ဆိုရမည်ဖြစ်သည်။ ဤနေရာတွင် ကြုံကြိုက်၍ ပြောပြချင်သည့်အချက်မှာ ကျွန်တော့်ကို ပြုပြင်ပြောင်းလဲစေသည့် ပတ်ဝန်းကျင်သစ်တစ်ခု ပုန်းလျှိုးကွယ်လျှိုး ရှိနေခဲ့ခြင်းပင် ဖြစ်သည်။ ထိုပတ်ဝန်းကျင်မှာ စာဖတ်ခြင်း အလေ့အထပင်ဖြစ်သည်။

(၅.၉.၂၀၂၁ နေ့လည် ၂း၃၅ မိနစ်)ပြီး

မမျှော်လင့်သောခရီးရှည်မှ အခန်း(၁) ရုပ်ရှင်ဆန်သော မိသားစု ပြီးပါသည်။

ခေါင်းစဉ်ခွဲပေါင်း (၁၂) ခု ရှိပါသည်။

(မှတ်ချက်။        ။ ဤစာများအားလုံးကို (Myanmar Heritage) စာအုပ်တိုက်မှ (၂၀၁၄၊ ဇွန်လ) တွင် ပထမအကြိမ်ထုတ်ဝေသည့် စာရေးသူ မြင့်သူ၏ မမျှော်လင့်သောခရီးရှည် စာအုပ်မှ လေးစားစွာဖြင့် စာစီကူးယူဖော်ပြပါသည်။)

လေးစားစွာဖြင့်

ထူးအောင်ဝင့်

https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

English for Hotel and Catering Industry (Unit 5 - Polite Explanation and Apology)