သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၉)

သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၉)

သံရဲ့အောက်က ထွက်လာတဲ့ အရည်တွေဟာ တဖြေးဖြေး များလာပြီး သံချောင်းကို ငါးကြော်သလို တဗွက်ဗွက်နဲ့ ဖြစ်နေပါရော ။ သံကလည်း တဖြေးဖြေးနဲ့ အရည်ပျော်သွားပါတယ် ။
ဒါက သဘာဝမကျဖူးဗျ ဝယ်လက်တွေ ကြိုက်မှာ မဟုတ်ပါဘူး ။ ဒါနဲ့ ဦးမိုးဆီကို ဖုန်းနဲ့ video ပို့လိုက်တော့ ဒါမျိုးဆိုရင် အရောင်းအဝယ်တော့ မဖြစ်နိုင်ဘူး ဒါပေမယ် နီးစပ်နေပြီ ဆက်လုပ်ခိုင်းကြည့်တဲ့ ။ ငွေလိုသလားမေးပါတယ် ။ မလိုသေးဘူးလို့ ပြောလိုက်ပါတယ် ။
ဒါနဲ့ ဒုံချောင်းသားတွေကို ရင်းနှီးပွင့်လင်းစွာ မေးတော့ ဒီနည်းက ကျောက်ထဲမှာ အရည်သွင်းထားတဲ့ နည်းပါတဲ့ ။ သူစဉ်းစားနေတာ ကျောက်ထဲကို ဆေးရည်တွေ ပေါင်းတဲ့နည်းနဲ့ သွင်းနိုင်ရင် ရလောက်သတဲ့ ။ သူ့မှာ အရင်းမရှိလို့ မစမ်းနိုင်ဘူးတဲ့ ။
အရင်းက ဘယ်လောက်လည်း မေးတော့ အက်ဆစ်ရိုင်း နှစ်ပုလင်း ငရဲမီး နှစ်ပုလင်း နဲ့ ကော့စတစ် တပိဿာတဲ့ ။ ဟင် ၁၀၀၀၀ိ တောင် မပြည့်ဖူးဆိုတော့ သူ့ကိုလည်း သနားသွားပါတယ် ။
ဒါနဲ့ ကျနော် ဝယ်ပေးလိုက်ပါတယ် ။ သူက နည်းပညာမပြောချင်ဘူးဆိုလို့ မမေးခဲ့ပါဘူး ။ သူ့ဘာသာ အဲဒီသုံးမျိုးကို အချိုးကျ စပ်ဟပ်ပြီး မြေအိုးထဲ ထည့်ပြီး ပေါင်းပါတယ် ။ ၃ ရက်ကြာပါတယ် ။ ပြီးတာနဲ့ ထပ်စမ်းကြပါတယ် သံက မပျော်ပါဘူး ဒါနဲ့ ဆရာကြီးက ကျောက်ကို ခွဲပြီး အတင်းသားအပေါ် ထပ်ပြီးတင်ပါတယ် ပြီးတော့ နောက်တခြမ်းနဲ့ အပေါ်က ထပ်ဖိပါတယ် ။
အံမယ် သံတော့ ပျော်စ ပြုလာပါတယ် ။ ကျနော်လည်း စိတ်ဝင်စားသွားရပါတယ် ။ ဒါဆို ဖြစ်နိုင်ခြေ များသွားပါပြီ ။ ဦးမိုးဆီ ပြောပြတော့ ထပ်လုပ်ဗျာတဲ့ ကုန်ကျစရိတ်က ဘာမှ မရှိဘူးလေ ။ ကဲ ဒါနဲ့ ထပ်လုပ်အောင် ပြောတော့ ဒုံချောင်းသားက ပြောပါတယ် ။
"ကျောက်တုံးကုန်နေပြီအကို"
"လမ်းခင်းနေတဲ့ ကျောက်တွေ အများကြီးပါကွာ"
"အဲဒီကျောက်တွေနဲ့ မရဘူးဗျ"
"ဟေ ဒါဆိုမင်းက ဘယကကျောက်နဲ့ လုပ်တာလည်း "
"တောင်ပေါ်မှာ ဘရိတ်ဒါးစားတဲ့ ကျောက်ရှိတယ် အဲဒါနဲ့ လုပ်မှ ရတာ "
"ဝေးသလား"
"သွားနိုင်မယ်ဆိုရင် နေ့ခြင်းပြန် ရောက်ပါတယ် "
"ဒါဆိုသွားယူရအောင် "
"တောနက်တယ် တယောက်ထဲ မသွားရဲဘူး"
"ငါလိုက်ခဲ့မယ် ဆရာကြီး မလိုက်နဲ့ အသက်ကြီးပြီ"
"ဒါဆို မနက်စောစော သွားမှ ရမယ်"
ကျနော်တို့လည်း မနက်အစောကြီး ၄:၃၀ လောက် ထမင်းထုပ် ရေဗူးတွေ မုန့်တွေနဲ့ ထွက်ခဲ့ကြပါတယ် ။ တောင်ခြေအထိ ဆိုင်ကယ်နဲ့ လာခဲ့ကြပါတယ် ။ တောင်ခြေ ချောင်းဘေးက လက်ဖက်ရည်ဆိုင်လေးမှာ ဆိုင်ကယ်ထားပြီး ချောင်းအတိုင်း လမ်းလျှောက်ခဲ့ရပါတယ် ။
အင်မတန်ကြည်လင်တဲ့ချောင်းဟာ ရေလည်း နက်ပုံရပါတယ် ဝါးဖောင်တွေ တွေ့ရလို့ပါ ။ ဒီလိုနဲ့ တောင်ပေါ်ကို တအိအိ တက်လာခဲ့ကြပါတယ် ။ လူတွေရဲ့ စိုက်ခင်းတွေနဲ့ ဝေးလာချိန်မှာ တောင်တက်လမ်းဟာ ဆိုးဝါးလာပါတယ် ။ အချို့နေရာတွေမှာ ဘေးဖက်ထောက် တက်ခဲ့ရပါတယ် ။
ရှမ်းပြည်က တောင်တက်လမ်းတွေဟာ အဆင်ပြေပြေတက်လို့ရပေမယ့် ချင်းအစပ်က တောင်တက်လမ်းဟာ မက်စောက် ခက်ခဲလှပါတယ် ။ ကျနော့်အတွေ့အကြုံအရ အဆင်းဆိုရင် သတိထားဆင်းရမဲ့ ကုန်းစောင်းတွေလည်းပါ ပါတယ် ။
ဝါးပင်အများအပြားပေါက်နေတဲ့ တောင်တက်လမ်းတလျောက်ကို တက်လာရင်း မီးလောင်ပြင်ဖြစ်နေတဲ့ ကွင်းကြီးကိုလည်း ဖြတ်ခဲ့ရပါတယ် ။ မီးလောင်ထားတာ အငွေ့တောင် ဟပ်နေသလိုပါပဲ ။ ငှက်တွေ အများအပြားတွေ့ရပါတယ် ။ မီးလောင်ပြီး သေထားတဲ့ အင်းဆက်တွေ ရှာနေဟန်နဲ့ မီးလောင်ပြင်မှာ အလုအယက် တက်ဆင်းရှာဖွေနေတာ တွေ့ရပါတယ် ။
လူလည်း အတော် ပန်းနေပါပြီ ဒီလိုနဲ့ တောင် နှစ်လုံးအကြားက ချောင်းလေးထဲမှာ ခဏနားပြီး မျက်နှာသစ် ခြေဆေးလုပ်နေမိပါတယ် ။ ဒုံချောင်းသားက အပေါ်မှာ တဲရှိတယ် အဲဒီရောက်မှ ထမင်းစားနားရအောင် ဆိုတာနဲ့ ဆက်ပြီး တက်ခဲ့ရပါတယ် ။
ဟုတ်ပါတယ် တောင်ယာခင်းနဲ့ တဲ တလုံးတွေ့ရပါတယ် ။ လူတော့မရှိပါဘူး ဒါနဲ့ တဲပေါ်တက်ကြည့်တော့ စားရေ ရိက္ခာအပြည့်နဲ့ သပ်ရပ်တဲ့ အနေအထားကို မြင်ရပါတယ် ။ ကန်စွန်းဥတွေပါ တွေ့ရသလို အသားခြောက်တွေလည်း ကြပ်တင်ထားတာ တွေ့ရပါတယ် ။
ဒုံချောင်းသားက မီးမွှေးပြီး အသားခြောက်တွေ ဖုတ်ပါတယ် ကန်စွန်းဥလည်း ပြုတ်တယ်ဗျ ။ သူ့အမျိုးလို့ ပြောတာပဲ အသားခြောက်ကလည်း ဘာသားမှန်းမသိဘူး စားလို့တော့ အတော်ကောင်းတယ် ( ဆာနေတာကိုး )
ထမင်းရယ် အသားခြောက်ရယ် စားပြီး ဗိုက်ပြည့်သွားလို့ ပြုတ်ထားတဲ့ ကန်စွန်းဥ ထည့်ယူခဲ့သေးတယ် ( ဝမ်းအပြင် အိတ်လွယ်ဆိုတာ ဒါမျိုး)
အပြန်မှ ပိုင်ရှင်ကို သူပြောမတဲ့ ။ ဒါနဲ့ ခရီးဆက်ခဲ့ကြပါတယ် ။ မှတ်မှတ်ရရ ကင်ပွန်းပင်တောထဲ ဖြတ်ရပါတယ် ။ ကြွေကျနေတဲ့ ကင်ပွန်းသီးခြောက်တွေကတော့ မြင်မကောင်းပါဘူး ။ ဒုံချောင်းသားက ကောက်လာသေးတယ် ရွာမှာ ရှားသတဲ့ ။
တောင်ယာတဲကနေ တနာရီလောက် ဆက်လျှောက်ပြီး တောင် နှစ်လုံးကြားထဲက သဖန်းပင်ကြီးနား ရောက်တော့ အက်ဆစ်ရိုင်းနံ့စရလာပါပြီ ။ ယခင် ရောက်ဖူးခဲ့တဲ့ ယော ဖက်က သွားရတဲ့ ချင်းတောင်တန်းပေါ်က အနံ့မျိုးပါပဲ ။
တောင်ကြားကနေ ဆက်သွားတော့ တဲကြီးတလုံးတွေ့ရပါတယ် ။ တဲဘေးကဝင်သွားတော့ တူးလက်စ တွင်းတခုတွေ့ရပါတယ် ။ အနံ့ကလည်း ပြင်းသထက် ပြင်းလှပါတယ် ။ လေတင်ကနေ နေမှ အဆင်ပြေပါတယ် ။ ဒုံချောင်းသားက ပြောပါတယ် တဲက ဒီကျောက်လာတူးတဲ့သူတွေ ဆောက်သွားတာတဲ့ ။
သူက ဘရိတ်ဒါးတင်ပြီး စမ်းပြပါတယ် ။ ဒါးကတော့ ကြွပ်ဆတ်သွားပါတယ် ။ ကျနော်လည်း သူအတုလုပ်တာ အခုမှ သဘောပေါက်မိပါတယ် ။ မူလကတည်းက အက်ဆစ်ဓါတ်ဒဏ်ခံနိုင်ပြီး အက်ဆစ်ဓါတ်ခံပါတဲ့ ကျောက်နဲ့ လုပ်ရတာကိုး ။ ကိုရွှေသီးတို့ လိမ်တဲ့ နည်းထက် သဘာဝပိုကျပါတယ် ။
ကျောက်ကို ပါလာတဲ့ စို့ နဲ့ တူနဲ့ ဖဲ့ကြည့်တာ မရပါဘူး အတော်လေး မာကျောတာ တွေ့ရပါတယ် ။ နာရီဝက်လောက် တလှည့်စီ ထုခွဲမှ အတုန်းငယ်တွေပဲ ထွက်ပါတယ် ။ လက်တွေလည်း ပေါက်ပြဲနေပါပြီ ။ ဒါနဲ့ ဟိုဟိုဒီဒီ ကြည့်မိတော့ ဘေးနားမှာ ၃/၄ ပိဿာလောက် အတုံးတွေ တွေ့ပါတယ် ( အရင်လူတွေ မကြိုက်လို့ ထားခဲ့တဲ့ အတုံးတွေပါ)
ဒုံချောင်းသားက အသေအချာကြည့်ပြီး ဒါဆိုရပြီလို့ ပြောပါတယ် ။ ဒါနဲ့ တယောက် တုံးယူခဲ့ကြပါတယ် ။ ခပ်သွက်သွက် ပြန်လျှောက်လာတော့ တောင်ယာ တဲ လေးဆီ ပြန်ရောက်ခဲ့ပါတယ် ။ လူပြန်ရောက်နေပါတယ် ။ ခဏနားပြီး ခုနက စားခဲ့တာအတွက် ပိုက်ဆံပေးတော့ မယူပါဘူး ရီနေပါတယ် ။ တမင်ခေါ်ကြွေးတောင် မင်းတို့ လာစားနိုင်မှာ မဟုတ်ဘူးတဲ့ ။ ဘာသားလဲ ဆိုတော့ တောင်ဆိတ်တဲ့ အဆီကတော့ ရောင်းစားလိုက်ပြီတဲ့ ။
ကျနော်တို့လည်း မှောင်မှာစိုးလို့ အမြန်ပြန်လာပါတယ် ။ တောင်ဆင်းလမ်းမှာ ပြန်လာတော့ လမ်းတဝက်မှာ ကျောက်က အတော်လေးလာပါတယ် ။ ပုခုံးပေါ်မှာ ဟိုဖက်ပြောင်း ဒီဖက်ပြောင်း ခဏခဏလုပ်နေတော့ ဒုံချောင်းသားက ကျောက်တုံး နှစ်ခုကိုပုဆိုးအပိုတွေထဲထည့်ထုတ်ပြီး ရေထမ်းသလို ဝါးနဲ့ ထမ်းလာပါတယ် ။ ကျနော်ကတော့ တူနဲ့ စို့ပဲ သယ်နိုင်ပါတော့တယ် ။
အဆင်းမှာ မတ်စောက်တဲ့နေရာတွေ ရောက်တော့ ဆင်းရတာ အတော်လေး ခက်ပါတယ် ။ တချို့နေရာတွေဆို ဖင်ဒရွှတ်တိုက် ဆင်းရတယ်ဗျ ။ တချို့နေရာဆိုရင် အောက်နားက ဝါးရုံတွေကြည့်ပြီး အချွန်အတက် မရှိဖူးဆိုရင် ပြေးဆင်းပြီး ဝါးရုံကို ကျောနဲ့ ကပ်မှီ အရှိန်သပ်ရပါတယ် ။ ကြုံခဲ့ဖူးသမျှ တောင်ဆင်းလမ်းထဲမှာ အဆိုးဆုံး လမ်းပါပဲ ။
တောင်ခြေက ချောင်းဘေးရောက်တော့ မှောင်စပြုနေပါပြီ ။ လက်ဖက်ရည်ဆိုင်မှာ ထားခဲ့တဲ့ ဆိုင်ကကယ်ပေါ်လဲ ထိုင်မိရော အတော် အမောပြေခဲ့ရပါတယ် ။ အိမ်ရောက်တော့ စိုးရိမ်တကြီး စောင့်နေရှာတဲ့ ဆရာကြီးကို တွေ့ရပါတယ် ။ မောမောနဲ့ ခဏနား ရေချိုးပြီး စားသောက် အတွေ့အကြုံပြောနေတုန်း ဒုံချောင်းသားက ကျနော့်ကို ဆေးလူးပေးပါတယ် ။
ကျနော်က အားနာလို့ ရပါတယ် ပြောတာ လက်မခံပါဘူး ။
အဲဒီနေရာထိ နေ့ခြင်းပြန် လျှောက်တာ ဒေသခံတွေပဲ ရှိတယ်တဲ့ ။ ဧည့်သည်တွေထဲမှာ ကျနော် ပထမဆုံး နေ့ခြင်းပြန် လမ်းလျှောက်တာတဲ့ ။
(ဒီနေရာက နာမည်ကြီးပါ သံစားကျောက်ရှာသူ အတော်များများ လာဖူးပါတယ် သူပဲ လိုက်ပို့နေကျပါ)
သူဆေးလိမ်းပေးနေရင်း ကျနော်အိပ်ပျော်သွားခဲ့ရပါတယ် ။ နောက်တနေ့မှာ လိုအပ်တဲ့ ကုန်ကြမ်းဝယ်ပြီး ကျနော်က အကြံပေးပါတယ် ။ ဆေးတွေကို မင်းတို့ အချိုးကျအတိုင်း နှစ်ဆတိုးပြီး ထည့်စပ်ဖို့နဲ့ ပေါင်းတာကိုလည်း နေ့ည ၂၄ နာရီ ပေါင်းဖို့ ပြောတော့ လက်ခံပါတယ် ။
အားလုံးပြင်ဆင်ပြီးတော့ ရေပုပ်အကြောင်း ရောက်သွားပါတယ် ။ ဆရာကြီးက ရေပုပ်တွေ မကွေးတိုင်းထဲမှာ ပေါပါတယ်လို့ ပြောပါတယ် ။ သူကိုယ်တိုင် သွားဖူးတာ ၃ နေရာရှိပါတယ်လို့ ပြောပါတယ် ။ ဒုံချောင်းသားက သူလည်း တွေ့ထားသတဲ့ ဆိုင်ကယ်နဲ့ သွားလို့ရတယ် ပြောပါတယ် ။
ဒါပေမယ့် သူတွေတဲ့ နေရာက ချောင်းအစပ်ဆိုတော့ ချောင်းရေထဲ ရောပြီး စီးနေတာလို့ ပြောပါတယ် ။ ဘယ်လိုယူလည်း မေးတော့ စလင်းအပ်အတုတ်နဲ့ စုတ်ယူလို့ ရသတဲ့ ။ ဒါနဲ့ ပေါင်းနေတုန်း စောင့်ရအတူတူ သွားကြမယ်ဆိုပြီး အဲဒီနေရာ သွားကြပါတယ် ။
တကယ်ပဲ ချောင်းအစပ်မှာ တွေ့ရပါတယ် ။ ချောင်းရေက ကြည်လင်နေသလို အဲဒီရေပုပ်က ဆန်ဆေးရေလို ဖြူပြစ်ပြစ်နဲ့ အတန်းလိုက်လေး ချောင်းထဲစီးဝင်နေတာ တွေ့ရပါတယ် ။ ဖြူပြစ်ပြစ်ထဲ အပ်မပါတဲ့ စလင်းနဲ့ ဆွဲစုတ်ယူပြီး ပုလင်းထဲ ထည့်ပါတယ် ။ မကြာပါဘူး ပုလင်းပြည့်သွားပါတယ် ။
ငွေဒင်္ဂါး စိမ်ကြည့်တော့ ၄ / ၅ စက္ကန့်နဲ့ ဝါသွားပါတယ် ဆက်ထားရင် ဝါရာကနေ မည်းသွားပါတယ် ။ သဲနဲ့ ပြန်ပွတ်ရင် ပြန်ဖြူလာပါတယ် ။ ဒုံချောင်းရောက်တော့ ပုလင်း အဖုံးဖွင့်ပြီး ပုလင်းအဝမှာ ငွေဒင်္ဂါးနဲ့ ပိတ်ထားလိုက်ပါတယ် ။ ခဏနေတော့ အောက်ဖက်က အငွေနဲ့ ထိနေတဲ့ မျက်နှာပြင် ဝါသွားပါတယ် ။ နောက်တဖက်လည်း အတူတူပါပဲ အငွေ့ထိတာနဲ့ ဝါသွားပါတယ် ။ အရေချည်း မဟုတ်ပါဘူး အဖတ်လေးတွေလည်း ပါလာပါတယ် ။
အဲဒီအရည်ယူထားပြီး မူလ အလုပ် သံစားအတု စမ်းရပြန်ပါပြီ ။ အင်မတန် မာကျောလှတဲ့ အက်ဆစ်ဓါတ်ခံပြည့်နေတဲ့ ကျောက်ထဲကို ငရဲမီး အက်ဆစ်ရိုင်း နဲ့ ကော့စတစ်တွေ ရောထားတဲ့ အရည်တွေနဲ့ နှစ်ဆတိုးပြီး ပေါင်းထားတဲ့ ကျောက်ကို ထုတ်ယူလိုက်ပါတာ် ။
အိုးထဲက ပူနေသေးတဲ့ ကျောက်ကို အေးသွားအောင် စောင့်ရပါတယ် ။ လုံးဝအေးသွားပြီဆိုမှ အဲဒီကျောက်ကို ဒုံချောင်းသားက လက်အိတ် နှထပ်နဲ့ ပလပ်စတစ် အုပ်ပြီး မဆွဲယူလိုက်ပါတယ် သူလည်း ကျောက်ကို ယူလိုက်ရော
"ဟာ အကိုရေ ..........!"

Credit:ကိုရွှေမျိုးဝင်း

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

အင်္ဂလိပ်နာမည်များနှင့်ဆိုင်သော သိမှတ်ဖွယ်ရာများ

1. Noun (နာမ်) (၅)