သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈)

သတ္တုလောက နဲ့ သူရဲဖမ်းနေသူများ (၃၈)

"ကိုမျိုးပြောတာ သူတို့ လိမ်နေတယ်လို့ မသင်္ကာဖြစ်နေတာလား"
"တွေးကြည့်တာပေါ့ဗိုလ်မှူး ကြားဖူးတာတွေရှိနေလို့ပါ"
"အင်း သူတို့ လုပ်ပြတာ ရှင်းရှင်းလေးပါ နောက်ပြီး ပစ္စည်းရှင်ဆိုတဲ့ လူတွေကလည်း အရမ်းရိုးပါတယ် လေသံနားထောင် သိတာပဲ ပစ္စည်းကလည်း အစစ်ပါပဲ သေချာပါတယ်"
"ဟုတ်ကဲ့ပါ ကျနော်က နားမလည်ပါဘူး စိုးရိမ်လို့ပါ"
"OK ကျေးဇူးတကယ်တင်တယ် ဘာပဲပြောပြော စိုးရိမ်တယ်ဆိုတာကိုက ညီအကို သံယောဇဉ်ပဲကွ"
"ဟုတ်ကဲ့ ဗိုလ်မှူး ကျနော်လည်း မနက်ပြန်မယ်နော "
"ဟ နေအုံးလေ မင်းကို ငါ ငွေအများကြီး ပေးမှာကွ စောင့်အုံး "
"နေပါစေ ဗိုလ်မှူးကျေးဇူးပါပဲ ကျနော် မပြန်လို့ မရဖြစ်နေလို့ပါ "
"အေးကွာ ဒါဆိုလည်း အဆက်အသွယ်မပျက်စေနဲ့ ငါ့ဖုန်းကတော့ မပြောင်းဘူးနော်"
" ဟုတ်ကဲ့ ဗိုလ်မှူးကျေးဇူးပါပဲ"
နောက်တနေ့မှာ မကွေးက ဆရာကြီးက ရွှေကြွပ်ကိစ္စမေးပါတယ် ။ ဒါနဲ့ ဦးမိုးကလည်း ဆရာကြီး ဆီသွားပြီး နောက်ထပ် နမူနာယူခိုင်းပါတယ် ။ ဆရာကြီးဆီကို အကျိုးအကြောင်းပြောပြတော့ သူနဲ့ သွားဖို့ ချိန်းရပါတယ် ။ ကျနော်လည်း ဗိုလ်မှူးနဲ့ ကိုရွှေသီးတို့ကို နုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ် ။ မောင်လင်းကတော့ နေခဲ့လေရဲ့ ။
ဆရာကြီး နဲ့ ချိန်းထားတာက ကျောင်းတော်ရာမှာပါ ။ အဲဒီရောက်တော့ သူ့ညီအိမ်မှာ ခဏသွားကြပါတယ် ။ သူ့ညီနဲ့ စကားပြောရင်း ကျိုက်ထီးရိုးက လင်မယား နှစ်ယောက် ဂမ္ဘီရ ပစ္စည်း လိုက်ဝယ်နေကြောင်း ပြောပါတယ် ။ သူနဲ့ချိန်းထားတာ လိုက်တွေ့ပါတဲ့ ။
ကျောင်းတော်ရာရဲ့ အရှေ့ဖက်နားက လက်ဖက်ရည်ဆိုင်လေးမှာ တွေ့ကြပါတယ် ။ လင်မယား နှစ်ယောက် ကားအဖြူလေးနဲ့ ရောက်လာတယ်ဗျ ။ အသားဖြူဖြူ နဲ့ တကယ့် လူကြီးလူကောင်း ပုံစံ အပြည့်ပါပဲ ။
စကားစမည် ပြောရင်း သူတို့ဟာ ကျိုက်ထီးရိုးက ဟိုတယ်ပိုင်ရှင်ဖြစ်ကြောင်း ဓါတ်ပုံတွေနဲ့ ပြပြီး ပြောပါတယ် ။ ဂမ္ဘီရ ပစ္စည်းကို အမှန်ဝယ်မယ့်သူဖြစ်ကြောင်း ပြောကြပါတယ် ။ သူတို့နောက်မှာ ဘယ်ဘဏ်က သူဌေးရှိကြောင်း ပြောပါတယ် ။
ပြောရင်းသိလိုက်တာက ဒီလင်မယားဟာ တယောက်ယောက်ရဲ့ စကားနဲ့ အဟုတ်မှတ်ပြီး ရှာနေပုံပါပဲ ။ မကွေးမှာ အိမ်ငှါးပြီး ဂမ္ဘီရပစ္စည်း ရှာသတဲ့ ။ နောက်ပြီးသူတို့ သိထားတဲ့ ဂမ္ဘီရပညာအသိဟာ မူလတန်းအဆင့်ပဲရှိသေးတယ် ။ ကိုရွှေသီးတို့နဲ့ တွေ့ရင် ရူးသွားနိုင်တယ် ။
ကျနော်သိသလောက် အနည်းငယ်ပြောမယ်လုပ်တော့ သူတို့က ရှေ့ရောက်နေပြန်ရော ။ နောက် ကံခြင်း မတူကြောင်း ဒါတွေဟာ သီလ သမာဓိနဲ့လည်း သက်ဆိုင်ကြောင်း ပြောနေတော့ ကျနော်လည်း မပြောဖြစ်တော့ပါဘူး ။
ဒီနေရာမှာ ဒီလောကသားတွေ လွဲနေတာ ပြောပြချင်ပါတယ် ။ ရန်ကုန်မှာ ဂမ္ဘီရပစ္စည်းတွေ စမ်းရင် မအောင်ဘူး ရွှေတိဂုံရှိလို့တဲ့ ။ မန္တလေးကြ မဟာမြတ်မုနိ ရှိလို့တဲ့ ။ ကဲဘုရားမရှိတဲ့ မြို့ ရှိလို့လားဗျာ ။ တကယ်စွမ်းတဲ့ ပစ္စည်းဟာ နေရာ ဒေသမရွေးစွမ်းနေမှသာ မကြားဝံ့မနာသာတဲ့ စျေးပေးဝယ်မှာပေါ့ ။
ဥပမာ ကျည်ပိတ်ဝယ်မယ်ဆိုပါတော့ ဝယ်သူက ကိုယ်နဲ့မကွာဆောင်ထားရင် သေနတ်ပစ်မရဘူးဆိုပြီး ဝယ်တာလေ ။ အဲဒါကို ထမီအထက်ဆင်နဲ့ သေနတ်ကိုချည်ပြီး ပစ်လို့ ထွက်တာတို့ ၊ သေနတ်ကို အတိုနဲ့ ပစ်လို့ အရှည်နဲ့ပစ်လို့ ခုနကပြောသလို ရန်ကုန်မှာ ပစ်လို့. မန္တလေးမှာ ပစ်လို့ အစရှိတဲ့ စကားတွေဟာ သဘာဝယုတ္တိမရှိတဲ့ စကားတွေပါ ။
ဒါမျိုးစကားတွေကို ဖားဆွဲတွေ နဲ့ ဘာမှမသိပဲ အလိမ်ခံရတဲ့ ကြားပွဲတွေ အရှက်ပြေ စိတ်ဖြေတဲ့ အနေနဲ့ ပြောတတ်ကြပါတယ် ။ မိုးမျှော်ငရုတ်သီးမှန်ရင် တောင်ပေါ်စားလည်း စပ်ပါတယ် ရေထဲ ခေါင်းငုံ့စားလည်း စပ်ပါတယ်ဗျာ ။ သူများစကားနဲ့ လမ်းမဆုံးပါနဲ့ ။ ကျနော်တို့ဘုရားက ကာလမသုတ်ကို အပျင်းပြေ ဟောခဲ့တာ မဟုတ်ပါဘူး ။
ဒီလင်မယား နှစ်ယောက် မကွေးမှာ လူလိမ်ပေါင်းစုံကြား ငွေပေါင်းများစွာ ကုန်သွားပါတယ် ။ ကျနော်နဲ့ ဆရာကြီး ခရီးဆက်ကြပါတယ် ( တချိန်ချိန်မှာ ဒီနေရာဟာ တန်ဖိုးရှိလာနိုင်တာမို့ နေရာ တော့ အတိအကျမရေးတော့ပါဘူး)
သွားရင်းနဲ့ ဆရာကြီး အသိရဲ့ ရွာတရွာမှာ နားနေတုန်း အိမ်ရှင်က ပစ္စည်းတခု ပြပါတယ် ။
ခြသံလို့ ပြောပါတယ် အချွန်အတက်တွေနဲ့ သရဖူလိုလို ဘာလိုလိုပေါ့ ။ ရောင်းလို့ရသလားတဲ့ မေးပါတယ် အဂ္ဂိရပ်ဆရာတချို့တော့ တခါတခါ ဝယ်ပါတယ် အမြဲဝယ်တတ်တဲ့ နေရာတော့ မသိပါဘူး လို့ ပြောခဲ့ပါတယ် ။ ခြသံထွက်တဲ့ တောင်ပို့က ကျနော်တို့ သွားမဲ့ လမ်းဘေးတင်တဲ့ ဝင်ကြည့်သွားပါလား ဆိုပြီး နေရာကို ညွှန်လိုက်ပါတယ် ။
ဆရာကြီးက သူကျွမ်းကျင်တဲ့ နေရာဆိုတော့ ဝင်ကြည့်ပါတယ် ။ ထူးဆန်းတာတွေ တွေ့ရပါတယ် ။ အဲဒီခြသံ ထွက်တဲ့ နေရာက ခြတွေဟာ အမဲလေးတွေဗျ သာမန်ခြတွေလို အဖြူမဟုတ်ဖူး ။ နောက်ပြီး အဲဒီခြလေးတွေဟာ သံလိုက်တုံးနဲ့ ကပ်မိရင် သံတွေလိုပဲ သံလိုက်ဆီကို လိမ့်ပါလာပြီး ကပ်နေပါရော ။ သက်ရှိခြတွေဟာ သံဓါတ်အလွန်များနေတဲ့ လက္ခဏာပဲဗျ ။ ( ဂမ္ဘီရ စမ်းမယ်ဆိုရင် သံ နဲ့ ပြဒါးဟာ မိန်းပါပဲ ဒါကြောင့် သံလိုက်အမြဲဆောင်ထားရပါတယ် နောက် ကျားခေါင်း ဓါတ်မီးလိုပါတယ် ဒီခေတ်ထဲဝယ်ရတာ ဒေသတိုင်းမရပါဘူး)
ဒါနဲ့ ကျနော်တို့ ခရီးဆက်ကြပါတယ် ။ ဆရာကြီးက ရောက်ဖူးတော့ အေးအေးဆေးဆေးပါပဲ ။ တောင်ခါးပန်းက ကျောက်နမူနာယူပြီး ပြန်လာပါတယ် ။ အပြန်မှာ ရွာတရွာကို ဝင်ကြပါတယ် ။ အဲဒီအိမ်မှာ ကျနော်တခါမှ မတွေဖူးတဲ့ ဆေးရုပ်ဆိုတဲ့ အရုပ်လေးတွေ အများကြီး တွေ့ရပါတယ် ။ ၄" လောက်ရှိတဲ့ အရုပ်လေးတွေဟာ ၃၃ ရုပ်ရှိပါတယ် ။ နတ်တွေ ဘီလူးတွေ ဇော်ဂျီတွေ အစုံပဲဗျ ။
အဲဒါကို အိမ်ရှင်က ရောင်းနေပါတယ် ကျနော်က ဘာမှ နားမလည်ပါဘူး ။ ဆရာကြီးက လူတယောက်ဆီ ဖုန်းဆက်မေးပါတယ် ။ ဓါတ်ပုံတွေ ပြလိုက်တော့ ၇ သိန်းပေးမယ်တဲ့ ။ အိမ်ရှင်ဆီကနေ ဆရာကြီးက ၂ သိန်းပေးပြီး ဝယ်ခဲ့ပါတယ် ။ အပြန်မှာ ကျောက်နမူနာရယ် အရုပ်လေးတွေရယ် ယူပြီး မကွေးကို ပြန်လာခဲ့ကြပါတယ် ။
မကွေးလေဆိပ်အရှေ့ဖက်ကရွာ မှာ တည်းပါတယ် ။ နောက်တနေ့မှာ အရုပ်လေးတွေ သွားရောင်းပါတယ် ။ ၇ သိန်း ပေးပါတယ် ။ ဘာလုပ်ဖို့လည်း စပ်စုမိတော့ ဆေးကုတာတဲ့ဗျ ။ အဲဒါကို ဆေးရုပ်လို့ ခေါ်တာတဲ့ သစ်ဥ သစ်ဖုတွေနဲ့ ဆေးဖေါ်ထားတာလို့ ပြောပါတယ် ။ လောကကြီးမှာ နားမလည်တာတွေ အများကြီးပါလား ။
စကားပြောနေတုန်း ငလျှင်လှုပ်သွားပါတယ် ။ ကျနော်လည်း လန့်ပြီး ဟာ ငလျှင်လှုပ်တယ်ဆိုတော့ ဆရာကြီးက ငလျှင်မဟုတ်ဖူး ဒါ ဖြစ်နေကြတဲ့ ။ ဘာလို့ လှုပ်နေတာလည်း မေးတော့ ဆရာကြီးက ပြင်းအားကြီး ဗုံးတွေ စမ်းသပ်နေတာ ဖြစ်မယ်လို့ ပြောပါတယ် ။ အဲဒီ အချိန်တုန်းက တပတ်ကို ၂ ကြိမ် ၃ ကြိမ် ဖြစ်နေကြပါတဲ့ ။ မကွေးသားတွေ ပိုသိပါမယ် ။
နောက်ပြီး မကွေးလေဆိပ်ကနေ တပ်မတော် တိုက်လေယာဉ်တွေ နေ့ည မပျက် လေ့ကျင့်နေတာ အိပ်မရပါဘူး ( အကျင့်မှ မရှိတာကို နောက်ပြီး ဂျက်အင်ဂျင်သံဆိုတော့ အတော်လေး ကျယ်တယ်ဗျ) ။
ကျောက်နမူနာကို တောင်ကြီး ပို့ပေးရပါတယ် ။ ရပ်စောက်နဲ့ မကွေး တိုက်ရိုက်ကားမရှိပါဘူး ။ ဆရာကြီးကို ဆေးရုပ်အမြတ် ငါးသိန်းရတာ တဝက်ပေးတော့ မယူပါဘူး ခရီးစရိတ်အဖြစ် ထားလိုက်ပါတဲ့ ။ ဦးမိုးကို အဲဒီကိစ္စပြောတော့ ခင်ဗျား လူရိုးနယ်ခံနဲ့ တွေ့တာပဲ အဆင်ပြေအောင် ပေါင်းဗျ တဲ့ ။ ( တကယ်လည်း ရိုးပါတယ်ဗျာ)
ဦးမိုးဆီက ဖုန်းဆက်လာပါတယ် မကွေးနယ်ထဲမှာ သံစားကျောက် အတု လုပ်တတ်တဲ့သူ ရှိတယ်တဲ့ ။ ကိုရွှေသီးတို့လို မဟုတ်ဘူး တကယ်သံစားအောင် လုပ်နိုင်တယ်ကြားလို့ စုံစမ်းကြည့်ပါတဲ့ ။ ဆရာကြီးကို ပြောတော့ ဟာ ဒုံချောင်းဖက်မှာ ရှိတယ် ဒီကောင်တွေနဲ့လည်း ရင်းနှီးတယ်တဲ့ ။
ဒါနဲ့ နှစ်ယောက်သား ငဖဲနယ်ထဲ သွားကြပါတယ် ။ ပဒန်းမှာ ထမင်းဝင်စားကြပါတယ် ။ လမ်းကတော့ ခင်းလက်စဆိုတော့ အတော်ဆိုးဝါးလှပါတယ် ။ သွားရင်းနဲ့ ဒုံချောင်းဆိုတဲ့ ရွာကို ရောက်သွားပါတယ် ။ ပေပင်တွေ အစုလိုက်အပြုံလိုက်တွေ့ရတဲ့ နယ်ပါပဲ ။
ခြေတံရှည်အိမ်လေးမှာ တွေ့ချင်တဲ့ မောင်နိုင်ဆိုတဲ့ အသက် ၃၀ လောက် ကောင်လေးနဲ့ တွေ့ရပါတယ် ။ ဆရာကြီးက မောင်နိုင့်ကိုပြောပါတယ်
"ကဲ မောင်နိုင် လို တို ရှင်း ပြောမယ်ကွာ မင်းရဲ့ သင်္ဘောသီး နံပါတ် 2 လိုချင်လို့ ရှိသလား"
"ရှိတယ်ဆရာကြီး"
"ဒါဆိုအခုစမ်းပြကွာ"
"ရတယ် ခဏစောင့်"
ခဏနေတော့ ယူလာပါတယ် ရေဆေး အဝတ်နဲ့ ပွတ်ပြီး ကျနော်သံနဲ့ ကျနော်ကိုယ်တိုင် တင်လိုက်တော့ သံရဲ့ အောက်ကနေ အရည်စပျော်လာပြီး ခဏနေတော့ .......!
Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)