ကျွန်တော်နှင့် ဟိုတယ်(၁)

 ကျွန်တော်နှင့် ဟိုတယ်(၁)

          ကျွန်တော်နှင့် ဟိုတယ်ဟူ၍ ခေါင်းစဉ်တပ်လိုက်သည်နှင့် ဟိုတယ်နှင့် ပတ်သက်ဆက်နွယ်သည့် အကြောင်းအရာလေးများအကြောင်းရေးတော့မည်ကို မိတ်ဆွေတို့သိပြီး ဖြစ်နေလိမ့်မည်။ ကျွန်တော် ကြုံတွေ့ ခဲ့ရသည့်၊ သိမြင်လေ့လာဖူးသည့် သင်ခန်းစာများကို ပြန်လည်ဝေမျှ လိုခြင်းသာ ဖြစ် သည်။
သင်ခန်းစာများဟုဆိုသော်လည်း ကျွန်တော်မှတ်သားခဲ့သည့် (S.O.P) များသာ ဖြစ်သည်။ ထို (S.O.P)(Standard Operation Procedure) များသည် (Front Office Manager) မသနာထံမှ သင်ယူလေ့လာခဲ့သည်များနှင့် ၎င်း၏မှတ်စုထဲမှ ကူးထားသည့် သင်ခန်းစာများဖြစ်သည်။ တချို့ကို အွန်လိုင်းရှိသူငယ်ချင်းများထံမှ တင်ထားသည်များကို ကူးယူမှတ်သားထားခြင်း ဖြစ်သည်။ တချို့မှာ အွန်လိုင်းတွင် တင်ထားသည့် (FO) နှင့် ပတ်သက်သည့် သင်ခန်းစာများကို ယူထားခြင်း ဖြစ်သည်။ (၂၀၁၄) သြဂတ်လတွင် (Front Office Operations Level-1) ကို တက်ရောက်သင်ကြားခဲ့သည့် သင်ခန်းစားများလည်း ပါသည်။ ကျွန်တော်၏ မှတ်စုစာအုပ်တွင် ကူးမှတ်ထားသည်များနှင့် ဗွက်ပေါက်နေပါတော့သည်။ မည်သည့်ဆရာ၊ မည်သည့်သင်ရိုးမှဟု တိကျစွာ မှတ်သားမထားမိ၍ ဆရာအမည်များကို ဖော်မပြနိုင်ခြင်းမှာ ကျွန်တော်၏ ချို့ယွင်းချက်ဖြစ်ပါသည်။ ကျွန်တော်ဖော်ပြသည့် အချက်အလက်တချို့ မှားယွင်းချွတ်ချော်ခြင်းသည် ပေါ့ဆစွာကူးယူမိသည့် ကျွန်တော့်အပြစ် သာ ဖြစ်ပါသည်။ ကြီးသည်၊ ငယ်သည်မဟူ ဟိုတယ်နှင့်ပတ်သက်လျှင် အားလုံးသည် ကျွန်တော်၏ ဆရာများဟုသာ သတ်မှတ်ပါသည်။ ရိုးသားစွာဝန်ခံရမည် ဆိုလျှင် ကျွန်တော်၏ ခံစားမှုလေးများကို သူငယ်ချင်းမိတ်ဆွေများအား အသိပေးဝေမျှလိုခြင်းသက်သက် ဖြစ်သည်။  
ပြန်စဉ်းစားကြည့်မည်ဆိုလျှင် အနည်းငယ် အံ့သြဖို့တော့ ကောင်းပါသည်။ ဟိုတယ်နှင့်ပတ်သက် သည့် အသိပညာဗဟုသုတဆို၍ ဘာတစ်ခုမျှ မရှိခဲ့သလို ဟိုတယ်သင်တန်း တက်ဖူးခြင်း မရှိဘဲနှင့် အလုပ်လျှောက်ခဲ့ခြင်းဖြစ်သည်။ ဟိုတယ်တွင် ဌာနမည်မျှရှိကြောင်းကိုပင် မသိခဲ့ချေ။ ကျွန်တော်၏ အလုပ်လျှောက်လွှာကို တင်ပေးသူမှာ ထိုဟိုတယ်ရှိ (Bakery)ဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ကိုဒေါမနစ် ဖြစ်သည်။ သင်တန်းတစ်ခုတက်ရင်း ခင်မင်ရာမှ ၎င်းအလုပ်လုပ်သည့် ဟိုတယ်ကို စိတ်ဝင်စားမိခြင်း ဖြစ်သည်။ ဟိုတယ်နှင့်ပတ်သက်သည့် ဗဟုသုတနှင့် ကျွန်တော့်အခြေအနေကို ရိုးသားပွင့်လင်းစွာဝန်ခံရင်း အလုပ်လျှောက်ဖြစ်သွားခြင်းဖြစ်သည်။ စိတ်ပိုင်းဖြတ်ထားသည်မှာ ငါလုပ်နိုင်တယ်၊ ရအောင် လုပ်မယ် ဆိုသော  စိတ်ဓာတ်နှင့် ဝင်လာခဲ့ခြင်း ဖြစ်သည်။
ဟိုတယ်ဆိုသည်မှာ လာရောက်တည်းခိုကြသည့် ဧည့်သည်များထံမှ အခကြေးငွေယူ၍ ၎င်းတို့အား မိမိတို့အိမ်ကဲ့သို့ အနားယူနေနိုင်ရန်၊ အစားအသောက်နှင့် လိုအပ်ချက်များ အား ဖြည့်ဆည်းပေးနိုင်ရန်၊ လုံခြုံစိတ်ချစွာတည်းခိုနိုင်ရန် ဖွဲ့စည်းထားသော နေရာ အဆောက် အဦးများကို ခေါ်ဆိုပါသည်။
ထိုအဓိပ္ပါယ်ဖွင့်ဆိုချက်လေးမျှပင် မသိဘဲနှင့် (I can do it) ဆိုသော စိတ်ဓာတ်တစ်ခုနှင့် ဝင်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ ကိုယ်လျှောက်မည့် လုပ်ငန်းတစ်ခုကို စိတ်မဝင်စားလျှင်တောင် တီးမိခေါက်မိတော့ အနည်းငယ် ရှိထားသင့်သည် မဟုတ်လား။ စိတ်ဓာတ်သည် အခြေခံအကျဆုံးနှင့် အရေးပါဆုံးဟု သတ်မှတ်နိုင်သော်လည်း စိတ်ဓာတ်တစ်ခုတည်းနှင့် အာင်ပွဲ မရနိုင်သည်က သေချာပါ သည်။
အောင်ပွဲဆီသို့ အမြန်သွားလိုပါလျှင် ထက်သန်ခိုင်မာသည့် စိတ်ဓာတ်နှင့်အတူ ကြိုတင်ပြင်ဆင်ခြင်း၊ လေ့လာခြင်းတို့ မလွဲမသွေ လိုအပ်ပါသည်။ သင့်စိတ်ထဲမှာ တည်ဆောက်ထားသည့် နန်းတော်ကြီးသည် လှပဆန်းပြားသော်ငြား လက်တွေ့နှင့် မပေါင်းစပ်နိုင်ပါလျှင် အပြင်လောက တွင် မြင်တွေ့ခွင့်ရဖို့ ခဲယဉ်း လှပါသည်။
ဤဆောင်းပါးသည် ကျွန်တော်၏ ချွတ်ယွင်းအားနည်းချက်များနှင့် လွဲချော်မှုများကို နောက်လူတို့ ဆင်ခြင်နိုင်ကြစေလို၍ ရေးသားခြင်းဖြစ်သည်။ ဟိုတယ်လောကကို စိတ်ပျက်စေလို၍၊ တစ်ဦးတစ်ယောက် အား ပုတ်ခတ်စော်ကားလို၍ ရေးသားခြင်းမဟုတ်ဘဲ ကျွန်တော်၏ ခံစားမှုများကိုသာ ရိုးသားစွာ စာစီခြင်း ဖြစ်သည်။ စာဖတ်ပြီးချိန်တွင် စိတ်အားတက်ကြွချင်မှ တက်ကြွလာမည် ဖြစ်သော်လည်း ကျွန်တော်၏ အမှားများကို ကွင်းကွင်းကွက်ကွက်သိမြင်၍ ရှောင်ကြဉ်နိုင်ကြမည်ဆိုပါလျှင် အကြပ်အတည်း၊ အခက်အခဲတချို့ကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
ကျွန်တော့်အတွက်မူ ဟိုတယ်လောကသည် မည်သည့်အသိုက်အဝန်းနှင့်မျှမတူသည့် ချစ်စရာကောင်းသည့် လောကတစ်ခု၊ ဘဝတစ်ခုလည်း ဖြစ်သည်။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်