လမ်းညွှန်ကို လမ်းညွှန်ခြင်း

လမ်းညွှန်ကို လမ်းညွှန်ခြင်း

ကျွန်တော် ရယ်ချင်မိတဲ့ အကြောင်းအရာလေးကို ပြောပြချင်ပါတယ်။ ကျွန်တော်က ဌာနစိတ်တစ်ခုရဲ့ (Department Head) ပါ။ မနေ့ကကျွန်တော် (Round Check) လုပ်နေတုန်း ကောင်တာထိုင်နေတဲ့ ညီမငယ်က (Inter-call) ခေါ်တာနဲ့ အောက်ထပ်ဆင်းလာတော့ လမ်းညွှန်တစ်ခုရဲ့ ညီမငယ်လေးနှစ်ယောက် ရောက်နေတာကိုတွေ့တယ်။ စားပွဲပေါ်မှာတင်ထားတဲ့ စာအုပ်ကြီးမြင်တာနဲ့ ကျွန်တော်သိလိုက်ပြီ။
သူတို့ရဲ့ (Directory) မှာ ကြော်ငြာထည့်ဖို့ပါ။ အခါတိုင်းတော့ (Promotion) ဆင်းလာတဲ့ (Marketing) သမားလေးတွေလာတိုင်း သူတို့ပြောတဲ့ ကုန်ပစ္စည်းအကြောင်းနားထောင်ရင်း၊ ကိုယ်သိချင်တဲ့ သိသင့်တယ်ထင်တဲ့ အချက်အလက်လေးတွေ၊ ဆက်သွယ်ရမယ့် နံပါတ်တွေ မေးထားလိုက်တယ်။ ပြီးမှ (GM) ကို ပြန်တင်ပြရတာပေါ့။
ဒီနေ့တော့ ရောက်လာတဲ့နှစ်ယောက်ထဲက စီနီယာဖြစ်ဟန်တူတဲ့တစ်ယောက်က ရှင်းပြတယ်။ ကျွန်တော်တို့နဲ့ လုပ်ငန်းအမျိုးအစားတူတဲ့ ဘယ်သူဘယ်ဝါတွေ ကြော်ငြာထည့်ကြကြောင်းပေါ့။ ပြောနေရင်းနဲ့ သူက မေးတယ်။ အစ်ကိုက (Decision) ချပေးနိုင်တဲ့သူလားတဲ့။ မဟုတ်ဘူးလို့ ပြောတော့ (Decision) ချနိုင်တဲ့သူနဲ့ တိုက်ရိုက်ပြောချင်ပါတယ် ခေါ်ပေးပါလားလို့ ပြောတယ်။ သူ မန္တလေးကိုပြန်ရဦးမှာမို့ အချိန်မရှိလို့ပါလည်း ပြောသေးတယ်။ သူပြောတာ သဘာဝကျပါတယ်။ ဒါပေမယ့် ကိုယ်လို ပါမွှားငတိ (Department Head) တစ်ယောက်တောင် အလုပ်မအားဘူးဆိုရင် လုပ်ငန်းတစ်ခုလုံး စီမံအုပ်ချုပ်နေတဲ့သူတစ်ယောက်က လုပ်လက်စ အလုပ်တွေ ပစ်ထားပြီး (Marketing) တစ်ယောက်ကို ထွက်တွေ့မယ်လို့ ထင်နေတာ လုပ်ငန်းအတွေ့အကြုံကြောင့်များလားလို့တောင် တွေးလိုက်မိသေးတယ်။
လူဆိုတာ ကိုယ့်လုပ်ငန်းကိုယ်၊ ကိုယ်လုပ်တဲ့အလုပ်ကို အောင်မြင်ချင်တဲ့သူတွေချည်းပါပဲ။ ကြော်ငြာတစ်ခုတည်းနဲ့ အောင်မြင်အောင် မလုပ်နိုင်ပေမယ့် အောင်မြင်စေတဲ့လမ်းတွေထဲက လမ်းမတစ်ခုဟာ ကြော်ငြာဆိုတာ နားလည်ပြီးသားပါ။ အောင်မြင်ချင်တဲ့ကျွန်တော်တို့အတွက် ကူညီပေးမယ့်သူဆိုတဲ့ဟန်မျိုးနဲ့ ရောက်လာတာပါ။ (Confidence) ရှိတာ ကောင်းပါတယ်။ (Over Confidence) ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးရှိတာပေါ့။
ကျွန်တော့်ရှေ့မှာရှိနေတဲ့ ညီမငယ်ပြောနေပုံက ကျွန်တော်လို ငတိတစ်ကောင်ကို ရှင်းမပြနိုင်ဘူး။ လေကုန်မခံနိုင်ဘူး၊ အချိန်ကုန် မခံနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ အချိန်မအားတဲ့ကြားက ကျွန်တော်တို့အတွက် သူရောက်လာပေးတဲ့ပုံပဲ။ အဲဒါနဲ့ ကျွန်တော်လည်း သူတို့မန္တလေးပြန်ချင်ရင် အေးအေးဆေးဆေးပြန်နိုင်အောင် (၃)ရက်လောက် ခွာချိန်းလိုက်တယ်။ သူပြောတဲ့ (Decision) ချနိုင်တဲ့သူက ခရီးထွက်နေလို့ အဲဒီအချိန်လောက်မှ ပြန်ရောက်မယ်ဆိုပြီးပေါ့။ သူက ကျွန်တော်တို့လူကြီးရဲ့ ဖုန်းနံပါတ်ကို တောင်းတယ်။ တချို့က ပေးတာကြိုက်တယ်။ တချို့က အပြင်လူစိမ်းတစ်ယောက်ကို သူတို့နံပါတ်ပေးတာ မကြိုက်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့လုပ်ငန်းရဲ့ (Visiting Card) လေးပေးပြီး နောက်(၃)ရက်လောက်နေရင် ပြန်ဆက်လိုက်ပါ၊ ဒါမှမဟုတ် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးပေးခဲ့ပါ၊ လိုအပ်ရင်လှမ်း ဆက်လိုက်ပါ့မယ်ဆိုပြီး ပြောလိုက်ရတယ်။ တကယ်တော့ သူပြောရမယ့် စကားကို ကျွန်တော် ပြောလိုက်တာပါ။ အစ်ကိုဆက်မှာ မဟုတ်ပါဘူးတဲ့။ နောက်ပြီး တခြားလုပ်ငန်းတွေဆို ဖုန်းနံပါတ်တောင်းရင် ပေးလိုက်တယ်၊ အစ်ကိုတို့က တစ်မျိုးပဲလို့တောင် ပြောသွားသေးတယ်။ လုပ်ငန်းရှင်တွေက တစ်ဦးနဲ့တစ်ဦး မတူကြဘူးလို့ ရှင်းပြရသေးတယ်။ အဲဒီကျမှ မပေးချင်ပေးချင်နဲ့ ကတ်တွေအများကြီးထဲက သူ့ကတ်လေးထုတ်ပေးတယ်။ မနက်ဖြန်တစ်ရက်တော့ ဒီမှာရှိသေးတယ်၊ ဆက်သွယ်လိုက်ပါလို့လဲ မှာသွားတယ်။ ဟမ်…ခုနကပြောတော့ ခုပဲ မန္တလေးပြန်ရတော့မှာလိုလိုနဲ့။ သူ့ကဒ်လေးကြည့်လိုက်တော့ (Asst:Advertising Executive)  ဆိုတဲ့ စာလုံးလေးက ထင်းလို့။ ကော့တော့ကော့တော့နဲ့ထွက်သွားတဲ့ သူတို့ကိုကြည့်ရင်း ပြုံးလိုက်မိတယ်ထင်တယ်။ တကယ်ဆိုရင်…
တကယ်ဆိုရင် သူတို့ ဒီကို မလာခင်ကတည်းက ဖုန်းဆက်ပြီး (Appointment) ယူထားသင့်တယ်။ ဒါမှသာ တွေ့မယ့်သူက အချိန်စီစဉ်လို့ရမှာပေါ့။
အချိန်မရလို့ဆိုတဲ့စကားသုံးသွားတာလဲ မှားပါတယ်။ တကယ်အချိန်မရရင်တောင် မသုံးသင့်ပါဘူး။ ကျွန်တော် သူတို့ကိုတွေ့တာ အချိန်တွေပိုနေလို့၊ အလုပ်တွေအားနေလို့ ဆင်းတွေ့တာမှ မဟုတ်တာ။
အစ်ကိုက (Decision) ချနိုင်သူလားဆိုတဲ့ မေးခွန်းက လုံးဝကို မလိုအပ်တာပါ။ စကားပြောရင်း (Focus) လုပ်နိုင်ရမှာပါ။ သူတို့တတွေ သွားတွေ့ခဲ့ကြတဲ့ လုပ်ငန်းတိုင်းက (GM) တွေ၊ (MD) တွေတိုင်းက သူတို့ကို ထွက်တွေ့ကြပါသလား။
(Decision) ချနိုင်တဲ့သူနဲ့သာ တိုက်ရိုက်ပြောချင်ပါတယ်ဆိုတဲ့ စကားက တော်တော်လေးကို အရုပ်ဆိုးပါတယ်။ ရှင်နဲ့ပြောဖို့ အဖက်မတန်ဘူး၊ ရှင့်အဆင့်နဲ့ ကျွန်မပြောတာ နားလည်မှာ မဟုတ်ဘူး။ ကျွန်မ ရှင့်လို (Level)နဲ့ အချိန်မဖြုန်းနိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ပါ။ တကယ်ဆို သူရှင်းပြရင် ငါးမိနစ်လောက်ပဲ ကြာနိုင်တာပါ။ ပြီးမှ (GM)ဖြစ်ဖြစ်၊ (MD) ဖြစ်ဖြစ် သူထပ်ပြောပြချင်ပါသေးတယ်ဆိုပြီး ခွင့်တောင်းသင့်တာ မဟုတ်လား။
ဘယ်သူတွေ၊ ဘယ်ဝါတွေတောင် ဖုန်းနံပါတ်တောင်းလိုက်တာ ပေးတယ် ဆိုတဲ့ ခိုင်းနှိုင်းမှုကလည်း မသုံးသင့်ဘူးလို့ ထင်ပါတယ်။ သူတို့တွေတောင် ပေးကြသေးတာ ဒီကကိန်းကြီးခမ်းကြီးနိုင်လှချည်လား၊ ဒါမှမဟုတ် ရှင်တို့ပါမွှားလေးက ဘာတွေ မာနကြီးနေတာလဲဆိုတဲ့ အဓိပ္ပါယ်ဖြစ်သွားနိုင်ပါတယ်။
တွေ့ခွင့်မရတော့တာ သေချာသွားရင် သူမတို့ဘက်က ဦးအောင် ဆက်သွယ်ရမယ့် နံပါတ်၊ (Visiting Card)ကို ပေးသင့်ပါတယ်။ ဆက်သွယ်ပေးပါနော်၊ ကျွန်မတို့လှမ်းဆက်သွယ်လို့ရအောင် အစ်ကိုတို့ကဒ်လေး ပေးလိုက်ပါဦး စသည်ဖြင့် ဖြစ်သင့်ပါတယ်။
အစ်ကိုတို့ ဆက်မှာမဟုတ်ပါဘူးလို့ ပိုင်ပိုင်နိုင်နိုင်ပြောနေခြင်းထက် ကျွန်တော်တို့နံပါတ်ကို နှိပ်လိုက်တာက ပိုပြီးခရီးတွင်မယ် မဟုတ်လား။
ထိုအချက်လေးတွေကို လမ်းညွှန်မှာ လုပ်နေသည့် ညီမငယ်လေးကို လမ်းညွှန်လိုက်ချင်ပါသည်။
 
                                                                                  လေးစားစွာဖြင့်
                                                                                                   ထူးအောင်ဝင့်

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်