သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇)
သတ္တုလောက နဲ့ သရဲဖမ်းနေသူများ (၃၇)
"ခင်ဗျားက ရွှေတကယ်ဖြစ်နေပြီလား"
"သေချာပေါက် အာမခံတယ်"
"ဒါဆို ဒီလိုလုပ်ဗျာ ခင်ဗျားရဲ့ အိမ်နဲ့ ဝိုင်းကို စာချုပ် ချုပ်ထားရအောင် အကယ်၍ မဖြစ်ခဲ့ရင် ခင်ဗျားအိမ်ဝိုင်း အဆုံးထားလိုက်"
"သေချာတယ်ဆို "
"ဟာ ခင်ဗျားက လူစီးပဲ အကျိုးတူ လုပ်ချင်တာ ဒီလို စီးပိုးနေရင် ဘယ်ရမလဲ"
"ဒီမယ် ငါ့ဆရာ ခင်ဗျားထက် ကွမ်းကျင်တဲ့ အဂ္ဂိရပ်ဆရာတွေ အများကြီး သိတယ် မီးဖြတ်ထိုးတတ်တဲ့သူတောင် နောက်တကြိမ်မရတော့လို့ ရွာလည်နေတယ် ရွှေဖြစ်ထိုးနိုင်တဲ့သူအမှန်ဆိုရင် ရှယ်ယာခေါ်စရာ အဆင့်မဟုတ်ဖူး စိတ်မဝင်စားဘူး"
ကိုစိန်လင်းလည်း ပြုံးနေလေရဲ့ ။ ငွေပေးကြည့် ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ ဆုံးမှာပဲ ။ ရွှေဖြစ်ထိုးနိုင်ပြီဆို ဘယ်တော့မှ မမွဲတော့ဘူး ။ သွပ်သေထိုးနိုင်ရင် လာဒ်ရွှင်တယ် ။ ရွှေဖြစ်ထိုးနိုင်ပြီဆို သွပ်သေ ထိုးတတ်နေပြီ ။ လိမ်ပြောနေတာ သိသာပါတယ် ။
လာရင်းကိစ္စ ရွှေကြွပ် (ရွှေဆတ်) လာပြီး စုံစမ်းတာပါ ။ ကျောင်းတော်ရာနားက ရွာတရွာမှာ ရှိပါတယ် ။ ကိုစိန်လင်းနဲ့ လိုက်သွားပါတယ် ။ ဟိန္ဒူအဖိုးကြီးဆီမှာ တွေ့ရပါတယ် ။ မဲမဲ အတုံးကြီး ပါပဲ ။ လုံထဲက ထုတ်ထားတဲ့ အတိုင်းပါပဲ ။ မှတ်တင် ငရဲမီးခံပါတယ် ။
မန္တလေးက ပန်းထိမ်ဆရာက တကျပ်သား ၂ သိန်း နဲ့ ၅ ကျပ်သားဝယ်သွားသတဲ့ ။ ထပ်မလာတော့ဘူးဆိုလို့ စိတ်ဓါတ်ကျသွားပါတယ် ။ အဆင်မပြေလို့ မလာတာလို့ တွက်ဆရပါတယ် ။
ရွှေကြွပ် (ရွှေဆတ်) ဆိုတာ မှတ်တင် ငရဲမီး ခံသလို ရွှေအတိုင်း ဂုဏ်သတ္တိရှိပါတယ် ။ ဒါပေမယ့် ရွှေလို နန်းဆွဲမရပဲ ကျွပ်ဆတ်နေပါတယ် ။ ခပ်ပြင်းပြင်း ထုလိုက်ရင် အစိတ်စိတ် ကွဲသွားတတ်ပါတယ် ။ (ရွှေလို ပြားမသွားပါဘူး)
ခဲရောနေတဲ့ ရွှေလို့ ယူဆပါတယ် ။ အဲဒီခဲကိုလည်း ထုတ်ယူဖို့ နည်းပညာလိုပါတယ် ။ ကျနော် မလုပ်တတ်ပါဘူး ။ ဦးမိုးကို တွေ့ပြီလို့ ပြောတော့ သူ့မိတ်ဆွေနဲ့ လာပါတယ် ။ တကျပ်သားကို နှစ်သိန်းမပေးနိုင်ဘူး လျော့ပါအုံး ဆိုတော့ မလျော့ဘူးဗျ ။ ဒါတောင် သူ့မှာရှိတဲ့ ၈ ကျပ်သား အကုန်ဝယ်မှတဲ့ ။
ကျနော်လည်း အဲဒီနယ်ကိုနှံ့စပ်တဲ့ မကွေးဖက်က စစ်မှုထမ်းဟောင်း ဆရာကြီးကို ခေါ်ပြီး အကူအညီတောင်းတော့ ရောက်လာပါတယ် ။ ကျောက်နမူနာတောင် ပါလာသေးတယ် ။ အနက်ရောင်ကျောက်တွေပါ ။ အမှုံ့လုပ်ကြည့်တော့ အတော်လေး လေးပါတယ် ။
အဲဒါ ရွှေကြွပ် (ရွှေဆတ်) ထွက်တဲ့ ကျောက်ဆိုပြီး ပြောပါတယ် ။ လိုချင်ရင်ပြော သူလိုက်ယူပေးမယ်တဲ့ ။ ဦးမိုးတို့လည်း အဲဒါယူပြီး ပြန်သွားပါတယ် ။ ကျနော့်ဆီကို ကိုရွှေသီးက ဖုန်းဆက်ပါတယ် ။ စကုကိုဝင်ပြီး ပစ္စည်းတခု ယူခဲ့ပေးပါတဲ့ ။ ဖုန်းနံပါတ်တခု ပြောပါတယ် (စကုက ဖားဆွဲတယောက်ပေါ့) ။
စကုကိုဝင်ပြီး ဖားဆွဲ ပေးတဲ့ ကြေးရုပ်မျိုးစုံယူခဲ့ပါတယ် ။ ဖားဆွဲက အသားဖြူဖြူ ရုပ်သန့်သန့်ပါပဲ ။ စကားပြောတာကတော့ တော်ရုံလူ အရည်ပျော်လောက်ပါတယ် ( နာမည်တွေကို မရေးတာ နားလည်ပေးပါ ) ။
လူလိမ်ရွာကိုရောက်တော့ ပွဲရှိလို့ ပစ္စည်းကအရေးကြီးလို့တဲ့ ။ ကျနော်လည်း စကုသားပေးလိုက်တဲ့ ပစ္စည်းတွေ ထုတ်ပြီးပေးလိုက်ပါတယ် ။ ကိုရွှေသီးက ကြေးရုပ်တွေကိုကြည့်ပြီး တွေ့လား ခင်ဗျားတို့ဆို ပဲလှော်နဲ့ ရောင်းစားရမယ့် ကြေးရုပ်တွေ ကျုပ်တို့ဆီရောက်တော့ ငါးသိန်းကနေ သိန်း ရာချီ တန်သွားပြီ တဲ့( အင်း ဟုတ်လည်း ဟုတ်နေတာကိုး) ။
မကြာလှပါဘူး သူတို့လည်း လိမ်စရာရှိတဲ့ ပစ္စည်းတွေ ကြိုတင်ပြင်ဆင်ပြီးတော့ ဖားခေါ်လိုက်ပါပြီ ။ ညနေခင်းမှာပဲ လူနှစ်ယောက်ရောက်လာပါပြီ ။ ဟဲ ဟဲ စစ်တပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးဟောင်းတယောက်နဲ့ သူ့တပည့်ပါပဲ ။
ကျနော်တွေ့ဖူးထားတဲ့ စစ်ဗိုလ်တွေလိုပါပဲ စကားပြောကတော့ အတော်လေး ပြတ်သားပါတယ် ။ ကိုရွှေသီးက ကျနော့်ကို သစ်ရောင်းသူအဖြစ် မိတ်ဆက်ပေးပါတယ် ။ ဗိုလ်မှူးကလည်း သစ်စက်ထောင်ထားသတဲ့ ။
တိုတိုပြောရမယ်ဆိုရင် နှစ်ယောက်သား သစ်တောဌါနရဲ့ အတင်း ပြောရင်း ရင်းနှီးသွားပါတယ် ။ သူတို့ကို ကိုရွှေသီးက ထမင်းကျွေးပါတယ် ။ ထမင်းဝိုင်းမှာ ဂျင်းစထည့်ပါတယ် (သူတို့ခြင်း မသိကြပါဘူး စကုသားက လွှတ်လိုက်တာပါ) ။
"စားပါ ဗိုလ်ကြီး (စစ်တပ်ကဆို ဘာရာထူးလာလာ ဗိုလ်ကြီးပဲခေါ်တဲ့ ဒါမှ နားမလည်တဲ့ အရိုးခံ တောသားပုံ ပေါက်မတဲ့)"
"အေးဗျာ ပစ္စည်းက မနက်ဖြန်ရောက်မှာ သေချာလား"
"ရောက်မှာပါဗိုလ်ကြီး လွန်ခဲ့တဲ့ သုံးရက်က သွားခေါ်တာ အခု လမ်းရောက်နေပါပြီ"
( အမှန်က လက်လှည့်ဆရာက သူ့အိမ်ခေါင်းရင်းမှာ)
"ခင်ဗျား တွေ့ဖူးသလား"
"ကျနော်က နားမလည်ဘူး ဒီအိမ်မှာ စမ်းကြတာပဲ ဆိုင်ကယ်စက်စမ်းတာပဲ အောက်မှာ လုပ်တာ ကျန်တာ အပေါ်မှာ စမ်းတာပါ "
"သြော် ဘာလို့ အရောင်းအဝယ်မဖြစ်တာလည်းဗျ ပစ္စည်းက မအောင်လို့လား"
"ပစ္စည်းက အောင်တယ်ပြောကြပါတယ် နောက်က သူဌေး လိုက်မလာတာပါ"
"ကျနော်တို့ကတော့ စိတ်သာချ ပစ္စည်းတွေ့တာနဲ့ မပြန်တော့ဖူး အဆင်ပြေအောင်လုပ်သွားမှာ ခင်ဗျားက ထမင်းသာကျွေးထား"
"ထမင်းအတွက် ပူမနေပါနဲ့ ဒီအတိုင်းလာလည်း ရပါတယ်ဗိုလ်ကြီး"
"ပစ္စည်းရှင်နဲ့ သိသလား"
"မသိဘူး ဗိုလ်ကြီး ရွာထဲက ဆွေမျိုးနီးစပ်တော်တဲ့ ကောင်လေးက ချင်းတောင်ဖက်သွားရင်း တွေ့လာတာ"
"သူက ဘာလုပ်တာလဲ"
"လမ်းဖောက်တဲ့ အလုပ်ပါပဲ နေရာအနှံ့လျှောက်သွားနေရတာ တခါတခါ နှစ်နဲ့ချီပြီး အဆက်အသွယ်မရဘူး "
(လမ်းစဖျောက်နေတာပါ)
ကဲရွှေသီးရဲ့ အရှောင်အတိမ်း အင်တာဗျူးကို လေ့လာကြည့်နော် အရမ်းကျွမ်းကျင်လှပါတယ် ။ ဗိုလ်မှူးနဲ့ သူ့တပည့်ဟာ ရွာထဲမှာ လျောက်လည်တော့ ကျနော့ကို အဖေါ်ကြပါတယ် ။ ဗိုလ်မှူးက စကားပြောဖေါ်မရှိဖူးဗျ ။ တောကြိုအုံကြားက လူတွေနဲ့ စကားပြောရင် ၁၀ မိနစ်ဟိုဖက်ဆိုရင် ပြောစရာစကား ကုန်သွားပြီ ။
ကျနော်ကတော့ ဘာလာလာဒေါင်းသမား ဘောလုံးကြောင်း ပြောမလား ? မာရာဒိုနာ ဂူလစ် ကလင်းစမန်း အလန်ရှီးယား ဘက်ခန်း အိုဝင် ကနေ မက်ဆီ ဇီဒန်း နဲ့ ရွှန်းနီထိ အေးအေးဆေးဆေးပဲ ။ နိုင်ငံရေးလား ပုဂံခေတ်ကနေ ဦးသိန်းစိန်ထိ ပြောနိုင်ပါတယ် ။ စီးပွားရေးလည်း မန်နေဂျာအဆင့်ထိ လုပ်နေတာ့ လာထားပေါ့ ။
ဒီဗိုလ်မှူး တို့ ဆရာတပည့် နှစ်ယောက်က စိတ်ကောင်းတော့ ရှိတယ်ဗျ ။ ကိုရွှေသီးတို့မိသားစုက အိမ်ဝိုင်းအကျယ်ကြီးမှာ သားသမီး အိမ်ထောင်ခွဲတွေ စုနေကြတာပါ ။ ကိုယ့်အိမ်နဲ့ကိုယ်နေကြတာပေါ့ ။ ဆိုလိုတာက အိမ်ဝိုင်းထဲမှာ ကလေးပေါင်း ၉ ယောက်ရှိတယ် ။ အဲဒီကလေးတွေ အားလုံးကို လူစေ့ မုန့်ဝယ်ကျွေးတာ မနက်တခါ ညတခါဗျာ ။
ကိုရွှေသီးက မိတ်ဆက်ပြီးပြောထားတာက ကျနော်သည် သစ်သမားမျှသာ ဖြစ်ပြီး ဂမ္ဘီရပစ္စည်းတွေကို နားမလည်ဘူးတော့ ဒီလိုပြောထားခဲ့တော့ ကျနော် အကြံပေးလို့ မရတော့ဘူးဗျ ။
နောက်နေ့မှာ သုံးလေးရက်လောက် သွားခေါ်ရတယ်ဆိုတဲ့ ခေါင်းရင်းအိမ်က လက်လှည့်ဆရာ နဲ့ ရှေ့ထွက်သေတ္တာမှောက်ရယ် ရောက်လာပါပြီ ။ အိမ်ပေါ်မှာ ဓါတ်မီးစမ်းကြပါတယ် ။ ပြီးတော့ အိမ်အောက်မှာ ဆိုင်ကယ်စမ်းပါတယ် ။ နောက် အိမ်ပေါ်ပြန်တက်ပြီး အရုပ်ကို ဒါးနဲ့ခုတ်ပြီးစမ်းပါတယ် (အဲဒီအရာ ပြန်ပျောက်သွားပြီး မူလအသားအတိုင်း ဖြစ်ရပါတယ်)
အားလုံးစမ်းပြီးတော့ ရှေ့ထွက်က ချူဆီထည့်တော့ ၃ သိန်း ထွက်သွားပါတယ် ။ ဗိုလ်မှူး နဲ့ သူ့တပည့်က နောက် ၂ ရက်ကြာမှ ထပ်ချိန်းပါတယ် ။ ပစ္စည်းက ဘယ်လိုမှန်ကြောင်း | အတွင်းသားက ဒီလိုဖြစ်ရမှာ ဟိုလိုဖြစ်ရမှာ | ဒါမျိုးက ကံထိုက်မှရတာ ဘာညာတွေပေါ့ ။ ကျနော်အဖြစ်မှန်ပြောချင်တာ အူယွနေတာပါပဲ ။
ဒါပေမယ့် ပြောလို့မဖြစ်ဖူး ။ ပွဲပျက်သွားရင် ကျနော့်မှာ အန္တရာယ်ရှိတယ် ။ ဒီတော့ ပွဲမဖြစ်ခင် ကျနော်ပြန်မယ် ပြန်ခါနီးမှ ဗိုလ်မှူးကို အမှန်အတိုင်း ပြောပြဖို့ စိတ်ကူးခဲ့ပါတယ် ( အခြေအနေအရ ကိုယ့်လုံခြုံရေးလည်း စဉ်းစားရပါတယ်)
ဒီလိုနဲ့ ကိုရွှေသီးကို မေးမိပါတယ် ။
"ဒီလို အရာရှိဟောင်းတွေကို လိမ်တာ အန္တရာယ် မများဖူးလား"
"ကိုမျိုး ကျုပ်တို့ မလိမ်တဲ့သူ တမျိုးပဲရှိတယ်"
"အင်း ပြောပါအုံး ဘယ်လိုလူလဲဗျ"
"လိမ်မရအောင် လည်တဲ့လူပဲ မလိမ်တာ ကျန်တာကတော့ အဖေရင်းလည်း ငွေရမယ်ဆို လိမ်မှာပဲ"
"အင်း ဒီဗိုလ်မှူးက မလွယ်ဖူးထင်တယ်"
(မလိမ်စေချင်တာပါ)
"အေးဗျ ဒီလူက ကျုပ်မြေးတွေကို မနက် /ည ကျွေးနေတာ မြင်တော့ စိတ်တော့မကောင်းဘူး"
"ပြန်လွှတ်လိုက်ပါလား"
"မဖြစ်ဘူး ကျန်တဲ့သူတွေနဲ့ ပြဿနာ ဖြစ်မယ် အလကားပါဗျာ သတ်မယ့်နွား ချည်တိုင် ကြာကြာချည်မိတော့ သနားသလိုဖြစ်ရတာပါ ထမင်းစားဖို့ လိမ်ရမှာပဲ"
"တခြာနယ်ကို ထွက်လုပ်ပါလား"
"ဒီလိုဗျ ဂမ္ဘီရလောကမှာ ဒီနယ်ကနာမည်ကြီးပဲ ဝါရင့်နားလည်သူတွေ မလာကြဘူး ဒီနယ်အထိ လာသူဟာ 100% လူအတွေပဲ ပွဲဖြစ်ဖို့ များတယ် အန္တရာယ်ကင်းတယ်"
"ထားပါဗျာ ဗိုလ်မှူးဆီက ဘယ်လောက်ထွက်နိုင်မလဲ"
"၁၅၀ / ၂၀၀ ထွက်နိုင်တယ် ဒါပေမယ့် ၃၀ ပဲ လုပ်ယူမယ် သူ့ရဲ့ ကျုပ်မြေးတွေအပေါ် ထားတဲ့ စေတနာ ကြောင့်ပဲ"
ကျနော်လည်း ဗိုလ်မှူးတပည့်ကို ရိပ်ဖမ်းသံဖမ်း ပြောပြပါတယ် ။ သူလည်း ဇဝေဇဝါ ဖြစ်သွားပြီး ဗိုလ်မှူးကို ပြောပြတော့ ဗိုလ်မှူးက ကျနော့်ကို ရွာအပြင် အမြန်လမ်းက လက်ဖက်ရည်ဆိုင်ကိုခေါ်ပြီး ပြောပါတယ်
"ကိုမျိုးပြောတာ .......!"
Credit:ကိုရွှေမျိုးဝင်း

Comments
Post a Comment