သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆)

သတ္တုလော နဲ့ သရဲဖမ်းနေသူများ (၃၆)

သူပြောသလိုပါပဲ နောက်တနေ့မှာ ကျောက်သမားတွေ လာပါပြီ ။ ကျောက်စိမ်းလို့ ထင်ရတဲ့ ငန်းဥသဏ္ဍန် စလင်းလိုလို ဘာလိုလို အတုံးကို ထုတ်ပြပါတယ် ။ ကျောက်သမားတွေက ဝါရင့်ပါတ်ကား ဆရာကြီး ဟုတ်ဟန်မတူပါဘူး ။ ဦးဇော်လင်းတို့လို အဆင့်ဆိုရင် သိနိုင်စရာ အကြောင်း ရှိမှာပါ ။ ဒီလူတွေက လုံးဝ မသိကြပါဘူး ။
"ဒါ ဘာလည်းဗျ ကျောက်စိမ်းလိုလို ဘာလိုလိုပါလား"
"မသိဘူးဗျာ ချင်းတွေက ရောင်းပေးပါဆိုပြီး လာပို့ထားတာ"
"သူတို့က ဘယ်က ရတာလည်းဗျ"
"မုဆိုးတွေဗျ ရတဲ့ နေရာ ဘယ်ပြောမလဲ သူတို့လည်း လူအတွေမှ မဟုတ်တာ"
"ဟုတ်ပါပြီ ဒါဆို ဒါက ဘာလည်းဗျ သူတို့သိလား"
"သူတို့ကတော့ စလင်းစိမ်းဥ လို့ ပြောတာပါပဲ"
"ဒါကို ဘယ်စျေး ပြောထားသလဲ"
"စလင်းစိမ်း စျေးပဲ ပေးသွားပေါ့ "
"စလင်းစိမ်းစျေးက ဘယ်လောက်လည်း"
"တကီလို သိန်း ၅၀"
"ဟာ များတယ်ဗျ မဝယ်မိုင်ဘူး စျေးလျော့အုံး ခင်ဗျားဟာက ဘာမှန်းလည်း သေသေချာချာ သိသေးတာ မဟုတ်ဖူး"
(အမှန်က လိုချင်နေပြီ သိန်း ၅၀၀၀၀ တန် ကျောက်စိမ်းနဲ့ အလွန်တူနေလို့)
"အင်း သူတို့ဆီ ရှိသေးတယ် ပြောပါတယ် ကဲ ဆရာတို့ ဘယ်စျေး ပေးမလဲသာ ပြောကြည့်ပါ "
"ကီလိုဝက်လောက် ရှိတယ်ဗျ ၁၅ သိန်း ထားဗျာ"
"ထိပ်တိုက်ဖြစ်သွားပြီ ပွဲခ တပြားမှ မကျန်တော့ဖူးဗျ"
"ဒါဆို ပွဲခ ၁ သိန်း ထပ်ယူဗျာ ၁၆ သိန်း ပေးမယ်"
"အင်းလေ လူရင်းတွေပဲ ယူသွားပါ တခုတော့ ရှိတယ်နော်"
"ဘာလည်းဗျ"
"ချင်းတွေ ဘယ်မှာ နေသလဲ ကျုပ်မသိဘူးနော် ပစ္စည်းကို အသေအချာ စစ်အုံး စိတ်တိုင်းကျမှ ဝယ်သွား နောက်မှ မဟုတ်ဘူးဆိုပြီး ပြဿနာ မရှာနဲ့ဗျ ၁ သိန်းနဲ့ နာမည်ပျက်တယ်"
သူဒီလိုပြောတော့ ပြန်စစ်ပါတယ် ။ ဒါပေမယ့် ရှမ်းက အလွန်ကြိုက်နေမှတော့ နွားလည်း ချောပြီပေါ့ ။
" ကဲပါဗျာ ၁၆ သိန်းနဲ့ စွန့်ရမှာပေါ့ ယူသွားပြီ"
ကဲ အရောင်းအဝယ် ပြီးသွားပါပြီ ။ ကျနော်ကို အိမ်ပေါ် ခေါ်သွားပြီး သေတ္တာထဲက အထုပ်တထုပ်ယူပြပါတယ် ။ အမှုံ့တွေပါပဲ ။ အဲဒီအမှုံ့တွေကို အနီရောင်ဆေးနဲ့ ရောပြီး ရေနွေး ထည့်ကာ ဂျုံနယ်သလို နယ်ပါတယ် ။ အတန်ကြာတဲ့ အခါ အမှုံ့နဲ့ အရောင် ရောသွားပြီး နီသွားပါပြီ ။
အဲဒီ အလုံးကို တခါ ငန်းဥပုံပဲ လုံးလိုက်ပါတယ် ။ ပြီးတော့ အကာသား ဖြစ်စေမယ့် အမှုံ့တမျိုးနဲ့ အပေါ်က ထပ်ကပ်ပါတယ် ။ အစင်းရာလေးတွေ ထင်ဖို့ အရာပေးပါတယ် ။ စိတ်တိုင်းကြ ပြင်ဆင်ပြီးတော့ ငန်းဥပုံ အလုံးလေးကို စမ်းခိုင်းပါတယ် ။ ဂျုံအပေါ်ယံလေး တင်းနေသလို ပျဉ်းတွဲတွဲလေး ဖြစ်နေပါပြီ ။
မိနစ် ၃၀ ခန့်မှာ လေသလပ်ပြီး လုံးဝမာသွားပါပြီ ။ ခုနက ရောင်းလိုက်တဲ့ စလင်းဥ ဆိုတဲ့ အသားအနားပါပဲ ။ ကျနော့်အထင် အမာဆင့် ၆ ကျော်လောက်ပါတယ် ။ စလင်းနဲ့ ခြစ်ကြည့်တာ အရာမထင်လို့ပါ ။
ကဲ ကျောက်လောကကို ဝင်ခါစလူတွေ ၊ သိသလို တတ်သလို ယောင်ခြောက်ဆယ်တွေ ဒါမျိုးတွေ့လိုက်ရင် ကျနော်ထင်ပါတယ် ငါးသိန်း ဆယ်သိန်းတော့ ပါသွားနိုင်ပါတယ် ။
ဒီလူတွေ လုပ်တာ အရင်း ၃၅၀၀၀ ပဲ ရှိပါတယ် ။ ဘာနဲ့ လုပ်သလဲဆိုတာ မသိခဲ့ရပါဘူး ။ ပတ္တမြားလည်း အတုလုပ်ပါတယ် ။ အရိုင်းကော လုံးချောရော ရပါတယ် ။ အမာဆင့်လောက် သိယုံနဲ့ မလာပါနဲ့ ။ ရူးသွားနိုင်ပါတယ် သဘာဝ ကျောက်မျက်ရတနာတွေရဲ့ အလင်းယိုင်ညွှန်ကိန်းက အစ စစ်ဆေးပြီး ဝယ်နိုင်မှ ရပါမယ် ။ ရှေးဟောင်း စစ်ဆေးနည်းတွေကို လူလိမ်များက ကျော်လွှားနိုင်တဲ့ အဆင့် ရောက်နေပါပြီ ။
ပွင့်ဖြူအစွမ်း အံ့မခန်းပါပဲ ။ နာမည်ကျော် တောက်တဲ့ အလိမ်ဇာတ်လမ်း ပြောချင်ပါတယ် ။ တောက်တဲ့ ကို ယခင်က အလေးချိန်နဲ့ ဝယ်ခဲ့ရာ မြန်မာလူလိမ်များရဲ့ ပြဒါးထည့် နည်းပညာကြောင့် ဝယ်ယူမှုပုံသဏ္ဍန် ပြောင်းသွားပါတယ် ။
တောက်တဲ့ကို ၁၈" ပြည့်မှ ဝယ်တယ်တဲ့ ။ ကိုင်းပွင့်ဖြူသားတွေ ဘာလုပ်သလဲ ။ အစပိုင်းမှာ လွယ်လွယ်ပဲ အမှီးဆက်လိုက်ပါတယ် ။ ဒါပေမယ့် ဆက်ထားတဲ့အမြီးဖျားက ပုပ်သွားတော့ ပြဿနာ ပေါ်ပါရော (နောက်ပိုင်း အဝယ်က ကွန်ပြူတာနဲ့ စစ်တော့ ဆက်လို့မရတော့ပါဘူး ) ဒါဆို ရတဲ့ နည်းပြောင်းကြပါတယ် ။
ပထမဆုံး ဖားဆွဲကနေ ၁၈" ရှိတယ်လို့ သတင်းလွှင့်ပြီး ဖားရှာပါတယ် ။ ဖားရတာနဲ့ ပစ္စည်းရှိရာ ခေါ်လာပါတယ် ။ ကိုင်း တိုင်းမယ်ဆိုတော့ အဝယ်ရဲ့ ပေကြိုးဗူးကို အရောင်းသမားက စစ်ဆေးပါတယ် ။
ပေကြိုးဗူးရဲ့ တံဆိပ်နဲ့ ပေရှည် (မီတာပေါ့ ၅ မီတာဗူးလား ၁၀ မီတာဗူးလားပေါ့) အဲဒါကြည့်ပြီးတာနဲ့ အိမ်ထဲက ဆိုက်တူ တံဆိပ်တူ (ပြုပြင်ပြီး) ယူထားရပါတယ် ။ အဆင်သင့်ဖြစ်မှ တောက်တဲ့ကို ထုတ်လာပါတယ် ။
ပေကြိုးဗူးခြင်း လဲရအောင် တောက်တဲ့က ကိုက်လိုက်သလို ထွက်ပြေးလို့ အလန့်တကြား အော်သလိုလို လုပ်ပါမယ် ။ လူတွေ အာရုံ အဲဒီဖက်ရောက်ချိန်မှာ ပေကြိုးဗူးခြင်း လဲပါပြီ ။ တိုင်းပေတော့ ကွက်တိပေါ့ နှစ်စိတ်လောက်တောင် ပိုသေး ဖြစ်သွားပါရောလား ။
ကဲ ပေကြိုးဗူးက အခု မြန်မာပြည်မှာ မရှိတဲ့ဗူး ဒါမှ မဟုတ် အလွန်ပါးနပ်တဲ့ အဝယ်ပညာရှင်ဆိုရင် တိုင်းဖို့ တုတ် သီးသန့် လုပ်လာပြီ ဆိုပါစို့ ။ လူလိမ်က လက်မလျော့ဘူးနော်။ ခေါင်းဆက်ပညာနဲ့ လိမ်အုံးမှာဗျ ။
ခေါင်းဆက်ပညာ ဆိုတာ တောက်တဲ့ ကိုင်ရင် လက်အိတ်နဲ့ ကိုင်ရပါတယ် ။ အဲဒီလက်အိတ်ထဲမှာ တောက်တဲ့ ခေါင်း အတုတခုရှိပါတယ် ။ တောက်တဲ့ရဲ့ လည်ပင်း ညစ်ကိုပြီး တိုင်းတဲ့အချိန်မှာ ခေါင်းအတုက ရှေ့ကို ထွက်နေပြီး မူလခေါင်းအစစ်က လက်ဖဝါးထဲမှာပဲ ရှိနေပါတယ် ။ တိုင်းတော့ ပြည့်ပြီပေါ့ ။
တောက်တဲ့ ပြန်လွှတ်ခါနီးမှာ လက်အိတ်ကို ဆွဲမချွတ်ပဲ လက်ကောက်ဝတ်ကနေ လှန်ပြီး ချွတ်လိုက်ပါတယ် ။ လက်အိတ်က အရေခွံ ခွါလိုက်သလို ကျွတ်လာတော့ ခေါင်းအတုလည်း လက်အိတ်ထဲ လိပ်ပြီးပါသွားပါရော ။ ခေါင်းအစစ်နဲ့ ကိုရွှေတောက်တဲ့ပဲ ထွက်လာတော့ ဆရာကြီးတွေလည်း သေတာပါပဲ ။
တောက်တဲ့ကို ဘာလို့ ဝယ်သလဲ ဆိုတဲ့ မေးခွန်းမှာ တိကျမှန်ကန်တဲ့ အဖြေ မသိရသေးပါဘူး ။ စမ်းသပ်ဖူးတဲ့ ကမ္မရွာက ကိုစိုးပြောတာကတော့ တောက်တဲ့ အစိတ်သားကို နှမ်းဆီအစိတ်သားနဲ့ ကြော်လိုက်ပါတဲ့ ။ ထွက်လာတဲ့ အဆီဟာ ဒူးနာ ခါးနာ ပျောက်ပါသတဲ့ ကမ္မက ထောက်ခံသူ ၄ ယောက် တွေ့ခဲ့ဖူးပါတယ် ။
နိုင်ငံခြားသားကတော့ ဒီလောက်စျေးကောင်းပေးဝယ်တာ အခြားရောဂါကုသဖို့ ဖြစ်ပါမယ် ။ တောက်တဲ့ရဲ့ ကိုယ်တွင်း အစိတ်အပိုင်း တခုကို ခွဲစိတ်ပြီး ထုတ်ယူတယ်လို့ ဆိုပါတယ် ။ တောက်တဲ့က မသေပါဘူး အဲဒီ ပစ္စည်း ထုတ်ယူပြီးသား တောက်တဲ့ကို ဝမ်းဗိုက်မှာ တက်တူးထိုးပြီး ပြန်လွှတ်ပေးပါတယ် ။ ဒါကြောင့် ဒီလိုတက်တူးအမှတ်ပါတဲ့ တောက်တဲ့ကို ပြည်တော်ပြန်လို့ ခေါ်ပါတယ် ။
ကျနော်သိတဲ့ တောက်တဲ့ အကြောင်းပါ မှားသည် မှန်သည် ကိုယ်တိုင်မလုပ်ဖူးလို့ မသိပါဘူး ဗဟုသုတ မျှဝေတဲ့ သဘောမျှသာ ဖြစ်ပါတယ် ။ မကွေးတိုင်းအတွင်းက တောက်တဲ့ဆိုရင် တော်ရုံဗဟုသုတရှိသူများ မဝယ်ကြပါဘူး ။ မလည်မဝယ်များသာ ဝယ်လေ့ရှိပါတယ် ။ ဝယ်တိုင်းလည်း အလိမ်ခံရပါတယ် ။
အဲဒီအချိန်မှာ ဦးမိုးက ဖုန်းဆက်ပါတယ် ။ ကျောင်းတော်ရာနားမှာ ရွှေကြွပ်(ရွှေဆတ်) ရှိတယ်ကြားလို့ စုံစမ်းခဲ့ပါတဲ့ ။ ဒါနဲ့ တချိန်က စန္ဒကူးနံ့သာကျောင်းတော်ရာ ဆိုတဲ့ အဆိုတော် ဗညားဟန်တို့ ရွာကို ရောက်ခဲ့ရပါပြီ ။
မေးမြန်းစုံစမ်းကြည့်တော့ ဆိုင်ကယ် ဘီးဖာတဲ့ ကိုစိန်လင်းဆိုတဲ့ မိတ်ဆွေဆီ ရောက်ခဲ့ပါတယ် ။ သူက မိတ်ဆက်ပေးတဲ့ အဂ္ဂိရပ်ဆရာတယောက်က ပြောပါတယ် ။ သူလုပ်နေတာ နိဗ္ဗာန်ရောက်ပြီတဲ့(ရွှေဖြစ်နေပြီပေါ့) ။ အဲဒါ အရင်းမရှိလို့ စပ်တူ လုပ်ချင်ပါသတဲ့ ။
အခေါက်ရွှေတကျပ်သား ထည့်ရင် နှစ်ကျပ်သားဖြစ်သတဲ့ ။ အားပါးတရ လာလိမ်နေပါရော ။ ဒါမျိုးဆို ဖဲ့ချင်နေတဲ့ ကျနော်ကလည်း အဲဒီ မူလတန်းအဆင့် လူလိမ်ကို ဒီလိုမေးလိုက်ပါတယ် ..........!

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)