ကျွန်တော်နှင့် ဟိုတယ်(၂)

 ကျွန်တော်နှင့် ဟိုတယ်(၂)

ကျွန်တော် အလုပ်လျှောက်ရန် စိတ်ကူးထားသည့် ဌာနမှာ ငွေစာရင်းဌာန ဖြစ်သည်။ မနက်သွား၊ ညနေပြန်မို့ လူအများနှင့် စကားများများပြောရန်မလိုဟု ထင်မိသော ဌာနလည်း ဖြစ်သည်။ သို့သော် လက်ဖက်ရည်ဆိုင်တွင်ထိုင်ရင်း (CV Form) တွင် မည်သည့် ဌာန ဦးစားပေးလျှောက် လျှင် ကောင်းမည် နည်း။ မည်သည့်ဌာနက အမြင့်ဆုံးနည်း စသည်ဖြင့် ကိုဒေါ(ဒေါမနစ်)ကို မေးကြည့်ပါသည်။ သူက ကျွန်တော့် မိတ်ဆွေကိုတော့ (FO) ကို လျှောက်စေချင်တယ်ဟု ပြောသည်နှင့် လျှောက်ထားလိုသည့် ဌာနတွင် (Front Office) ဖြစ်သွားသည်။ 
           ထိုအချိန်က (FO) သို့မဟုတ် (Front Office) ကို ဧည့်ကြိုဌာနဟုသာ ခေါ်တတ်သေးချိန်ဖြစ်သည်။ ဧည့်ကြိုဆိုသောနာမည်ကြောင့် ဌာနနှင့် တာဝန်၏အရေးပါမှုကို မသိသေးသော၊ ရိုးသားစွာဝန်ခံရလျှင် အထင်မကြီးသေးသော ကာလဖြစ်သည်။ ကျောင်းပြီး၍ ဘွဲ့ကြိုကာလတွင် ဆည်မြောင်းဌာနတွင် လုပ်အားပေးအဖြစ် နေ့စားဝင်ခဲ့ဖူးသောကြောင့် (Accounting) ကို ငွေစာရင်းဌာနဟု နှုတ်ကျိုးချိန် လည်း ဖြစ်သည်။ ဆန္ဒမှန်မှာ ငွေစာရင်းဌာနတွင် အလုပ်ဝင်မည်။ စကားများများ ပြောရသည်ကို မနှစ်သက်သော ကျွန်တော်က (Accounting) ကို ရွေးရန်စိတ်ဝင်စားခဲ့ခြင်းဖြစ်သည်။
သို့နှင့် လျှောက်လွှာကို သူငယ်ချင်းမှတစ်ဆင့် တင်ခိုင်းလိုက်သည်။ အင်တာဗျူးခေါ်သည့်နေ့တွင် ချိန်းထားသည့်အချိန်ထက် အနည်းငယ်စော၍ ကျွန်တော်ရောက်နေသည်။ (၁၂)နာရီခန့်ထင်ပါသည်။ ဟိုတယ်တွင်းသို့ ဝင်ရသည်မှာလည်း ဧည့်သည်များဝင်သည့်အရှေ့ဂိတ်မှမဟုတ်ဘဲ ညာဘက်ခြမ်း ရှိ ဘေးဂိတ်မှဖြစ်သည်။ ဖုန်းဆက်အကြောင်းကြားပေးသည့် ကိုဒေါ(ဒေါမနစ်)မှ သေချာ မှာထား၍   ဘေးဂိတ်မှ ဝင်ခဲ့ခြင်းဖြစ်သည်။ သူသာ ကြိုမပြောခဲ့လျှင် အရှေ့ဘက်ရှိ မိန်းဂိတ်မှ ဝင်သွားဖြစ်မည် ထင်သည်။ ညာဘက်ခြမ်းရှိ ဘေးဂိတ်သည်လည်း နှစ်ခုရှိသည်။ နောင်တွင် (Maintain) ဌာနဟု သိလာရသည့် အဆောက်အဦးဘေးရှိ ဂိတ်တံခါးတွင်ရပ်၍ ဝင်ရမည့်ဂိတ်ကို မေးလိုက်သည်။ အနောက်နားရှိ ဂိတ်ဖြစ်ကြောင်းသိရ၍ ဆက်လာခဲ့လိုက်သည်။ ဝန်ထမ်းအဝင်အထွက်လုပ်သည့် ဂိတ်တံခါးရောက်မှ လုံခြုံရေးကို အင်တာဗျူးလာဖြေသူဖြစ်ကြောင်း ပြောလိုက်သည်။ သူက အိတ်စတင်းရှင်းဖုန်းလေးဖြင့် လှမ်းအကြောင်းကြားပေးသည်။ ဖုန်းက တော်တော်နှင့်ခေါ်မရဖြစ်နေသည်။ အဆက်အသွယ်ရချိန်တွင် ၎င်းမှ ကျွန်တော်သွားရမည့်နေရာကို ညွှန်လိုက်ပြီး လုံခြုံရေးတစ်ယောက်ကို လမ်းပြခိုင်းလိုက်သည်။ ထိုနေ့က လုံခြုံရေဂိတ်တွင်တွေ့ရသူနှစ်ဦးအနက် တစ်ဦးမှာ (Staff Canteen) မှ ဦအေးလွင်ဖြစ်ပြီး ကျန်လုံခြုံရေးမှာ ဦးကြည်လင် ဖြစ်သည်။
ကျွန်တော် ပထမဦးဆုံးသွားရသည့်နေရာမှာ (Staff Canteen) ဖြစ်သည်။ ထိုကဲင်န်တီးတွင် ပဌာန်း(၇)ကျမ်းကို စာအုပ်မှဖြဲကာ ကပ်ထားသည်ဟု ယူဆရသည့် စာများရှိသည်။ မြောက်များလှစွာသော ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများဖြစ်သည်။ ယူနီဖောင်းမျိုးစုံနှင့် တစ်သုတ်ပြီး တစ်သုတ် ထမင်းလာစားကြသူ များကြောင့် ကဲင်န်တင်းသည် လူရှုပ်နေသည်။ ထိုနေ့သည် (Service Money) ပေးသောနေ့ဖြစ်ကြောင်းကို ဝန်ထမ်းအချင်းချင်းပြောနေကြသည့် စကားများထဲမှ သိလိုက်ရသည်။  အလုပ်ရှုပ်နေကြသဖြင့် အင်တာဗျူးသောအချိန်သည် ညနေ(၃)နာရီကျော်မှ ဖြစ်သည်။ ထိုအတောအတွင်း ဟိုတယ်ရှိ (Staff Canteen) တွင် ကပ်ထားသည့် ဝန်ထမ်းစည်းမျဉ်းများကို ဖတ်ခိုင်းထားခြင်းဖြစ်သည်။
ထိုစည်းမျဉ်းများတွင် (HOTEL) ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြသည့် စာကြောင်းများ မပါဝင်သည် ကိုလည်း ကောင်းစွာ အမှတ်ရနေပါသည်။ စကားလုံးတိုင်းတွင် ကိုယ်စားပြုသည့် အဓိပ္ပါယ်မျိုးစုံရှိသည်။ ၎င်းတို့မှာ…
(၁) Hospitality            (နွေးထွေးပျူငှာစွာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခြင်း)
(၂) Organization         (အဖွဲ့အစည်းဖြင့် တည်ထောင်ထားခြင်း)
(၃) Technique            (နည်းစနစ်တကျ လုပ်ကိုင်ခြင်း)
(၄) Effency                (ပြည့်စုံစွာ ပြုလုပ်ပေးခြင်း)
(၅) Loyality                (သစ္စာရှိခြင်း)
     တို့ဖြစ်လေသည်။
ဧည့်ဝတ်ကျေပွန် တို့တာဝန် ဆိုသော ဆောင်ပုဒ်လေးကို နှလုံးသားထဲ စွဲမြဲနိုင်ပြီ ဆိုပါလျှင်…။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
https://web.facebook.com/authorhtooaungwint

Comments

Popular posts from this blog

မြစေတီနှင့် ရာဇကုမာရ် ကျောက်စာ

မင်္ဂလာပါ

ပုဂံမြို့တော်